အိပ်စက်ခြင်းနှင့် အနာဂတ်


အိပ်စက်ခြင်းလို့ကြားလိုက်တာနဲ့ ဘာများရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေမှာလဲ။
ကျွန်မတို့နေ့စဉ် စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားပြီး ညရောက်တော့ အိပ်ပျော် သွားကြ တာပဲလေ။ နံနက်ရောက်တော့ အိပ်ရာ ထပြီးတော့ ပုံမှန် လှုပ်ရှားကြတာပဲ။ ဘာ အရေးကြီးလို့လဲ။ ဘာထူးဆန်းလို့လဲ။

ကလေးထိန်းနေရတဲ့ မိခင်တွေကတော့ဝန်ခံမှာပါ။ သူတို့ကလေးတွေ ကောင်း ကောင်း အိပ်ပျော်သွားပြီဆိုရင် အမေတွေအနားရပြီ။ သူတို့ အိပ်တုန်း အိမ်အလုပ်တွေ အမြန်ပြီး အောင် လုပ်တာဆိုတော့ ကလေးတွေသူ့အချိန်နဲ့သူ အိပ်ဖို့အရေးကြီးပါတယ်။

ဒါက ကျွန်မတို့က မိခင်တွေဘက်က စဉ်းစားပြီးပြောတာပါ။ ကလေးအတွက်ရော ဘယ်လို သဘောပါသလဲ။ ကောင်းကောင်းအိပ်၊ ကောင်းကောင်း စား၊ ကောင်းကောင်း ကစားတဲ့ ကလေး ဆိုရင်ကျန်းမာပြီးဥာဏ်ကောင်းတယ်လို့ အများကလက်ခံထားပါတယ်။

မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝမှာတော့ အိပ်မပျော်တာ မရှိသ လောက် ပါပဲ။ ဆေးကျောင်း မှာတော့နောက်နေ့ စာမေး ပွဲရှိရင် ဒီနေ့ညဆိုကောင်း ကောင်း အိပ် မပျော်ပါဘူး။ အတန်းတင်စာမေးပွဲဆိုရင် ဖြေရတာရက် ကဆက်တိုက် ဆိုတော့ပိုဆိုးတာပေါ့။ အိပ် မပျော်တော့ ခေါင်းက မကြည်လင်၊ မူးတူးတူးနဲ့ ညကဖတ်တဲ့စာတွေကလည်း မေ့ကုန် တာပေါ့။

ဒီလိုနဲ့ပဲ ဆရာဝန်ဖြစ်လာတာပေါ့။ အလုပ်သင်ဆရာဝန်ဘဝမှာတော့ နိုက်ဂျူတီကျတဲ့လူက နောက် နေ့နံနက်ဆေးထိုး၊ သွေးဖောက်လုပ်ရ တာလေ။ အဆိုးဆုံးက ကလေးတွေကို လုပ်ရ တာပေါ့။ နိုက်ဂျူတီမှာ လူကမအိပ်ရတော့ ခေါင်းကသိပ်မကြည်၊ ကလေးကလည်း အပ်မြင်ရင် ငို၊ ရုန်း ဆိုတော့ စ ဉ်းစားတာကြည့်ကြပါတော့။

တာဝန်ခံဆရာတစ်ယောက်ဖြစ်တော့လည်း နိုက်ဂျူတီဆင်းပြီး နောက်နေ့ဆိုအစည်းအဝေးမှာ အိပ်ငိုက်တယ်။ လူကလည်း နုံးနေတယ်။ ခါ တိုင်း တစ်ချက်တည်းနဲ့ အကြောဆေးထိုးတာ အဆင်ပြေတယ်ဆိုရင် နိုက်ဂျူတီထွက်မှာဆို တစ်ခါတည်းနဲ့ရလေ့မရှိပါဘူး။ နှစ်ခါသုံး ခါပြန် လုပ်မှအဆင်ပြေတတ်ပါတယ်။ အိပ်ရေးမဝတော့ မျက်စိကပဲဝါးသွားတာလား။ လက်ကပဲ ချော် သွားတာလား မပြောတတ်ပါ။ ဘာမဟုတ် တဲ့ကိစ္စလေးတောင် နိုက်ဂျူတီထွက်ဆိုရင် အဆင် မပြေပါ။ ဥပမာ-ကျွန်မက စနေ၊တနင်္ဂနွေတစ်ပတ်စာ ဈေးဝယ်လေ့ရှိပါတယ်။

စနေည နိုက်ဂျူတီထွက်ဈေးဝယ်ရင် ခရမ်းချဉ်သီးလုံးလေးတွေရွေးတာတောင် လူက နှေးနှေး ကွေးကွေးဖြစ်နေပါတယ်။ ဈေးထဲမှာလျှောက်နေ တဲ့ ခြေလှမ်းတွေလည်း သိပ်မသွက်ပါ။ နိုက် ဂျူ တီအထွက်ဆိုရင် တစ်ခါတလေ ည ၇ နာရီမှာ အိပ်သွားတတ်ပြီး နောက်နေ့နံနက် ၇ နာရီမှ နိုးလာလေ့ရှိပါတယ်။ လူက လူသေကောင်အလား အိပ် သွားပြီးမှ နောက်နေ့ မှာလန်း လန်းဆန်းဆန်းတက်တက်ကြွကွပြန်ဖြစ်လာတယ်။

ဒီလိုဆိုရင် နံနက်အိပ်ရာထတိုင်း လန်းဆန်းတက်ကြွနေအောင် တစ်နေ့ကို ဘယ်နှစ်နာ ရီအိပ် သင့်ပါသလဲ။ သိပ္ပံပညာရှင်တို့၏ အဆိုအရ ပုံမှန်လူလတ်အရွယ်ဆိုရင်တစ်နေ့ကို ၇ နာရီမှ ၉ နာရီအထိ အိပ်ချိန်ရှိသင့်တယ်လို့ ဆိုပါတယ်။ ကလေးဘဝမှာတော့ အစားပြီးကစား၊ ကစားပြီး အစား၊ပြီးတော့အိပ်ဆိုတော့ အပူအပင်မရှိ။ အိပ်ရင်တုန်းခနဲပေါ့။ အလုပ်ခွင်ဝင်တဲ့အရွယ် တွေဆို ရင် အလုပ်က အပူ အပင်တွေနဲ့ ဆိုရင် အိပ်မပျော်တာဖြစ်လာတတ်ပါတယ်။

အဲဒီမှာ သားသမီးအပူပါလာရင်ပိုဆိုးတာပေါ့။ အသက်ကြီးလာပြီဆိုရင် အသက် ၇ဝ ကျော် အရွယ်တွေမှာဆို အအိပ်အနေနည်း သွားတဲ့ သဘော ရှိပါတယ်။ ထစ်ခနဲအသံကြားရင် နိုးလာပြီးပြန် အိပ်လို့မရတော့တာမျိုး။ အအိပ်ဆတ်တာမျိုးဖြစ်လာတတ်ပါတယ်။ အသက်ကြီး တဲ့ လူတွေ မှာ အိပ်ဆေးလေး ကူရတတ်ပါတယ်။

ဒီလိုတစ်ရက်တလေ အိပ်မပျော်တာနောက်နေ့မလန်းဆန်းမတက်ကြွဘူးဆိုရင် ရက်ရှည် လ များ အိပ်မပျော်သော် ဘယ်လိုများဖြစ်သွားပါ့မလဲ။ မာချီပေါ်လီတက္ကသိုလ်မှ မိုက်ကယ် ဘယ် ဆီလီဆိုတဲ့ သုတေသီရဲ့တွေ့ရှိချက်ကတော့ အိပ်မပျော်တာကြာရင်ကျွန်မတို့ဦးနှောက်မှာရှိတဲ့ ဆဲလ် တွေပျက်စီးသွားပြီး ဒီမန်းရှားလိုမျိုး မှတ်ဥာဏ်လျော့ပါး လာသောရော ဂါဖြစ်နိုင်ပါ တယ်တဲ့။ အဲဒါဟာ အိပ်မပျော်ရင် ဆိုင်နပ်တွေကို အက်စကိုဆိုက်လို့ခေါ်တဲ့ ဦးနှောက် ဆဲလ် တစ်မျိုးက စားပစ်လိုက်တာကြောင့်ဖြစ်ပါတယ်။

သူကကြွက်လေးတွေကို အုပ်စုနှစ်စုခွဲပြီးစမ်းသပ်ပါတယ်။ ပထမအုပ်စုကို အိပ်မပျော်အောင် တစ်ချိန်လုံးလုပ်ထားပါတယ်။ ဒုတိယအုပ် စု ကိုတော့ သဘာဝအတိုင်းပဲ ပုံမှန်အိပ်စေပါတယ်။ တစ်စုံတစ်ခုသောကာလကြာတဲ့အခါ ပထမအုပ်စုမှာရှိ တဲ့ကြွက်တွေ ရဲ့ဦးနှောက်မှာရှိတဲ့ မှတ်ဥာဏ် ဆဲလ်တွေ ပျက်စီးကုန်တာတွေ့ရပြီး ဒုတိယအုပ်စုမှာတော့ ပုံမှန်ဆဲလ် တွေပဲ တွေ့ပါတယ်။

နှစ်ချီပြီး ကြည့်လိုက်တော့ ပထမအုပ်စုကကြွက်တွေဟာ မှတ်ဥာဏ်ဆဲလ်တွေ အတော် များများ ပျက်စီးပြီး မှတ်Óဏ်လျော့ပါး လာ တာတွေ့ ရပါတယ်။ ဒုတိယအုပ်စုကတော့ ပုံမှန် မှတ်ဥာဏ်ပဲဖြစ်နေတာပေါ့။ ဒါကြောင့်မို့ အိပ်မပျော်တာကြာရင် ဥာဏ်ရည် ဥာဏ်သွေးကျတဲ့ မှတ် ဥာဏ်လျော့ပါးသောရောဂါ ဒီမန်းရှားနှင့်အခြားအာရုံကြောချို့ယွင်းတဲ့ရောဂါ များဖြစ်လာ နိုင် တယ် လို့ ဆိုပါတယ်။ ဒါကိုမတ် လကုန် က ထုတ်ဝေ တဲ့ New Medical Life Sciences မှာ ဖော်ပြ ထားပါတယ်။

ဒီလိုဆိုရင် လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေ မှတ်ဥာဏ်လျော့ပါးသောရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ကြရပါမယ်။ အိပ်ချိန်လုံ လုံလောက်လောက်ဖြစ်အောင်လုပ်ကြရပါမယ်။ နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်ကြိုးစားရပါမယ်။ နှစ်ခြိုက်စွာ အိပ်ခြင်း သည်ပင်လျှင် ဥာဏ် ကောင်း ဆေးတစ်မျိုးလို့ မှတ်ယူရပါမယ်။

ကျွန်မတို့ကြိုက်တဲ့လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေဟာ အိပ် မပျော် စေသော ဓာတ်တွေပါတဲ့ အတွက်အဲဒါတွေ ကိုစား တာ၊ သောက်တာလျှော့ရပါမယ်။ အိပ်ခါနီး ကော် ဖီသောက်ရင် မျက်စိကြောင်နေမှာပေါ့။ နွေရာသီလိုမျိုးဆိုရင်အိပ်ခါနီးမှာ ရေအေးချိုး လိုက်၊ ပျဉ်ပြားပေါ်မှာ သင်ဖြူးဖျာလေးခင်း၊ လေဝင်လေထွက်ကောင်းတဲ့ကြိမ်ခေါင်းအုံးလေးနဲ့ ထန်း ဖူးယပ်တောင်လေးခတ်ပြီးအိပ်မယ်ဆိုရင် အိပ်လို့ကောင်းမှာပါ။ အိပ်ခါနီးမှာ ဗိုက် အရမ်းပြည့် အောင် ထမင်းမစားတာလည်း ကောင်းပါတယ်။

ဗိုက်တင်းရင်အိပ်မပျော်တတ်ပါဘူး။ရှေးလူကြီးသူမတွေ ဆုံးမသလိုပါပဲ။ဘုရားရှိခိုး၊ ခြေလက် ဆေးပြီး အိပ်ရာဝင်တာအကောင်း ဆုံးပါပဲ။တရား ထိုင်မှတ် ရင်လည်း ပိုပြီးကောင်းတာပေါ့။ လူကြီးတွေ ကပြောပါတယ်။ အိပ်ခါနီးရင် ဘုရားကန်တော့ ရှိခိုးမေတ္တာပို့အမျှဝေ သရဏဂုံ တင်ပြီး အိပ်ရာဝင်ရ မယ်တဲ့။ သဘောကတော့ ဘုရားဟောအတိုင်း ဆန့်သောလက်မကွေးခင်၊ ကွေးသောလက်မဆန့်ခင်ဆိုသလို အိပ်ရင်းနဲ့သေ သွားရင် သရဏဂုံတင်ပြီးသားဖြစ်တယ်တဲ့။ ဒီလိုမျိုးအားလုံးကိုသံယောဇဉ်ဖြတ်ပြီး နောက်ကြောင်းရှင်းရှင်းနဲ့အိပ်ရင် နှစ်ခြိုက်စွာ အိပ်ပျော် မှာပါ။

ဒီလိုဆိုရင် ကျွန်မတို့အားလုံး ကောင်းကောင်းအိပ်ပျော်ပြီး နောက်နေ့မှာ လန်းဆန်း ပျော်ရွှင် ဘလုပ်ငန်းခွင်ဝင်နိုင်မှာပါ။ ဥာဏ်ရွှင်တော့ စီးပွား လည်းတက်၊ ရာထူးလည်းတက်ဖြစ်မှာပေါ့။ နေ့စဉ်နေ့စဉ်ကောင်းကောင်း အိပ်ပျော်ရင်လည်း မှတ်ဥာဏ်လျော့ပါးတဲ့ ရောဂါကို ကာ ကွယ်ပြီး သားဖြစ်သွားမှာပါ။



ပါမောက်က္ခ ဒေါက်တာ ခင်ဖြူပြာ
မြ၀တီ
https://www.facebook.com/pg/mwdmedia/photos/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ