ဘာအစားအစာကို ဘယ်အချိန်မှာ ဘယ်လိုစားသင့်သလဲ


အစားအစာတွေကို စားသောက်တဲ့အခါ အဆာပြေစေဖို့ ၊ ဗိုက်ဝစေဖို့ ၊ အာဟာရ ဖြစ်စေဖို့ ၊ ကျန်းမာစေဖို့ စသဖြင့် မိမိကြိုက် နှစ်သက်တဲ့ အစားမျိုးစုံကို စားသုံးနေကြသော်လဲ ၊ မိမိ စားသုံးလိုက်သော အစားအစာဟာ တချိန်တည်း တပြိုင်တည်းမှာပင် ဗိုက်လည်းပြည့်ဝစေ အာဟာရလည်းဖြစ်စေ ကျန်းမာဖို့ ဆိုရင် “ ဘ ” သုံးလုံးကို သိထားဖို့ လိုပါတယ်။ အဲဒါတွေကတော့ (၁) “ဘာ” အစားအစာ အမျိုးအစား (၂) “ဘယ်” အချိန် ဘယ် အခါ (၃) “ဘယ်” လို စားသုံးကြမလဲ …တို့ ဖြစ်ပါတယ်။

ဥပမာ သစ်ပင်ပန်းပင်တွေ ရှင်သန်ကြီးထွားဖို့ အတွက်ဆိုရင် နေ ၊ ရေ ၊ မြေ ၊ လေ ၊ ဓာတ်မြေသြဇာ တို့ က မရှိမဖြစ်အရာပါ ။ သို့  သော် နေရောင်ခြည်ကောင်းစွာမရ လောင်းရိပ်ကျနေတဲ့အခါ ၊ အပင်တွေ ကို ရေမလောင်းသင့်တဲ့ မွန်းတည့်ချိန်မှာ ရေလောင်းမိ တဲ့အခါ၊ အပင်နဲ့  မသင့်တော့တဲ့ မြေအမျိုးအစားမှာ စိုက်ပျိုးမိတဲ့အခါ ၊ အဆိပ်အတောက်ဖြစ်စေသော မသန့် ရှင်းသော လေဟာ နယ် ပတ်ဝန်းကျင်မှာ sensitive အမျိုးအစား ပန်းပင်လေးများဖြစ်ကြတဲ့ တော်ဝင်သဇင် (သို့ ) သစ်ခွ တို့ ကို စိုက်ပျိုးတဲ့အခါ ၊ ဓာတ်မြေသြဇာကို လိုအပ်သည့်ပမာဏထက် ပိုမိုသုံးစွဲမိတဲ့အခါများမှာ သင်စိုက်ပျိုးလိုက်သောအပင်ဟာ ကြီးထွားသင့်သ လောက် မကြီးထွားနိုင်တော့ဘဲ အခမသင့်ရင် သေသွားတတ်ပါတယ် ။

ထို့ နည်းတူစွာပင် လူသားတို့  ကျန်းမာကြံ့ ခိုင်စေဖို့ အတွက် “ ဘ ” သုံးလုံးကို သိထားမယ်ဆိုရင် အစာလည်းဆေး ၊ ဆေးလည်း အစာ ဖြစ်စေနိုင်တော့မှာ ဖြစ်ပါကြောင်း ကျန်းမာသုတ အနေဖြင့် အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရပါတယ်။

(၁) ဌက်ပျောသီး။

“နံက်သင်္ဘော၊ ညဌက်ပျော” လို့  ရှေးရိုးစွဲအစဉ်အလာရှိခဲ့ပါတယ် ။ သို့ သော် ကျန်းမာရေးသုတေသီများ၏ လတ်တလော လေ့လာမှုမှတ်တမ်းတစ်ခုဖြစ်တဲ့ Real Random Thoughts မှာ ဖော်ပြထားချက်အရ ၊ ညဘက်အချိန် ဌက်ပျောသီးစားခြင်းက ချွဲသလိပ်တွေဖြစ်စေပြီး အစာကျေညက်ခြင်းကိုလည်း အဟန့် အတားဖြစ်စေနိုင်ပါတယ်တဲ့ ။ အကယ်၍ ဌက်ပျောသီးကို နေ့  လည်စာ စားပြီးနောက် အချိုပွဲအဖြစ်လည်းကောင်း (သို့ ) ညနေခင်း အဆာပြေအဖြစ်လည်းကောင်း စားသုံးပေးမယ်ဆိုပါက ကိုယ်ခံစွမ်းအားကို အမှန်တကယ်တိုးပွားလာမှာဖြစ်သလို ၊ အသားအရေကို လည်း ကောင်းကျိုးပြုနိုင် ပါလိမ့်မယ်။

(၂) ပန်းသီး။

“ ပန်းသီးတစ်လုံးဆောင်ထား ၊ ဆရာဝန်ရှောင်ရှား ” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်ကလေးကို ကြားဖူးနေကြမှာပါ ။ တကယ် ကျန်းမာဖို့ အတွက်ဆိုရင်တော့ ပန်းသီးကို နံက်စာ အဖြစ် သုံးဆောင်ပေးရမှာပါ ။ ပန်းသီးထဲမှာပါတဲ့ သဘာဝ Pectin ဓာတ်က သွေးထဲမှာရှိတဲ့ သကြားဓာတ်နဲ့  ကိုလက်စထရောပမာဏတွေကို လျော့ချပေးနိုင်တာမို့ တနေ့ တာလုံး သွက်လက်ပေါ့ပါး ကျန်းမာစေနိုင်ပါတယ် ။ အကယ်၍ ပန်းသီးကို ညဘက်မှာ စားသုံးမိပါက ၄င်း Pectin ဓာတ်ဟာ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ် တွေကို တိုးပွားလာစေပြီးနောက် အစာချေစံနစ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ် ။

(၃) ဒိန်ချဉ်။

နံက်အိပ်ယာထ ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ဒိန်ချဉ်သောက်ခြင်းကြောင့် လက်တစ်အက်ဆစ်ဟာ အစာအိမ်နံရံတွေကို အက်ဆစ်ပြု၍ ပျက်စီးစေနိုင်ပါတယ် ။ ဒိန်ချဉ်သောက်ရန် အသင့်တော်ဆုံး အချိန်များကတော့ ညစာစားချိန် နဲ့  ညလည်စာ စားချိန်တို့ ဘဲ ဖြစ်ပါတယ် ။ ညဘက် ဒိန်ချဉ်သောက်ခြင်းက အစာကျေညက်စေကာ အူလမ်းကြောင်းကို သန့် ရှင်းပေးပါတယ် ။ (လိမ္မော်သီးလည်း ထိုနည်း၎င်းပါဘဲ ။ ဗိုက်ထဲမှာ ဘာအစာမျှမရှိဘဲ လိမ္မော်သီးကို စားမိပါက အစာအိမ်အချဉ်ပေါက် စေနိုင်ပါတယ်)

(၄) အာလူး။

နံက်စာအဖြစ် အာလူးစားသုံးပေးခြင်းဖြင့် အာလူးထဲမှာပါရှိတဲ့ ကစီဓာတ်က ကိုလက်စထရောကို ချပေးနိုင်သလို၊ ၄င်းအာလူးထဲရှိ သတ္တုဓာတ်များက လူကို ခွန်အားဖြစ်စေပါတယ်။ နေ့ လည်စာအဖြစ်လည်း အာလူးကို စားပေးနိုင်ပါတယ် ။ သို့ သော် အာလူးကို ညစာ စားမိတဲ့အခါ ကယ်လိုရီတက်ပြီး လူကို အ၀လွန်စေနိုင်ပါတယ် ။

(၅) ခရမ်းချဉ်သီး။

ခရမ်းချဉ်သီးကို နံက်ပိုင်းစားပေးပါက အစာကျေညက်စေပြီး တစ်နေ့ တာလုံး ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်စေပါတယ် ။ အကယ်၍ ခရမ်းချဉ်သီးကို ညစာအဖြစ် စားသောက်မိပါက ၄င်းထဲရှိ Pectin နှင့် Oxalic အက်ဆစ် ဓာတ်များက အစာအိမ်ကို ရောင်ရမ်းနာကျင်စေနိုင်ပါတယ် ။

(၆) ဆန်။

ဆန်(ထမင်း)ထဲမှာပါတဲ့  မြောက်များစွာသော ကစီဓာတ်က တစ်နေ့ တာလုံးအတွက် ခွန်အားကိုပေးစွမ်းနိုင်ပါတယ် ။ ဒါကြောင့် ထမင်းကို အာဟာရအဖြစ် အစားသင့်ဆုံး အချိန်ဟာ နေ့ လည်စာဖြစ်ပါတယ် ။ ညဘက်စားသုံးခြင်းက ကိုယ်အလေးချိန် တက် စေနိုင်ပါတယ် ။ (အလျဉ်းသင့်၍ ကျန်းမာသုတအနေဖြင့် အကြံပြုချင်ပါသေးတယ်။ ဆူရှီ(ခေါ်)ထမင်းလိပ်တွေက အရသာရှိတာ မှန်သော်လည်း များများစားခြင်းက ဘေးဖြစ်စေပါတယ် ။ အဘယ်ကြောင့်ဆိုသော် အရသာရှိအောင် ပြုလုပ်ထားတဲ့ ဆူရှီထဲမှာ ကယ်လိုရီတွေ အမြောက်အများ ပါရှိနေကြလို့ ပါဘဲ)

(၇) အသား။

အမဲသား ၊ ဆိတ်သား တို့ လို အနီရောင်အသားများမှာ သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ၊ ခွန်အားနည်းခြင်း နဲ့  အလွန်အမင်း မောပမ်းခြင်းဝေဒနာတွေကို ကောင်းကျိုးပြုပါတယ် ။ သို့ သော် ၄င်းအနီရောင်အသားတွေကို စားသုံးပြီးတဲ့အခါ အစာအိမ်နဲ့ အူ လမ်းကြောင်းမှာ ကောင်းစွာကျေညက်ဖို့  အတွက်ဆိုရင် ကာလအားဖြင့် ၄ နာရီမှ ၆ နာရီကြာ အချိန်ပေးရပါ တယ် ။ ဒါကြောင့် အသားဟင်း လျာတွေကို ညစာ မစားသင့်ပါဘူး ။ နေ့ လည်စာအဖြစ်သာ စားသင့်ပါတယ်။

(၈) အစေ့အဆံ။

အခွံမာသီး အစေ့အဆံများဖြစ်ကြတဲ့ ဥပမာ မြေပဲ ၊ သီဟိုစေ့ ၊ ဗာဒံစေ့ ၊ နေကြာစေ့ များဟာ သွေးတိုးရောဂါအပါအ၀င်၊ သွေးတိုး ရောဂါနဲ့ ဆက်စပ်လျက်ရှိတဲ့ နှလုံးသွေးကြောရောဂါ နှင့် လေဖြတ်ခြင်းတို့ မှ ကာကွယ်ပေးနိုင်ပါတယ်။ သို့ သော် ၄င်းအစေ့အဆံ တွေမှာ အဆီ နဲ့ ကယ်လိုရီ မြင့်မား စွာပါရှိနေ တာကြောင့် ညဖက်စားသုံးပါက လူကို အ၀လွန်စေပါလိမ့်မယ်။ အစေ့အဆံများ စားသုံးရန် အသင့်တော် ဆုံးအချိန် ကတော့ နေ့ လည်စာ စားပြီးနောက် အချိန် တစ်နာရီခန့် အကြာ (သို့ ) ညနေခင်း အဆာပြေ အဖြစ် စားသုံးသင့်ပါတယ်။

(၉) အနက်ရောင်ချောကလက်။

အနက်ရောင်ချောကလက်တွေဟာ ဦးနှောက်သို့ သွေးလည်ပတ် စီးဆင်းမှု အားကောင်းစေပြီး ၊ ချောကလက်စားပြီးနောက် နှစ် နာရီ(သို့ ) သုံးနာရီအတွင်းမှာပင် သိသိသာသာ စိတ်ဖိစီး မှုတွေ ပြေလျော့သွားကာ မှတ်ဥာဏ်အား ကောင်းလာစေတာကြောင့် အထူးသဖြင့် ချောကလက်ကို နံနက်ပိုင်း အချိန်မှာ စားသုံးပေးသင့်ပါတယ် ။ ဒါ့ပြင် နို့ နဲ့ အချိုမပါရှိသော သဘာဝအ နက်ရောင် ချောကလက်က အရွယ်တင်နုပျိုစေတဲ့အပြင် နှလုံးအတွက် ကောင်းကျိုးပြုပါတယ် ။ သို့ သော် တန်ဆေးလွန်ဘေးဆိုသလို ချောကလက်ကို သွားရည်စာအဖြစ် အမြဲစားသုံးမိပါက ၀က်ခြံထွက်စေနိုင်၍ သတိပြုဆင်ခြင်ပါ။

(၁၀) သံလွင်ဆီ။

ဟင်းသီးဟင်းရွက်များကို သံလွင်ဆီဖြင့်ကြော်စားခြင်းက ကျန်းမာရေးအာနိသင်အတွက် ပိုမို အကျိုးထူးတာမှန်သော်လဲဘဲ ၊ သံ လွင်ဆီထဲမှာ ကယ်လိုရီတွေမြောက်များစွာပါရှိနေတာကြောင့် ၄င်းသံလွင်ဆီဖြင့် ချက်ပြုတ်ကြော်လှော်ခြင်းကို ရက်သတ္တပတ် လျှင် သုံးရက်ထက်ပို၍ မစားသင့်ပေ ။

(၁၁) သောက်ရေ ။

ခန္ဓာကိုယ်ကြီး အဆိပ်အတောက်ပြေစေရန် နှင့် ဇီဝဖြစ်စဉ်ကောင်းမွန်စေရန်တို့ အတွက် တစ်နေ့ လျှင် သောက်ရေသန့် ကို ၆ ခွက်မှ ၈ ခွက်အထိ သောက်ပါလို့  ဆိုရိုးစကားရှိသော်လဲဘဲ ၊ ၄င်းပမာထက်ပိုမို၍ မိမိသောက်နိုင်သလောက် သောက်ပေးသင့် ပါတယ် ။ ဒါ့ပြင် သောက်ရေတစ်မျိုးတည်းသာမက ရေနွေးကြမ်းအပါအ၀င် ၊ သဘာဝ သစ်သီးဖျော်ရည်၊ အဆီ နှင့် အချိုဓာတ် နည်းသော ကော်ဖီ (သို့ ) လ္ကက်ရည် (သို့ ) ချောကလက်ဖျော်ရည် စတဲ့ အရည်တို့  ကိုလည်း ဖြည့်စွက်၍ သောက်ပေးနိုင်ပါ တယ်။

(၁၂) ဟင်းသီးဟင်းရွက်အမျိုးမျိုး။

သစ်သီးဝလံများဟာ ဟင်းသီးဟင်းရွက်များလိုဘဲ ကျန်းမာရေးအာနိသင် ထပ်တူညီတယ်လို့  လူအများက ထင်မှတ်မှားနေကြပါ တယ် ။ အမှန်တကယ်မှာတော့ ဟင်းသီးဟင်းရွက်တွေက သစ်သီးဝလံများထက် ပိုမို၍ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ် ။ ဒါ ကြောင့် နေ့ စဉ်စားသောက်တဲ့ ထမင်းဝိုင်းမှာ ဟင်းသီးဟင်းရွက်များကို အသုပ် ၊ အကြော် ၊ ဟင်းချို စွပ်ပြုတ် ၊ တို့ စရာ စသဖြင့် ဟင်းလျာစုံဖန်တီး၍ များများစားပေးသင့်ပါတယ်။

ဆောင်းပါးရှင် - ပေါက်ပေါက်
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ