3D VR Headset (Google Cardboard Box) မသုံးသင့်ကြောင်း


(Xenovia Member တွေကို သတိပေးချင်လို့ သေချာရေးဖြစ်တာပါ)
လက်ရှိမှာ VR Technology (Virtual Reality) ဟာ တဖြည်းဖြည်းနဲ့ ခေတ်စားလာပါတယ်။ 3D TV ဈေးကြီးလို့ လူတိုင်းမ၀ယ်နိုင်တဲ့အချိန်မှာ side by side Video တွေနဲ့ Cardboard box နဲ့ ဖုန်းထည့်ပြီး မျက်မှန်ကဲ့သို့ တပ်လိုက်ရင် 3D ကြည့်နိုင်ပြီဖြစ်လို့ အခုလို လူတိုင်းနီးနီး Smart Phone တွေကိုင်နေတဲ့ခေတ်မှာ 3D ကြည့်ဖို့အတွက် VR ဆိုတာ အရမ်းကို ခေတ်စားလာပါတယ်။
ဖုန်းသုံးပြီးကြည့်တာထက်ပိုပြီးကောင်းချင်သူများအတွက် Display နဲ့ control တွေပါပြီးသား VR Headset တွေ သီးသန့်တောင် ထုတ်လာကြတာ HTC Vive VR Headset ဆိုရင် $1500 လောက်အထိ ပေးနေရပြီဖြစ်လို့ TV အကောင်းစားတစ်လုံးလောက်ဖြစ်နေပါပြီ။ နောက်ပြီး Game သမားများအတွက်တောင် Steam လိုမျိုး အရမ်းအောင်မြင်တဲ့ Platform မှာ VR ကိုစတင်ပြီးထည့်နေပါပြီ။
VR ကို စမ်းဖူးသူများအနေနဲ့တော့ တကယ်ကို ကြည့်ရတာ အရမ်းကောင်းတဲ့ ခံစားမှုမျိုး နစ်မြောမှုမျိုးကို ခံစားရမှာပါ။ ဒီတော့ ဒီ နည်းပညာဟာ လူကြိုက်များလာတာ မထူးဆန်းပါဘူး။
ဒါပေမယ့် VR မှာ သတိပေးချက်တစ်ခု ပါပါတယ်။ ဒါကတော့
*** မိနစ် ၂၀ ထက် ပိုမကြည့်ဖို့ပါ ***
မိနစ် ၂၀ ပြီးတိုင်း မျက်စိကို အနားပေးဖို့လိုပါတယ်။ အထူးသဖြင့် အဝေးကိုကြည့်ဖို့၊ ၅ မိနစ်ခန့် နားပေးဖို့ စသည်ဖြင့်ပါ။
ကျွန်တော်အခု အဓိကပြောမှာအဲဒီအကြောင်းပါ။
===============================
လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းဟာ Normal Position ဆိုတာရှိပါတယ်။ လက်ချောင်းလေးတွေဆိုရင် ဖြောင့်ထားရင်းညောင်းသလို ဆုတ်ထားရင်လဲညောင်းပါတယ်။ ပုံမှန်အနေအထားက ကွေးကွေးလေးပါ။
ဒူးခေါင်းနဲ့ တံတောင်ဆစ်ဆိုလဲ ဒီလိုပါပဲ။ လုံးဝ ဖြောင့်ထားရင် ညောင်းသလို လုံးဝကွေးထားရင်လဲ ညောင်းပါတယ်။ ပုံမှန်အနေအထားက အနည်းငယ်ကွေးတဲ့ အနေအထားပါ။
အဲဒီလိုပဲ မျက်စိအတွင်းက မှန်ဘီလူးနဲ့ မှန်ဘီလူးကြွက်သားတွေရဲ့ ပုံမှန်အနေအထားဟာ အဝေးကြည့်ပါ။
ဟိုးအဝေးကို ငေးကြည့်နေရင် ဘယ်တော့မှ မျက်စိမညောင်းပါဘူး။
ဒါပေမယ့် ကြည့်တာက တဖြည်းဖြည်းနီးလာလေလေ မှန်ဘီလူးကြွက်သားတွေဟာ ကျုံ့ရလေလေ အလုပ်လုပ်ရလေလေဖြစ်လို့ နီးနီးကြည့်လေလေ ပိုညောင်းလေလေပါပဲ။
၅ ပေ ၁၀ ပေ အကွာက TV ကို ကြည့်တာနဲ့
၁ ပေ ၂ ပေ အကွာက Computer ကို ကြည့်တာနဲ့
၁ ပေ တောင် မကွာတဲ့ အနေအထားက Hand Phone ကိုကြည့်တာနဲ့
မျက်စိ အားစိုက်ရတာခြင်းလုံးဝမတူပါဘူး (ကြည့်တဲ့ Screen နဲ့ စာလုံးအကြီးအသေးပေါ်လဲ မူတည်ပါသေးတယ်)
ကျွန်တော်တို့ ပုံမှန် နေနေတဲ့ အခြေအနေကနေ Handphone ကို ၁ နာရီလောက် စသုံးရင်တောင် မျက်စိ အရမ်းညောင်းပါတယ်။ သုံးနေကျသွားရင်သာ ရေရှည်သုံးနိုင်တာပါ။ ဒါက ကြွက်သားတွေ အလေ့အကျင့်ဖြစ်သွားလို့ ခံနိုင်လာတာပါ။
ခံနိုင်လာတယ်ဆိုပေမယ့် ဒါဟာ ကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။
ဥပမာပေးရရင် ကျွန်တော်တို့ ဒူးတုတ်ပြီးထိုင်တယ် တရားနာတယ်ဆိုရင် ၁ နာရီလောက် ဆက်တိုက် ဒူးတုတ်ထိုင်ရင် ပြန်ဖြောင့်တဲ့အခါ လွယ်သလား။ ချက်ချင်းဖြောင့်မရတော့ဘူး အတော်ကို ကြိုးစားပြီး ဖြည်းဖြည်းချင်းဖြည်ရပါတယ်။
အဲဒီလိုပဲ ခြေလက်တွေကြိုးလို့ ကျောက်ပတ်တီးစည်းရရင် Normal Position ဖြစ်တဲ့ ကွေးကွေးလေး မထားမိပဲ စည်းမိရင် ပြန်ဖြည်တဲ့အခါ ခြေတွေလက်တွေဟာ အလုပ်လုပ်ဖို့ခက်ပြီး တောင့်နေ ကွေးနေတတ်ပါတယ်။
မျက်စိထဲက မှန်ဘီလူးကြွက်သားတွေလဲ ဒီလိုပါပဲ။ ဖုန်းတစ်လုံးကို ၃ ၄ နာရီမက အကြာကြီးသုံးပြီးတဲ့အချိန်မှာ အဝေးကို ဖြတ်ခနဲကြည့်လိုက်ရင် ၀ါးနေပါတယ်။ ဒါဟာ မှန်ဘီလူးကြွက်သားတွေ တောင့်နေပြီး ချက်ချင်း လိုက် မလျော့နိုင်လို့ဖြစ်တာပါ။ စက္ကန့်အနည်းငယ်ကြာမှ ပုံမှန် အဝေးကို ကြည်ကြည်လင်လင် ပြန်မြင်ရတာပါ။
အကြာကြီးမဟုတ်ပဲ ဖုန်းကို ၁ မိနစ်လောက်ပဲ သုံးပြီး အဝေးကိုကြည့်လိုက်ရင် အဲဒီလိုမဖြစ်ပါဘူး။
ဒီတော့ ကျွန်တော်တို့ဟာ အနီးတွေကို နာရီပေါင်းများစွာ အမြဲတမ်းအားစိုက်ပြီးကြည့်နေမယ်ဆိုရင် ကြွက်သားတွေရော မှန်ဘီလူးကပါ မူရင်းပုံမှန်အနေအထားကို ပြန်မသွားနိုင်တော့ပဲဖြစ်လာပါတယ်။ အဲဒီအခြေအနေဟာ အဝေးမှုန်တယ်ခေါ်ပါတယ်။
ဒါဟာ လူမျက်လုံးရဲ့ အလုပ်လုပ်ပုံပါ။
နီးနီးကြည့်လေလေ မှန်ဘီလူးထဲက ကြွက်သားတွေဟာ ပိုအလုပ်လုပ်ရလေပါပဲ၊
VR Headset တွေရဲ့ Viewing Distance ဟာ 10 cm လောက်ပဲရှိပါတယ်။
10 cm ဆိုတာ လူမျက်လုံးရဲ့ အနီးဆုံးကြည့်နိုင်တဲ့ အကွာပါ။ ဒီ့ထက်နီးရင် မှန်ဘီလူးကြွက်သားတွေဟာ ကြည်အောင်လို့ Focus မဖြတ်နိုင်တော့ပါဘူး။
10cm ဆိုတာတောင် လူငယ်တွေရဲ့ စွမ်းရည်ပါ။ အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း 50cm အထိ လျော့သွားပါတယ် (အနီးမှုန်လာတာပါ)။ ကြွက်သားတွေဟာ အဲ့ဒီလောက် အတင်းမကျုံ့နိုင်တော့ဘူးဆိုတဲ့သဘောပါ။ ဒါဟာ ပုံမှန်ဖြစ်စဉ်ပါ။
ဒီတော့ အနီးဆုံး အလုပ်လုပ်ရဆုံး အနေအထားမှာ အနားမပေးဘဲ အကြာကြီးကြည့်မယ်ဆိုရင် မျက်လုံးပေါ်မှာ ဘယ်လောက်အထိ ပြသနာပေးမလဲဆိုတာ တွက်ကြည့်လို့ရပါတယ်။
အခုတောင်မှ Handphone တွေကို ရေရှည်သုံးနေတာဟာ ကျွန်တော်တို့ မျက်လုံးတွေကို တီဗီကြည့်တာ ကွန်ပြူတာသုံးတာထက် ပြသနာပိုပေးနေပါတယ်။
VR Headset ကိုများ ရေရှည်သုံးမယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာပဲ အကန်းသာသာ ဘ၀ကိုရောက်ဖို့ အခြေအနေတွေ ပိုများလာမှာပါ။
ရုပ်ရှင်ကြည့်တယ် ဂိမ်းဆော့တယ်ဆိုရင်ဖြင့် ဘယ်သူကများ မိနစ် ၂၀ တစ်ခါ နားနိုင်မှာမို့လို့လဲ။
လက်ရှိမှာကိုပဲ VR Headset ကို တစ်နာရီခန့်တောက်လျှောက်သုံးပြီး အဝေးကိုကြည့်ရင် အတော်ကို အချိန်ယူပြီးမှ ပုံမှန်ကြည့်နိုင်သလိုဖြစ်လာတယ်ဆိုတာ စမ်းပြီးတဲ့သူလဲ စမ်းပြီးပါပြီ။ ကိုယ်တိုင် စမ်းသပ်ဖို့လဲ မခက်ပါဘူး။
လက်ရှိမှာတော့ ဒီနည်းပညာဟာ အသစ်ဖြစ်လို့ မျက်လုံးအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ မရှိသလဲ စမ်းသပ်ထားတာတွေ သိပ်မတွေ့ရသေးပါဘူး။ နောင် နှစ်အနည်းငယ်အတွင်းမှာ ဒီပြသနာဟာ VR Headset အတွက် အတော်ကို အရေးပါတဲ့ပြသနာဖြစ်လာမယ်လို့ ယူဆရတယ်။
အခုရေးထားတာတွေအားလုံးဟာ ဆရာဝန်တစ်ယောက်အနေနဲ့ သိထားတဲ့ ပညာတွေ၊ နည်းပညာသမားတစ်ယောက်အနေနဲ့ သိထားတဲ့ ပညာတွေ အားလုံးပေါင်းစပ်ပြီး သတိပေးခြင်းဖြစ်ပါတယ်။
စာကြွင်း-
ကျွန်တော်ရေးထားတာ လုံးဝ ဥသုံမှန်ပါတယ်လို့ မပြောနိုင်ပါဘူး။ မှားနေတာရှိရရင်လဲ ထောက်ပြနိုင်ပါတယ်။

Myawady Health
https://www.facebook.com/pg/myawadyhealth

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ