Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁)


မင်္ဂလာပါဆရာ။ ကျမအသက် ၂၃ ပါ၊ ရန်ကုန်တွင်နေပါသည်။ ကျမသည် ၈ တန်းကျောင်းသူအရွယ်ခန့်က ဆံပင်ကြမ်းကြမ်းကြီးများကို ခဏခဏနှုတ်ပြစ်တတ်ပါသည်။ ငယ်ရွယ်စဉ်က သူငယ်ချင်းများလုပ်လျှင် လိုက်လုပ်ခဲ့သောကြောင့် ကျမသည် ထိုစဉ်မှစပြီးနောက် ဆံပင်များ တဖြည်းဖြည်းပါးလာပါသည်။ ငယ်စဉ်က ဆံပင် အုံထူထူနှင့်ဖြစ်ပါသည်။ ယခု ကျမဆံပင်အင်မတန်ပါးလွှာပါသည်။ ဆံလုံးအရွယ်လေးပါးပါးမျှင်မျှင်ဖြစ်သွားပါသည်။ ဆံပင်လည်းကျွတ်ပါသည်။ နှုတ်ခဲ့ဖူးသောနေရာတွင်လည်း ဆံပင်များမပေါက်သလောက်ပါ။ ထိပ်ကျဲနေပါသည်။ ဆံပင်များပြန်ထူလာမလားဆိုပြီး ဆယ်တန်းပြီးခါစက ခေါင်းလည်းရိတ်ပစ်လိုက်ပါသည်။ ကျမခေါင်းလျှော်ခါနီး သံလွင်ဆီနှင့် တခေါင်းလုံး လူးပေးသည်မှာ နှစ်တော်တော်ကြာပါပြီ။ ဆံပင်များမထူလာပါ။ ထိုသို့ နှုတ်ပစ် လိုက်သဖြင့် ဆံပင်အိတ်ကလေးများပျက်စီးသွားသလားမသိပါ။ ကျမ ဆံပင်များပြန်ပေါက်ချင်ပါသည်။ ဆရာဝန်နှင့်ပြသင့်ပါသလား။ ထိပ်ကျဲနေသဖြင့် ရှက်ရပါသည်။ ဆံပင်ပြန်စိုက်ရပါမည်လား။ ဆံပင်ထူရန် ဆေးသောက်လို့ရပါသလားရှင့်။ စာအရေးအသားတွင် အမှားတစုံတရာပါရှိပါက ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။ ဆရာ အသက်ရှည်ကျန်းမာစွာ နေနိုင်ပါစေ။

ဆံပင်ကျွတ်တာ ဘာလို့ဖြစ်ရသလဲ။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ကို လက်ညှိုးထိုးဘို့ ကြိုးစားကြပေမဲ့ တကယ်တော့ မသေချာဘူး။ မျိုးရိုးလိုက်တာတောင် အမေရဲ့ အဖေဘက်ကလို့ ထင်ကြတယ်။ မတိကျပါ။ လေ့လာချက်တွေ အမျိုးမျိုးလုပ်၊ ကိန်းဂဏန်းတွေလည်း အမျိုးမျိုးထုတ်ကြတယ်။

ဆံပင်ကျွတ်တဲ့ အကြောင်းတွေထဲမှာ ဆံပင်ကိုတင်းနေအောင်ဆွဲပြီး၊ ဖီးတာ၊ ဆံပင်ပုံစံလုပ်တာကနေဖြစ်တာပါတယ်။ ပိုနီတေးလ်၊ ကောင်းန်ရိုးလ်လိုမျိုးပေါ့။ Trichotillomania ခေါ်တယ်။ ငယ်ရွယ်သူတွေမှာ ပိုဖြစ်တယ်။ ပြင်းတဲ့ ဆေးတွေနဲ့ ကုရလို့၊ ဓါတ်ကင်-ခွဲစိတ်ခံရလို့၊ အဆိပ်သင့်လို့ကြောင့်လည်း ဖြစ်ကြရတယ်။ ကလေးဖွါးရလို့လည်း ဖြစ်သေးတယ်။ အမှန်က ကိုယ်ဝန်ဆောင်နေတုံး ဆံပင်ပိုထူလာရာကနေ၊ မွေးပြီးတော့ ပါးသွားရတာပါ။ ကလေးဖွါးပြီး ၃ လောက်နေ ဆံပင်ကျွတ်တတ်တယ်။ သံဓါတ်နည်းရင်လည်း ဖြစ်တတ်တယ်။ ကွက်ပြီးဆံပင်ကျွတ်တာက အော်တိုအင်မြူးရောဂါနဲ့ မှိုပိုးကြောင့်ဖြစ်တယ်။ ချွေးထွက်အိပ်တွေမှာ အလုံးအကျိတ်ကင်ဆာရောဂါရလို့လဲဖြစ်တယ်။ ရှားတယ်။

ဆေးကုမ္ပဏီတွေ အတော်အလုပ်ဖြစ်ကြတယ်။ တကယ်တော့ ဆေးစွမ်းကအကန့်အသတ်သာဖြစ်ပါတယ်။ ဆေးပညာအရ ဟုတ်ပါတယ်လို့ လက်ခံထားတဲ့ဆေးတွေက Finasterois (Propecia) နဲ့ Dutasteride (Avodart) ဆေးတွေပါ။ ဒီဆေးတွေက ယောက်ျားဆီးကျိတ်ကြီးရောဂါ BPH ကိုကုရတဲ့ Antiandrogen ကျားဟော်မုန်း ဆန့်ကျင် ဆေးတွေ ဖြစ်တယ်။ အခု Finasteride (Propecia) နဲ့ Minoxidil (Rogaine) တို့ကိုဘဲ အမေရိကမှာ တရားဝင်ရောင်းချခွင့်ရှိတယ်။ Minoxidil (Rogaine) ဆေးက ဆံပင်အတွက်သက်သက် လိမ်းဆေးဖြစ်တယ်။ အရက်ပြန်ပါလို့ ဦးရေခြောက်ပြီး Dandruff ဘောက် ဖြစ်စေတတ်တယ်။

ကြော်ညာတွေကလည်း များသလားမမေးနဲ့။ ဝက်ဘ်ဆိုက်တမျက်နှာကို နမူနာပြရရင် Avacor for Women Monthly Packages, Bao Shi Womens Herbal Hair Vitamins, Follicare Set Hair Loss Kit for Women with Minoxidil, MelanPlus Gray Hair Vitamins for Women, Minoxidil 2%, NuHair: Hair Growth for Women, Shen Min for Women Vitamins, Therapro Folligen Shampoo for Hair Loss in Women, Therapro MEDIceuticals Hair Gain Vitamins for Women ဒီဆေးတွေ တွေ့ရတယ်။

တကယ်တော့ ဆံပင်ပြန်ပေါက်ဘို့ထက် ရှိနေသေးတဲ့ဆံပင်ကို ထိန်းသိမ်းဘို့က လက်တွေ့ကျတယ်။ လေ့ကျင်ခန်းလုပ်၊ စိတ်ဖိအားများတာ လျှော့ချနည်း၊ Immuno-suppressants ဆိုတဲ့ ခုခံအားနှိမ်လိမ်းဆေး၊ Cosmetic transplant surgery အလှပြုပြင်နည်းတွေတော့ ပေါ်လာနေပါတယ်။ ဆံပင်ကို ဆီပူလိမ်းကုနည်း၊ မသခြာတဲ့ ဆေးလိမ်း ကုနည်းတွေကို ရှောင်သင့်သည်။ နောက်ဆုံးတော့ လူမမြင်အောင် ဖုံးထားနည်းတွေ လုပ်ကြတယ်။ နောက်ဆုံးရဲ့ နောက်ဆုံးကတော့ ကတုံးတုံးလိုက်တာပါ။ ဒီလိုဖြစ်သူတွေမှာ စိတ်ထိခိုက်မှု ရှိတတ်တယ်။ ကျား-မဆက်ဆံရာမှာလည်း ထူးတာရှိတတ်တယ်။ ထိပ်ပြောင်ရင် ယောက်ျား ပိုပီသတယ်တဲ့။

အကြောင်းတွေထဲမှာ နေမကောင်းပြီး ဆံပင်ကျွတ်တာလဲပါတယ်။ ရုပ်-စိတ် ဖိစီးတာကြောင့်ဆိုရင် ရောဂါပျောက်၊ စိတ်ပြန်တည်ငြိမ်ရင် ပြန်ကောင်းမှာပါ။ လည်ပင်းကြီးဟော်မုန်းနည်းလို့ရော၊ များလို့ပါ ဖြစ်တတ်တယ်။ နဖူးပိုင်းနဲ့ မျက်ခုံးမွှေး အပြင်ပိုင်းတို့မှာ အများအားဖြင့် ဖြစ်ရတယ်။ ကျား-မ ဟော်မုန်း နှစ်မျိုးလုံးနဲ့ ဆိုင်တာမို့ အပြောင်းအလဲရှိရင် ဖြစ်စေတယ်။ ရာသီမမှန်၊ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ ဆေးဝါး စတာတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေတယ်။

သွေးကျဲဆေး၊ ဂေါက်ဆေး၊ ဗီတာမင်အေ များသွားရင်၊ သွေးတိုးကျဆေးတချို့၊ နှလုံးရောဂါဆေး တချို့၊ စိတ်ကျဆေးတချို့ စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မှိုပိုးကြောင့်လည်းဆံပင် ကျွတ်တယ်။ ဆီးချိုရှိနေရင်၊ လူးပတ်စ် ရောဂါတွေက ဖြစ်စမှာ ဆံပင်ကျွတ်တာနဲ့ စတတ်တယ်။ ဒါတွေကို ပြင်ပါ၊ စစ်ပါ၊ ကုပါ။ ဆံပင်ဖီးတာကြမ်းတမ်းလို့ရှိရင် ဖြစ်တတ်လို့ မလုပ်တော့ရင် ကောင်းပေမဲ့ ကျွတ်တဲ့နေရာက အမာရွတ် ဖြစ်သွားတဲ့အထိ ဆိုးသွားခဲ့ရင် အဲဒီနေရာမှာ ပြန်မပေါက်တော့ဘူး။ ဒါ့ကြောင့် ဆံပင်ဖီးတာကအစ ဘာလုပ်လုပ် သပ်သပ်ရပ်ရပ်၊ ညင်ညင် သာသာ လုပ်တဲ့အကျင့် မွေးယူဘို့-သင်ပေးဘို့ ကောင်းတယ်။ ရေစိုနေတုံး၊ ဆံပင်ခြောက်နေတုံး ဘီးဖြီးတာမှာ သတိနဲ့လုပ်ပါ။ မိခင်တွေ အဒေါ်တွေစကား နာထောင်ပါ။ ဘီး အစိတ်-အကျဲအနေတော်တာ ရွေးဘို့လိုတယ်။ ခေါင်းသုံးဆီကအစ သဘာဝပစ္စည်းထက် ကောင်းတာရှားလှတယ်။ G.I. Jane ရုပ်ရှင်ထဲက Demi Moore အားကျရင်လဲ ကုစရာမလိုဘူးပေါ့။


Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ