ကိုယ်ဝန် ဆောင်ခြင်းနှင့် သွေးအားနည်း ရောဂါများ


အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များတွင် တစ်ပါး အပါအဝင်ဖြစ်သည့် မာတာမိခင်သည် ဝမ်းဗိုက်ထဲတွင် မိမိတို့၏ ရင်သွေးငယ်များကို ကိုးလကျော်နီးပါး ကိုယ်ဝန် လွယ်ထားပြီး နေ့စေ့လစေ့မှ မွေးဖွားသန့်စင်ကြသည်။ ဤသည်ကားမိခင်တို့၏တုနှိုင်းမဲ့ချစ်ခြင်းမေတ္တာပင်ဖြစ် သည်။ ထိုသို့ကိုယ်ဝန်လွယ်ထားရာတွင် ကျန်းမာရေး ကောင်းမွန်သော မိခင်ပင်ဖြစ်သော်ငြားလည်း ကိုယ်ဝန် လွယ်ထားစဉ်အတွင်း ကျန်းမာရေးနှင့် ပတ်သက်သည့် ပြဿနာများသည် အသေး အဖွဲမှ သည် အသက်အန္တရာယ် ဖြစ်စေသည်အထိ ဖြစ်ပွားတတ်သည်။ ကိုယ်ဝန်ဆောင် စဉ်အတွင်း သွေးတိုးခြင်း၊ သွေးတွင်း သကြားဓာတ်များ ခြင်း၊ သားအိမ်အတွင်းရောဂါပိုးဝင်ခြင်း၊ ရင်သွေးကြီးထွား နှုန်းနည်းခြင်း စသည့်ရောဂါများ ရှိသကဲ့သို့ ကိုယ်ဝန်ဆောင် ကာလအတွင်း သွေးအားနည်းခြင်းသည်လည်း အဖြစ် များသောရောဂါဖြစ်သည်။

သွေးအားနည်းခြင်း ဆိုသည်မှာ မိမိခန္ဓာကိုယ်အတွင်း လှည့်လည်စီးဆင်းနေသာ ၅လီတာခန့်ရှိ သွေးထဲ တွင်ပါရှိသော သွေးနီဥများတွင်ပါဝင်ဖွဲ့စည်းထားသော ဟေမိုဂလိုဗင်ပမာဏ နည်းပါးခြင်းကိုဆိုလိုသည်။ အသက်အရွယ်၊ ကျား၊မပေါ် မူတည်ပြီး ဟေမိုဂလိုဗင်ပမာဏသည် တူညီမည်မဟုတ်ပေ။ ဥပမာ အမျိုးသားများ၏ ဟေမိုဂလိုဗင်ပမာဏသည် ၁၃ - ၁၅ ဂရမ်ရာခိုင်နှုန်းရှိသော် လည်း အမျိုးသမီးများတွင်မူ ၁၁ -၁၃ ဂရမ် ရာခိုင်နှုန်း သာရှိသည်။ ထိုသတ်မှတ်ထားသော ပမာဏထက်နည်း လျှင်သာ သွေးအားနည်းခြင်းဟု သတ်မှတ်သည်။ သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေသော အကြောင်းရင်း များစွာရှိသည်။ သွေးနီဥများ လျင်မြန်စွာပေါက်ကွဲခြင်း၊ သွေးယိုစိမ့်မှုများခြင်း၊ ရိုးတွင်းခြင်ဆီမှ ပုံသဏ္ဌာန် မမှန် သော သွေးနီဥများထုတ်ပေးခြင်း၊ နာတာရှည်ရောဂါ ကြောင့်ဖြစ်ခြင်း၊ သွေးနီဥ တည်မြဲရန် အတွက် လိုအပ် သော အင်ဇိုင်းဓာတ်များချို့တဲ့ခြင်း (ဥပမာအားဖြင G6PD ဓာတ်ချို့တဲ့ခြင်း)၊ ရောဂါပိုးများကြောင့် သွေးနီဥများ ပြိုကွဲခြင်း (ဥပမာအားဖြင့် ငှက်ဖျားရောဂါပိုးများ သွေးနီဥ အတွင်း ဝင်ရောက်ခြင်းဖြင့် သွေးနီဥများ ပြိုကွဲခြင်း) စသည်တို့ကြောင့် သွေးအားနည်းရောဂါများ ဖြစ်ပေါ်တတ်သည်။ ထိုသို့သောအကြောင်းအရာများစွာ ရှိသည့်အနက် ကိုယ်ဝန်ဆောင်ခြင်း ကြောင့်လည်း သွေးအား နည်းရောဂါ ဖြစ်ပွားစေသည်ကိုသတိပြုရမည်။

လောကသဘာဝအရ အမျိုးသမီးများသည် အမျိုးသား များထက် သွေးအားနည်းရောဂါ ပိုမိုဖြစ်ပွား တတ်ကြသည်။ ကိုယ်ဝန်ဆောင်စဉ်တွင်လည်း ရင်သွေးပုံမှန် ကြီးထွားစေရန် ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုများ ဖြစ်ပေါ် လျက်ရှိသည်။ ပုံမှန်ကိုယ်ဝန်ဆောင်ကာလ၌ မိခင်ခန္ဓာ ကိုယ်အတွင်းလှည့်လည်စီးဆင်းနေသော သွေးပမာဏ များလားခြင်းကြောင့် ဟေမိုဂလိုဗင်ပမာဏလျော့နည်း လာခြင်းသည် ပုံမှန်ဖြစ်စဉ် အနေဖြင့်တွေ့ရသည်။ ထို့ပြင် မိမိရင်သွေးအတွက် လိုအပ် သော သံဓာတ်နဲ့ ဖောလစ် အက်စစ် ဓာတ်တို့သည် မိခင်မှတစ်ဆင့် ရင်သွေးထံသို့ ချက်ကြိုးမှတစ်ဆင့် စီးဆင်း သွားကြ သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေသည် အလွန်များပြားသည်။ သွေးအားနည်း ရောဂါ အမျိုးမျိုးရှိသည့်အနက် ကိုယ်ဝန်ဆောင်မိခင်များထံတွင် အဖြစ်များသောရောဂါ များမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ၊ ဗီတာမင် ဘီ၁၂နှင့် ဖောလစ်အက်စစ်ချို့ တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်းရောဂါ၊ အင်ဇိုင်းဓာတ်များချို့တဲ့ခြင်း (ဥပမာအားဖြင့် G6PD ဓာတ်ချို့တဲ့ခြင်း) ကြောင့်ဖြစ် သော သွေးအားနည်း ရောဂါ၊ အခြားသွေးအားနည်းရောဂါ များဖြစ်သည့် သလာစီးမီးရောဂါများ၊ သွေးကြောအတွင်း သွေးနီဥများပြိုကွဲခြင်းစသည်တို့ဖြစ်သည်။

၂ဝ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်မိခင်များသည် သွေးအားနည်း ရောဂါ ဖြစ်ပွားလျက်ရှိသည်။ အဖြစ်အများဆုံးသည်

သံဓာတ်ချို့တဲ့ခြင်း၊ ဖောလစ်အက်စစ်ချို့တဲ့ခြင်းနှင့် သံဓာတ်ရော ဖောလစ်အက်စစ်ပါ နှစ်မျိုးလုံး ချို့တဲ့ခြင်းတို့ ဖြစ်ကြ သည်။

သွေးအားနည်း ရောဂါလက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်-

- မကြာခဏ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း။

- အရေပြားသည် ဖြူဖပ်ဖြူရော်ဖျော့တော့လာခြင်း၊ အဝါရောင်ဘက်သို့သန်းလာခြင်း။

- သွေးပေါင်ချိန်ကျလာခြင်း။

- နှလုံးခုန်မြန်ခြင်း ၊ရင်တုန်ခြင်း ၊ အလွတ်တကူ မောဟိုက်လာခြင်း။

- ကြွက်သားများ အားနည်းလာခြင်း။

- အစားအသောက်ပျက်လာခြင်း။

- မစင်အရောင်ပြောင်းလာခြင်း။

သွေးအားနည်းခြင်းကို သွေးအတွင်းရှိ ဟေမိုဂလိုဗင် ပမာဏကိုတိုင်းတာ၍ ဆုံးဖြတ်ကြသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အစည်း (WHO) မှ သတ်မှတ်ထားသော ပမာဏသည် သာမန်အမျိုးသမီးသည် ဟေမိုဂလိုဗင် ပမာဏ 12 g/dl နှင့် အထက်ရှိရမည် ဖြစ်သည်။ ကိုယ်ဝန် ဆောင်မိခင်များသည် 11 g/dl နှင့် အထက်ရှိသင့်ပြီး ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃လပတ် အတွင်းတွင် လည်း 10.5 g/dl အောက် မရောက်သင့်ပေ။ WHO ၏ ဟေမိုဂလိုဗင် ပမာဏနှင့် ရောဂါပြင်း ထန်မှုမှာ-

- ဟေမိုဂလိုဗင်ပမာဏ 10- 10.9 g/dl ဆိုလျှင် မပြင်း ထန်သော သွေးအားနည်းခြင်း

- ဟေမိုဂလိုဗင်ပမာဏ 7-9.9 g/dl ဆိုလျှင် အသင့်တင့် ပြင်းထန်သော သွေးအားနည်းခြင်း

- ဟေမိုဂလိုဗင်ပမာဏ 7-9.9 g/dl အောက်ဆိုလျှင် ပြင်းထန် သောသွေးအားနည်းခြင်း

- ဟေမိုဂလိုဗင်ပမာဏ 4 g/dl အောက်ဆိုလျှင် အလွန် ပြင်းထန်သော သွေးအားနည်းခြင်းဟူ၍ သတ်မှတ် ထား သည်။

သံဓာတ်ချို့တဲ့ခြင်း

ရိုးတွင်းခြင်ဆီမှ သွေးနီဥများထုတ်လုပ်ရန်အတွက် သံဓာတ်သည် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်ပေသည်။ သံဓာတ်သည် ဟေမိုဂလိုဗင် မော်လီကျူးတည် ဆောက်ရန် အရေးကြီးသော နေရာမှ ပါဝင်ဆောင်ရွက် ပေးသည်။ ကိုယ်ဝန်ဆောင် မိခင်တို့သည် သာမန်အမျိုး သမီးများထက် သံဓာတ်ပိုမိုလိုအပ်သည်။ တစ်နေ့တာ သံဓာတ်လိုအပ်မှုမှာ သာမန်လူတစ်ဦးလျှင် ၃ ဒသမ၅ ဂရမ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များသည် မိမိအတွက် ရော ရင်သွေးအတွက်ပါ သံဓာတ်ပိုမိုလိုအပ်သည်။ ပထမကိုယ်ဝန်သုံးလတွင် ဓမ္မတာဆင်းခြင်းများမရှိသောကြောင့် သံဓာတ်လိုအပ်မှုသည် နည်းပါးသည်။ ကိုယ်ဝန် ကာလရင့်လာသည်နှင့်အမျှ သံဓာတ်လိုအပ်မှုသည် ပိုမိုများပြားလာသည်။ နောက်ဆုံးကိုယ်ဝန် သုံးလသည် အရေးကြီးဆုံး ကာလပင်ဖြစ်သည်။ မိခင်နာတာရှည် ရောဂါ၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးတိုးရောဂါ များ၊ ငှက်ဖျားရောဂါများ၊ သန်ကောင်တုတ်ကောင်ကြောင့် ဖြစ်သောရောဂါများကြောင့်လည်း သံဓာတ်ချို့တဲ့၍ သွေးအား နည်းရောဂါ လက္ခဏာများကို ဖြစ်ပေါ်နိုင်သည်။ သံဓာတ်ကြွယ်ဝသော အစားအစာများမှာ အသား အမျိုးမျိုး၊ ငါး၊ အသည်း၊ ဥနှင့် သွေးခဲများ၊ မုန်ညင်း၊ ကန်စွန်း၊ ကင်းပုံ၊ ချဉ်ပေါင်၊ ကညွတ်ပင်၊ ဂေါ်ဖီစိမ်း စသည်တို့ဖြစ်ကြသည်။

ဗီတာမင် B12 နှင့် ဖောလစ်အက်စစ်ချို့တဲ့ခြင်း

ဗီတာမင်နှင့် သတ္တုဓာတ်များသည် သံဓာတ်ကဲ့သို့ သွေးနီဥများ ထုတ်လုပ် ရာတွင် လိုအပ်သည်။ ၎င်းတို့ ချို့တဲ့ပါက လည်း သွေးနီဥထုတ်လုပ်မှု ပါလျော့နည်းစေ သည့်အတွက် သွေးအား နည်းခြင်း ကို ဖြစ်ပေါ်စေသည်။

အာဟာရချို့တဲ့မှုသည် ဗီတာမင် B12 နှင့် ဖောလစ် အက်စစ်ပမာဏလျော့ခြင်းကို ဖြစ်ပေါ်စေသောအဓိက အချက် ပင်ဖြစ် သည်။ ထို့ပြင် အစာအိမ်နှင့်အူလမ်း ကြောင်းတွင် ဗီတာမင် B12 ကိုစုပ်ယူမှုအားနည်းစေသည့် ရောဂါတစ် ခုခုကြောင့်လည်း ဖြစ်ပေါ်စေတတ်သည်။ ဖောလစ်အက်စစ်သည် ရင်သွေး၏အာရုံကြောစနစ် အဖွဲ့အစည်း ဖွဲ့စည်း တည်ဆောက်မှုတွင် မရှိမဖြစ် အရေးကြီး လိုအပ်သည်။ ထို့ကြောင့် ဖောလစ်အက်စစ်ကို ကိုယ်ဝန် ဆောင် နေစဉ် ကာလတစ်လျှောက်လုံးနှင့် မီးဖွားပြီး နို့တိုက်နေချိန် ကာလများတွင်ပါ သောက်သုံးသင့်သည်။ ဖောလစ်အက်စစ် ကြွယ်ဝ သော အစားအစာများမှာ ကညွတ်ပင်၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ပဲနီလေး၊ ပဲသီးခြောက်၊ ဟင်းနုနယ်၊ ပဲဝါလေး၊ တရုတ် နံနံ၊ လိမ္မော်သီး၊ ရွှေပဲနှင့် ဂျုံစေ့စသည် တို့ဖြစ်ကြသည်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးအားနည်းခြင်း ကြောင့် ဖြစ်ပေါ်လာနိုင်သောနောက်ဆက်တွဲ မလိုလား အပ်သော ဆိုးကျိုးများလည်း ရှိပေသည်။ ၎င်းတို့မှာ ရင်သွေးငယ်တွင်ပါ သွေးအားနည်းတတ်ခြင်း၊ သန္ဓေသား လောင်းသည် မိခင်သားအိမ်အတွင်း ကြီးထွားမှုနှောင့်နှေး နေခြင်း၊ နေ့မစေ့ လမစေ့ဘဲမွေးဖွားခြင်း၊ ရင်သွေးငယ် ကိုယ်အလေးချိန် မပြည့်ဘဲ မွေးဖွားလာခြင်း၊ အလွန်ပြင်းထန်သော သွေးအားနည်းခြင်းဖြစ်ပါက မိခင်တွင်နှလုံးအမော ဖောက်ခြင်းအပြင် အသက်အန္တရာယ်ပါ ထိခိုက်စေနိုင် သည်အထိ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် လိုအပ်သော သွေးစစ်ဆေးမှုများကို ပြုလုပ်သင့်သည်။ သွေးစစ်ဆေး သည်ဆိုရာတွင် ဟေမိုဂလိုဗင်ပမာဏသည် သွေးအား နည်းသည် သို့မဟုတ် သွေးအားပုံမှန်ဖြစ်သည်ကိုသာ သိရှိနိုင်ပေမည်။ အဘယ်ကြောင့် သွေးအားနည်းရသည်

ကို သိရှိစေရန် ထပ်မံ၍ သွေးအတွင်းရှိ သံဓာတ်ပမာဏ ၊ ဖောလစ်အက်စစ် ပမာဏ၊ G6PD အင်ဇိုင်းပမာဏများ အပြင် အခြားသွေးအားနည်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာကို ပိုမိုသိရှိစေရန် ဓာတ်ခွဲစစ်ဆေးခြင်း သည်အလွန်ပင် အရေးကြီးသည်။

ထိုသို့သော သွေးအားနည်းခြင်းများကို ကာကွယ်ရန် ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်လွယ်ထားရသည်ကို သိရှိပြီး ဆောလျင်စွာ ကိုယ်ဝန်ဆောင်စောင့်ရှောက် မှုကို ကျန်းမာရေးဌာနများ၊ ဆေးရုံဆေးခန်းနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းများထံတွင် မိမိ၏ ကိုယ်ဝန်ကိုအပ်နှံ၍ ကျန်းမာရေးဝန်ထမ်းများ၏ ဆေးစစ်မှုများ ၊ အကြံပေး မှုများကို လိုက်နာကာ တိုက်ကျွေးသော သံဓာတ်အားဆေးများ၊ ဖောလစ်အက်စစ်ဆေးများကို ပုံမှန်သောက် သုံးသင့် ပါသည်။ သွေးအားနည်းရောဂါ လက္ခဏာများ ဖြစ်ပေါ်နေပါကလည်း အမြန်ဆုံးကုသမှုခံယူသင့်ပါသည်။ ထိုမှ မိမိတို့၏ ရင်သွေးငယ်များကို ကျန်းကျန်းမာမာနှင့် ကောင်းမွန်စွာမွေးဖွားနိုင်မည့်အပြင် ကလေးများတွင်လည်း မလိုလားအပ်သော ဆိုးကျိုး များမှ ရှောင်ရှားနိုင်မည်ဖြစ်ပြီး သာယာလှပသော ဆည်းလည်းသံလေးနှင့် မိသားစု၏ အနှစ်သာရကို ရရှိပေ မည်ဖြစ်သည်။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ