Anemia and Women အမျိုးသမီးနဲ့ သွေးအားနည်းရောဂါ


စာကနည်းနည်းရှည်လို့ မေးခွန်းတွေ မထည့်တော့ပါ။ ဆောရီး။

လူတိုင်းအသက်ရှူနေကြရတယ်။ ရှူသွင်းလိုက်သည့်လေထဲက အောက်စီဂျင်ကိုသုံးပြီး သွေးကို သန့်အောင်လုပ်ပေးဘို့ပါ။ သွေးထဲမှာ သွေးနီဥရှိတယ်။ သွေးနီဥမှာ အောက်စီဂျင်ကို အသုံးချနိုင်တဲ့ ဟီမိုဂလိုဘင်ဆိုတာမှာ သံဓါတ်ပါတယ်။ ဒါ့ကြောင့် သံဓါတ်နည်းတာကို သွေးအားနည်းတယ်လို့ ယေဘုယျခေါ်နိုင်တယ်။ သွေးစစ်ရင် Hb ဟီမိုဂလိုဘင် နည်းနေသည်လို့ အဖြေထွက်မယ်။ ဟီမိုဂလိုဘင်ဟာ ပုံမှန်အားဖြင့် ကလေးများမှာ ၁၁ မှ ၁၂၊ အမျိုးသမီးများမှာ ၁၁ မှ ၁၂၊ နဲ့ ယောက်ျားများမှာ ၁၃ မှ ၁၄ g/dl ရှိရပါတယ်။

သွေးအားနည်းရောဂါက တမျိုးမကရှိတယ်။ ခဏတာသွေးအားနည်းခြင်းနဲ့ နာတာရှည်သွေးအားနည်းခြင်း၊ နည်းနည်းဆိုးခြင်းနဲ့ များများဆိုးခြင်းဆိုပြီးရှိတယ်။ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်နေတာ၊ မောပန်းလွယ်တာ၊ နှလုံးခုန်မမှန်ဖြစ်တာ၊ အသက်ရှူမဝဖြစ်တာ၊ ရင်ပတ်နာတာ၊ ခေါင်းမူးတာ၊ ခြေလက် အေးစက်တာ၊ ခေါင်းကိုက်တာ၊ ဒီလက္ခဏာတွေရှိနေရင် သွေးအားနည်းနေပြီလို့ သိနိုင်တယ်။

အစားအစာထဲမှာပါတဲ့ သံဓါတ်အပြင် အခြားဓါတ်တွေနဲ့ ပရိုတင်းတွေကိုသုံးပြီး ရိုးတွင်းခြင်ဆီက သွေးနီဥကို ထုတ်ပေးတယ်။ ဒါ့ကြောင့် အစားအစာထဲမှာ ဒီဓါတ်တွေနည်းသူများ၊ ဒဏ်ရာ၊ ရောဂါတွေကြောင့် သွေးထွက်၊ သွေးယို၊ သွေးဆင်းသူများဟာ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

ရာသီသွေးဆင်းနေရတာကိုက သွေးအားနည်းစေတယ်။ နောက်ပြီး ကိုယ်ဝန်ရှိရင်၊ မစားနိုင်လို့-မစားတတ်လို့ အာဟာရနည်းသူတွေ၊ အစားအစာ ရွေးလွန်းသူ၊ အရက် ကြာကြာသောက်သူတွေ၊ Celiac Disease နဲ့ Crohn's Syndrome ဆိုတဲ့အူရောဂါတွေရှိရင်၊ အူကို အရှည်ကြီးဖြတ်ပြစ်ရသူ၊ နာတာရှည် ကျောက်ကပ်၊ အသည်း၊ ကင်ဆာ ရောဂါတွေရှိရင်၊ ဓါတုအဆိပ်မိသူတွေဟာ သွေးအားနည်းရောဂါ ဖြစ်စေနိုင်တယ်။ အေအိုင်ဒီအက်စ်၊ ရူမတွိုက် အဆစ်နာရောဂါတွေ ကြောင့်လည်း သွေးအားနည်းနိုင်ပါသေးတယ်။

အများဆုံးကတော့ သံဓါတ်နဲ သွေးအားနည်းရောဂါဖြစ်တယ်။ Iron deficiency anemia ဖြစ်ရင် သံဓါတ်ပါတဲ့ အစားအစာတွေ ရွေးစားရပါမယ်။ အစားအမျိုးအစားတွေကို ချင့်ချိန်နိုင်အောင် သံဓါတ်ပါတဲ့ ကိန်းဂဏန်းတွေနဲ့ တွဲမှတ်နိုင်ပါတယ်။ အသည်း (၇ဝ)၊ ပဲပုတ် (၅ဝ)၊ တခြားပဲ (၂ဝ-၂၅)၊ တိုဖူး (၂ဝ)၊ ဟင်းနုနွယ် (၂ဝ)၊ အမဲသား (၁ဝ-၂ဝ)၊ ကြက်အသား (၆)၊ ပေါင်မုံ့ (၆)၊ ဝက်သား (၄)။

သွေးအားကောင်းဘို့ စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေ အလွယ်တကူဝယ်ရပါတယ်။ ပုံမှန်သွေးအားနည်းနေတဲ့ အမျိုးသမီးတယောက်ကို သံဓါတ်ပါစားဆေး (၃) လကြာ ပေးသင့်တယ်။ အချိန်ကာလ ကြာကြာပေးရ-သောက်ရမှာမို့ ဈေးချိုတာ ရှာဝယ်ပါ။ သွေးအား ကောင်းစေတဲ့ဆေးတွေကို ဆေးကုမ္ပဏီတွေက အမျိုးမျိုးထုတ်တယ်။ သံဓါတ်တမျိုးထဲ၊ ဖေါလစ်အက်စစ်တွဲ၊ ဗီတာမင် (ဘီ) + (စီ) ပါ ရောထားတာလဲရှိတယ်။ Ferrous fumarate ဟာ Ferrous sulphate, Ferrous gluconate တို့ထက် သာတယ်။ သံဓါတ်ဆိုတော့ သံချေးနံ့ရလို တချို့က မကြိုက်ဘူး။ အပေါ်က သကြားအုပ်ဆေး ထုတ်တယ်။ ဆေးကိုမြိုမချတတ်သူတွေအတွက် ဆေးအရည်ထုတ်တယ်။ တချို့ကြ သံဓါတ်က ဝမ်းချုပ်တတ်လို့ ဝမ်းလွယ်အောင် အစားအစာကို သေချာ ရွေးစားသင့်တယ်။ သင်္ဘောသီး၊ မန်ကျီးမှည့်ဖျော်ရည်၊ ကန်ဇွန်းရွက်။

သံဓါတ်ထိုးဆေးဆိုတာ Imferon Iron Dextran Injection ဖြစ်တယ်။ ဆေးထိုးရင် ဂရုစိုက်ထိုးပေးရတယ်။ လူနာကို အိပ်လျက်နေစေပြီး၊ တင်ပါး အသားထူထူနေရာမှာ ခပ်နက်နက် ၄၅ ဒီဂရီစောင်းထိုးပြီး ဆေးထိုးအပ်ကို လမ်းကြောင်းပြောင်း နုတ်ယူရတယ်။ ဆေးထိုအပ်က သိပ်မကျဉ်းရ-မတိုရဘူး။ ဆေးထိုးပြီး မချေရဘူး။ အမဲကွက် ဖြစ်နေမှာစိုးလို့။ Drip ပုလင်းထဲ ဆေးထည့် သွင်းတာလဲ လုပ်နိုင်တယ်။ ဆေးမထိုးခင် ဆေးတည့်-မတည့်လဲ စမ်းရပါမယ်။ တချို့က မတည့်ဘူး။

သံဓါတ်အပြင် ဖေါလစ်အက်စစ် ခေါ် ဖေါလိတ် ခေါ် ဗီတာမင်ဘီ-၉ နည်းတဲ့ သွေးအားနည်းရောဂါ ဆိုတာရှိတယ်။ သာမန်အချိန်မှာ 400 mcg နို့တိုက်နေရင် 500 mcg ကိုယ်ဝန်ရှိရင် 600 mcg နေ့စဉ် လိုအပ်ပါတယ်။ Folic acid ပါတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲနို့၊ ဟင်းနုနွယ်၊ မုံညင်း၊ မုံလာအမျိုးမျိုး၊ အာလူး၊ ကြက်သွန်နီပင်၊ အစေ့အဆံများ၊ နေကြာစေ့၊ မြေပဲ၊ အသည်း-အမြစ်၊ နံနက်စာအဖြစ် စားလေ့ရှိတဲ့ ကောက်နှံ-ပြောင်း-ပြောင်းဖူးထွက် အစာများ၊ ပေါင်မုံ့၊ ဂျုံမှုံ့၊ ခေါက်ဆွဲ၊ ဆန်တွေဖြစ်တယ်။ ဖေါလစ်အက်စစ်ဟာ Spina bifida နဲ့ Anencephaly ခေါ် မွေးရာပါ ဦးနှောက်-အာရုံကြော ရောဂါတွေကို ကာကွယ်နိုင်ပါသေးတယ်။

နောက်တမျိုးက ဗီတာမင် ဘီ-၁၂ နည်းတဲ့သွေးအားနည်းရောဂါပါ။ တနေ့ကို 7 mcg လိုအပ်ပါတယ်။ နည်းနေရင် Vitamin 12 ထိုးပေးရမယ်။ များသောအားဖြင့် ထိုးဆေးက ပန်းရောင် ဖြစ်တယ်။ ရာသက်ပန်ထိုးပေးရမှာလဲရှိတယ်။ B-12 ဟာ သွေး အတွက်သာမက အာရုံကြောအတွက်လည်း အသုံးဝင်တယ်။ ဗီတာမင် ဘီ ၁၂ များတဲ့ အစားအစာတွေကတော့ ခရု၊ အသည်း၊ ကောက်နှံတွေ၊ ငါး၊ အမဲသား၊ ရောဂတ်ခေါ် ဒိန်ချဉ်၊ နွားနို့၊ ဥ၊ ကြက်သားတို့ ဖြစ်တယ်။

လူတယောက်မှာ RBC သွေးနီဥ စုစုပေါင်း ၂့၅ ထွီလီယန် ရှိနေတယ်။ စက္ကန့်တိုင်း သွေးနီဥအသစ်ပေါင်း ၁့၅ မီလီယမ်ကို ရိုးတွင်းခြင်ဆီက ထုတ်ပေးနေပါတယ်။ ရိုးတွင်းခြင်ဆီမကောင်းသူတွေမှာ Aplastic anemia နဲ့ ကင်ဆာနှင့်တူတဲ့ လူကီးမီးယားသွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ Aplastic anemia ဆိုရင် သွေးသွင်းပေးရတယ်။ ခေါ် ရိုးတွင်းခြင်ဆီ အစားထိုးပေးရတယ်။ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေဖြစ်လို့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေမှာ ဇာတ်လိုက်ကို ဒီရောဂါ ရှိတယ်လုပ်ပြီး သေခိုင်းတတ်တယ် မဟုတ်လား။

အချို့ဆေးဝါးတွေကြောင့်ဖြစ်ရတဲ့ Hemolytic anemia ဆိုရင် ပေးနေတဲ့ဆေးဝါးတွေကို ဆန်းစစ်ပြီး ရပ်သင့်ရင် ရပ်ပစ်ရမယ်။ စတီရွိုက်ဆေး လိုချင်လိုပါမယ်။ ဘေလုံးထုတ်ချင် ထုတ်ပေးရမယ်။ Autoimmune disorders ခေါ် ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ ခံနိုင်ရည်စနစ်ကြောင့် ဖြစ်ရတာဆိုရင် Immune-suppressing medications ဆေးတွေ ပေးရတယ်။ Sickle cell anemia, Thalassemia, Diamond Blackfan anemia, Fanconi anemia တို့ကတော့ မျိုးလိုက် ရိုးလိုက် ဖြစ်တယ်။ Sickle cell anemia လူနာအတွက် အောက်စီဂျင်ပေးဘို့ လိုနိုင်တယ်။

အိတ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်းတာဟာ သွေးဆင်း-သွေးထွက်များနေလို့ဖြစ်ရင် အကြောင်းရင်းကိုပါ ကုသပေးရပါမယ်။ လိပ်ခေါင်းကသွေးယိုတာ၊ ရာသီဆင်းများတာ၊ သွားဖုံး-နှာခေါင်းက သွေးယိုတာတွေပြောတာပါ။ အစာလမ်းကနေ မသိမသာ သွေးယိုဖန်များပြီး၊ ရက်တွေ၊ လတွေကြာမှ သွေးအား အလွန် နည်းနေတာမျိုး ဖြစ်တတ်တယ်။ ဝမ်းသွားတဲ့အထဲပါတဲ့ သွေးကို မျက်စိနဲ့ မမြင်နိုင်လို့ ဝမ်းစစ်မှတွေ့နိုင်တယ်။ ငှက်ဖျားကြောင့် သွေးအားနည်းသူတွေ မနည်းမနောရှိတယ်။

သွေးအားနည်းရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်။ အားအင်ကုန်ခမ်း မောပမ်းလွယ်မယ်၊ နှလုံးက ပိုပြီးခုန်ရလို့ Arrhythmia နှလုံးခုန်မမှန်ရောဂါ ဖြစ်လာနိုင်တယ်။ နှလုံးအရွယ်ကြီးလာနိုင်တယ်။ သွေးဖိအားကျပြီး အသက်ဆုံးသွားနိုင်တယ်။

သွေးအားနည်းတာနဲ့ ပရက်ရှာနည်းတာ မတူတာကို ခွဲသိထားစေချင်တယ်။ ခုချက်ချင်းကြီး သွေးယို-သွေးဆင်းသူကို သွေးဖိအားခေါ်တဲ့ ပရက်ရှာတိုင်းရင်တော့ နည်းနေတာကို တွေ့ရမယ်။ ရက်ကြာကြာ သွေးအား နည်းနေသူကိုတိုင်းရင် ပုံမှန်ဖြစ်နေမယ်။ ဒါ့ကြောင့် BP ကောင်းပေမဲ့ သွေးအားနည်းည်းနေနိုင်တယ်။ ဘာ့လို့လဲဆိုတော့ သွေးဖိအားဆိုတာ သွေးထုထည်နဲ့ ဆိုင်တာ။ လူတိုင်း သွေးထုထည် ၅ လီတာ အမြဲရှိနေတာ။ ရက်ရှည် သွေးအားနည်းသူတွေလဲ ၅ လီတာပေမဲ့ သွေးက ကျဲနေလို့ ရေရောထားတဲ့ဆေးတို့၊ အရက်တို့လို အာနိသင်နည်းနေရတယ်။ ဒါ့ကြောင့် ကာလရှည်ကြာ သွေးအားနည်းနေသူကို သွေးမသွင်းဘဲ၊ D5, NS, DNS ဆေးတွေ သွင်းပေးတာ အကြောင်းမထူးဘူး။ ဆီးပိုသွားတာသာရှိမယ်။

သွေးသွင်းကုသခြင်းဟာ အရေးပေါ်နဲ့ ဆိုးဝါးတဲ့ သွေးအားနည်းရောဂါတွေအတွက် အသက်ကိုကယ်နိုင်တယ်။ သွေးနီဥ ဆိုတာ ရက် ၉ဝ-၁၂ဝ သာ အသက်ရှည်ပြီး အသစ်ထပ်ထပ် ဖြစ်နေကြတာ။ ဒါ့ကြောင့် သွေးလှူရှင်တဦးဟာ ရက် ၁၂ဝ ဒါမှမဟုတ် ၄ လတခါ သွေးလှူဘဏ်က လက်ခံရင် စိတ်ချလက်ချ လှူနိုင်ပါတယ်။

သွေးအားနည်းရောဂါတွေက မနည်းပါ။ ပြန်ဖြစ်မလားဆိုတာ ဘယ်အမျိုးအစားလဲသိဘို့လိုမယ်။ ကုလို့ရတာကိုရော ကုသနေသလား။ ဥပမာ သံဓါတ်နည်းနေသူက သံဓါတ်အားဆေးသောက်နေသလား။ အိတ်ပေါက်နဲ့ ဖါးကောက်သလို မဖြစ်အောင် သွေးအားနည်းစေတာကိုကော မဖြစ်အောင်တားသလား။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ