TB neck gland တီဘီအကျိတ်


တခုလောက်မေးချင်လို့ပါဆရာ။ သမီးအမေက လည်ပင်းမှာ အကျိတ်ပေါက်နေတာ တလကျော် နှစ်လလောက်ရှိပါပြီ။ အဲဒါနဲ့ ဆေးခန်းပြ ဆေးစစ်ကြည့်တာ xray, ultrasound နဲ့ သွေးစစ်ကြည့်တာ ဘာမှမတွေ့လို့ အဲဒီအကျိတ်ကနေ အသားစယူပြီး စစ်ကြည့်တာ တီဘီအကျိတ်လို့ အဖြေထွက်ပါတယ်။ fb မှာလည်း အမျိုးမျိုးတွေ့နေရတော့ တီဘီမဟုတ်ဘဲ တီဘီဆေးတွေသောက်ပြီး ဒုက္ခရောက်မှာ စိုးရိမ်လို့ပါဆရာ။ အမေကအသက် ၅၇ ပါဆရာ။ ချောင်းဆိုးတာတို့ ဘာတို့တော့ မရှိပါဘူးရှင့်။ အညော်မိရင်တော့ အဲဒီအကျိတ်နေရာက တင်းလာပြီး နည်းနည်းနာသလိုလို ဖြစ်တယ်လို့တော့ ပြောပါတယ်ဆရာ။ ကူညီပြီးဖြေကြားပေးပါဦးနော်။ ဆရာ့ရဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း သိပါရစေရှင့်။

ဘိုင်အော့်ပစီ ခေါ် အသားစဖြတ်ယူစစ်ဆေးတာထက် မှန်တာ မရှိပါ။ ဖေ့စ်ဘွတ်အဖေထက် မှန်တယ်။

တီဘီအကျိတ် အဖြစ်များကြတယ်။ ကလေးတွေပိုများတယ်။ မကြာသေးခင်က အရွယ်ကောင်း မိန်းကလေးနှစ်ယောက်မှာ လာတွေ့သေးတယ်။ တီဘီ ဘယ်နေရာမှာဖြစ်ဖြစ် ဆေးပါတ်လည်ရင် ပျောက်ပါတယ်။ တီဘီအကျိတ်က မခွဲရတတ်ပါ။ ပိုးမရှိတော့ပေမဲ့ အကျိတ်က တော်တော်နဲ့ မပျောက်ရှိလဲ ကိစ္စမရှိပါ။ သက်သာလာတာနဲ့ လူက ဝလာမယ်။ စားလာမယ်။ ကိုယ်အလေးချိန်တိုးတာဟာ ရောဂါအခြေအနေ ကောင်းလာတာကိုပြတယ်။

ငယ်ငယ်တုံးက နှာစေး၊ နှာရည်ယိုတာကနေ တီဘီပိုး၊ တခြားပိုးတွေ ဝင်လာခဲ့မယ်။ အဲဒီကနေ တက်စေ့ (လင့်ဖ်-နုတ်) တွေဆီ ရောက်လာတယ်။ အာသီးရောင်မယ်။ တက်စေ့ရောင်တာမှာ အများကြီး လိုက်ရောင်တာနဲ့ နေရာကွက် ရောင်တာ နှစ်မျိုးဖြစ်နိုင်တယ်။

1. Generalised Tubercular Lymphadenitis များသောအားဖြင့် လည်ပင်းအကျိတ်တွေမှာ လာဖြစ်တယ်။ နာတာရှည် သဘော ဖြစ်တာ များတယ်။ အင်္ဂါအစိတ်အပိုင်းတွေဆီ ရောဂါ မရောက်တတ်ဘူး။ ကလေးက အစားပျက်၊ သိပ်မဆော့နိုင်၊ ပိန်၊ လျှာကွဲ၊ နဲနဲကိုယ်ပူ၊ ညနေပိုင်းမှာ ပူတာများတယ်။ ခေါင်းချွေးထွက်မယ်။

2. Local Tubercular Adenitis အဖြစ်များတယ်။ လည်ပင်းမှာဘဲ အများဆုံးဖြစ်တယ်။ ကလေး-လူကြီးဖြစ်မယ်။

အကျိတ်က တဖြေးဖြေးကြီးလာမယ်။ တချို့ကြက်ဥလောက် ရှိတယ်။ ရောင်တဲ့လက္ခဏာတွေရှိလာမယ်။ နီ-နာ-မာ-ပူ-ရောင်။ တချို့မှာ ပြည်တည်လာတယ်။ ပြည်အရောင် မတူတာတွေရှိနိုင်တယ်။

တချို့ ကလေး-လူငယ်တွေမှာ ဗိုက်ထဲက တက်စေ့မှာ လာဖြစ်ကြတယ်။ Tabes Mesenterica ခေါ်တယ်။ တချို့မှာ အူသိမ်တီဘီနဲ့ ရောနေတယ်။ ဗိုက်နာ-ဖျားလို့ စစ်ရင်းမှ တွေ့လာတတ်တယ်။ ဝမ်းပျက်တာ၊ အားယုတ်တာတွေလဲ ရှိမယ်။ အူတီဘီ ဖြစ်တဲ့သူရဲ့ ဗိုက်ကို သေသေခြာခြာစမ်းရင် ဂျုံနယ်နေရသလိုရှိတယ်။ မျက်တွင်းချိုင့်နေတတ်တယ်။ အသားအရေ ခြောက်မယ်။ တီဘီအကျိတ်ရောင်သူတွေက သူများကို မကူးစက်ပါ။ သလိပ်ထဲ ပိုးတွေ့တာနဲ့ ရောနေရင် သူများကို ကူးနိုင်တယ်။ တီဘီဆိုတာ ပိုးပါတဲ့ နွားနို့ကနေလဲ ကူးစက်လာနိုင်တယ်။ ကနေ့ခေတ်မှာ တီဘီ ဆေးတွေ အလွန်ထိရောက်ပါတယ်။ ၃ လ၊ ၆ လ၊ ၉ လ၊ ကုရပါတယ်။ Isoniazid, Rifampin, Pyrazinamide နဲ့ Ethambutol တွေက အသုံးများတယ်။ ဆေး အနည်းဆုံး ၂ မျိုးတွဲပေးတယ်။ တချို့ ၄ မျိုး တွဲပေးရတယ်။


Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ