Hoarseness of voice အသံဝင်နေလို့ပါရှင့်


၁။ ကျွန်မ အသံဝင်နေတာ တနှစ်ပြည့်ပြီ။ လည်ချောင်းဆရာဝန်နဲ့ပြတော့ ရင်ကြပ်လို့ လည်ချောင်းမှာ ဘာမှမရှိဘူး ပြောပါတယ်။ ယခုရိုးရိုးဆေးခန်းမှာ ရင်ကြပ်တာပြတာ ရက် ၂ဝ တခါ ဆေးထိုးပေးလို့သက်သာနေပါတယ်။ ညာဘက် အာခေါင်မှာတော့ ပြည်တည်နေတယ်ဆရာ။ ဆားရည်နဲ့တော့ အာလုတ်ကျင်းပေးပါတယ်။ ဆေးထိုးလို့ရင်ကြပ်တာ သက်သာပေမယ့် အသံဝင်တာ လုံးဝမပျောက်သေးပါဘူး။ ရက် ၂ဝ တခါဆေးထိုးတာ ၃ ကြိမ်ရှိပါပြီ။ ၂ လ ချိန်းပါတယ်။ ရှေ့လ ၁၁ ရက်နေ့ပြန်ပြရမှာပါ။ ဆေးတွေလည်းစုံ ဆရာဝန်လည်းစုံနေပါပြီ။ အစကတော့ အသံမထွက်တာ ၂ ပတ် ကျော်ရင်စစ်ကြည့် လည်းပင်းကင်ဆာဖြစ်တတ်တယ်ပြောလို့စစ်တာ တနှစ်သာပြည့်သွားတယ်။ ရောဂါရှာမတွေ့ပဲ အသံဝင်တာလည်းပြန်မကောင်းပါဘူး။ လွန်ခဲ့တဲ့ ၉ နှစ်လောက်ကလည်း TB ဖြစ်ဖူးတော့ ဆရာ့စာလည်းဖတ်ရတော့ အဆုတ်ကင်ဆာများဖြစ်နေပြီလား သံသယဖြစ်နေမိလို့ပါဆရာ။

၂။ ဆရာရှင့် အသံဝင်တာနဲ့ပတ်သက်ပြီး သမီးတခုလောက်မေးချင်လို့ပါ။ သမီးက နဲနဲအေးတာနဲ့ အသံဝင်ပါတယ်။ ဘယ်လိုမှပြောလို့မရအောင်ကို ဝင်သွားတာမျိုးပါ။ ၁ ပတ်လောက်ကြာမှ ပျောက်သွားပါတယ်။ ငုံဆေးငုံလဲ မပျောက်ပါဘူး။ ရေခဲနဲ့ပက်သက်ပြီးလဲ အတတ်နိုင်ဆုံးရှောင်ပါတယ်။ ဘာဆေးသောက်ရင် ပျောက်နိုင်မလဲ။ ပြီးတော့ အသံမဝင်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်ရှင်။

အသံဝင်တယ်၊ အသံပြောင်းတယ်ဆိုတာ ပြောလို့ ထွက်နေကြ အသံက Pitch အနိမ့်အမြင့်ရော၊ Quality အရည်အသွေးပါ မတူဘဲ ဖြစ်လာတာကို ခေါ်တယ်။ တိမ်နေနိုင်တယ်၊ ကြမ်းနေနိုင်တယ်၊ သြနေနိုင်တယ်၊ အသက်ရှူသံလို နေနိုင်တယ်၊
အဲလို အသံမှာ မတူဖြစ်လာတာက ကြာရင်တော့ ဆိုးဝါးတဲ့ရောဂါကို သံသယဝင်ရမယ်။ ဆိုးတာတွေက နည်းတော့ နည်းပါတယ်။ အအေးမိတာ၊ ခပ်သင့်သင့်ဆိုးတဲ့ Acid reflux အက်စစ်ရည် တက်တာကနေ လည်ချောင်ကင်ဆာနဲ့ Vocal cord paralysis အသံကြိုး-လေဖြတ်တာအထိ ဖြစ်နိုင်တယ်။

အများအားဖြင့် အသံဖြစ်စေတဲ့ အကြော (ကြိုး) မှာ ပြဿနာလာဖြစ်တယ်။ Voice box အသံအိုးရောင်တဲ့ Laryngitis လဲ ပါတယ်။ Larynx အသံအိုးဆိုတာ Pharynx အာခေါင်နဲ့ Trachea လေပြွန်ကြားမှာရှိတယ်။ ၂ လက္မလောက် ရှည်တယ်။ စကား ပြောရာ၊ အသက်ရှူရာ၊ မြိုချရာတွေမှာ သူပါရတယ်။ ယောက်ျားတိုင်းမှာသာရှိပြီး၊ အရိုးနုနဲ့ လုပ်ထားတဲ့ လည်ပင်း ရှေ့တည့်တည့်က Adams apple ဆိုတာရဲ့နောက်မှာ ရှိနေတယ်။ အသံအကြော (ကြိုး) Vocal cords ဆိုတာ V ပုံရှိတဲ့ ကြွက်သား ဖြစ်တယ်။

ဘာလို့ အသံဝင်သလဲ
• အသံကို သုံးနိုင်တာထက် ပိုသုံးတာ၊
• အစာအိမ်ထဲက အက်စစ်ဓါတ်တွေ အထက်ဆန်တာ၊
• (အလာဂျီ) မတည့်ဖြစ်တာ၊
• အနံ့မကောင်းတာ ရှူမိတာ၊
• လည်ချောင်း-ကင်ဆာ၊
• ချောင်းဆိုး ကြာနေတာ၊
• အအေးမိတာ၊ အသက်ရှူလမ်း အထက်ပိုင်းရောင်တာ၊
• ဆေးလိပ်သောက်၊ အရက်သောက် များတာ၊

တခြားအကြောင်းခံတွေ -
• သွေးလွှတ်ကြောမကြီး ဖေါင်းတဲ့ရောဂါ၊
• အသံကိုဖြစ်စေတဲ့ အာရုံကြော ထိခိုက်မိတာ၊
• အစာမြိုပြွန်နဲ့ လေပြွန်ထဲ အပြင်ကပစ္စည်းတခုခုဝင်တာ၊
• မသောက်သင်တဲ့ အရည်တခုခု သောက်မိတာ၊
• အဆုပ်ကင်ဆာ၊
• Orbronchoscopy လေပြွန်ထဲ စမ်းသပ်ကရိယာထည့်တာ၊
• အရွယ်ရောက်လာတာ၊
• (ရူမတွိုက်) အဆစ်ရောင်ရောဂါ၊
• လိင်ကတဆင့် ကူးစက်ရောဂါ၊
• (ဆိုင်းနပ်စ်) ရောဂါ၊
• လည်ပင်းကြီး-ကင်ဆာ၊
• တီဘီ၊
• လည်ပင်းကြီး အလုပ်နည်းရောဂါ၊
• အသံဖြစ်စေတဲ့ အကြောမှာ အလုံးဖြစ်တာ၊
• အသံအိုး လေဖြတ်တာ။
• အသံထွက်ရာ အသုံးဝင်တဲ့ ကြွက်သားတွေ အားနည်းတာ။

ဆရာဝန်မလိုဘဲ အိမ်တာတင်ဘယ်လိုလုပ်မလဲ
• ရက်တိုသာဖြစ်သူတွေ နားပါ။ အော်တာ၊ ငိုတာ၊ သီချင်းဆိုတာ၊ စကားပြောတာတွေ နားထားပါ။ အနာ၊ ရောတာတခု ဖြစ်ရင် ပျောက်ဘို့ အချိန်အနည်းနဲ့ အများယူကြရတာမို့ သီးခံပါ၊ စိတ်ရှည်ပါ။
• စကားကို လေသံလေးနဲ့ ပြောတာကိုတောင် ရှောင်ပါ။
• ပါးစပ် ပလုပ်ကျင်းတာက အကျိုးမများစေနိုင်ပါ။
• အခန်းထဲကလေကို ရေငွေ့ဓါတ်များအောင် Humidifying လုပ်ပါ၊
• ရေ-အရည် (အရက်မပါ) သောက်ပါ၊
• ချောင်းဆိုး-ပျောက်ဆေးတွေလဲ သုံးနိုင်ပါတယ်။
• Decongestants လို အအေးမိသူတွေသုံးတဲ့ ဆေးတွေ မသုံးပါနဲ့။
• ရေ-အရည် အများကြီး သောက်ပါ။
• ဆေးလိပ် မသောက်ပါနဲ့။
• လည်ချောင်း ခဏခဏ-မရှင်းပါနဲ့။
• ကိုယ့်အသံကို အဓမ္မ-အသုံးမချပါနဲ့၊

အသံသာမကဘဲ မြိုချတာမှာပါ ခက်ရင်၊ အသက်ရှူရ ခက်လာရင်၊ ကလေးငယ်ငယ်လေးတွေမှာ ဖြစ်ရင်၊ ကလေး ၁ ပါတ်၊ လူကြီး ၂ ပါတ်နေလို့ မပျောက်ရင် ဆရာဝန်ပြပါ။ ဆရာဝန်ကနေ -
• Laryngoscopy ကရိယာထည့်ကြည့်မယ်၊ မှန်နဲ့ကြည့်မယ်။
• Throat culture လည်ချောင်းထဲကဟာ ယူပြီး ပိုမွေးတာလုပ်မယ်။
• X-rays of the neck or CT scan ဓါတ်မှန်၊ (စီတီ-စကင်) စစ်ဆေးမယ်။
• Blood count (CBC) သွေးစစ်မယ်။

ဆေးကုတာမှာ ဘာလို့ ဖြစ်ရသလဲအပေါ် မူတည်တယ်။ GERD တို့ (အလာဂျီ) ဖြစ်ရင် ကုသပါ။ အများဆုံးဖြစ်စေတဲ့ ရက်တိုလေပြွန်ရောင်တာ ဖြစ်ရင် သူ့ဖါသူပျောက်လာဘို့ များတယ်။ Antibiotics ပိုးသေဆေးတွေပေးမယ်။ တခြား သုံးလေ့ရှိတဲ့ဆေးတွေက Chlorpheniramine and Hydrocodone, Tussionex တွေ ဖြစ်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ