Bad breath ခံတွင်းနံ့ မကောင်းရင်


၁။ ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၃၃။ အိမ်ထောင်မရှိ။ ရာသီမှန်။ ခန္ဓာကိုယ်က အမြဲပူ။ အသီးအရွက်စား ရေသောက်ပေမယ့် ဝမ်းချုပ်တတ်ပါတယ်။ အခက်အခဲဖြစ်နေတာက ခံတွင်းနံ့မကောင်းတာ ငယ်ငယ်တည်းကပါ။ ငယ်ငယ်တည်းက သူများနဲ့စကား အနီးကပ်ပြောဖို့ ယုံကြည်မှုမရှိခဲ့ပါ။ သွားဆေးခန်းပြဖူးပါတယ် ပြီးခဲ့တဲ့နှစ်က သွားချေးကျောက်နည်းနည်း ရှိလို့ ခွာဖို့ ပြောပေမယ့် မခံနိုင်လို့ မလုပ်ဖြစ်ခဲ့ပါ။ ခု ခံတွင်းသန့်ဆေးရေငုံဆေးတွေသုံးပြီး အလုပ်လုပ်ပေမယ့် ကြာတော့ အဆင်မပြေလို့ပါဆရာ။ ဆရာ့အချိန်အားလပ်မှ လမ်းညွှန်ပေးပါဆရာ။ ဆရာ ကျန်းမာပါစေ။

၂။ ကျွန်တော်အသက် ၂၆ နှစ်ပါ။ ခုတလော ခံတွင်းအနံ့ ဆိုးတွေ ပါးစပ်က ထွက်နေလို့ အနံ့ ပျောက် အောင်ဘယ်လို လုပ်ရမလဲဆရာ။

၃။ ဆရာရေမင်္ဂလာပါရှင့်။ ကျွန်မအသက်က ၂၃ နှစ်ပါ။ ကျွန်မငယ်စဉ်ကတည်းက ခံတွင်းအနံ့အသက်မကောင်းပါ။ ငယ်စဉ်အခါက တိုက်ဖွိုက်၊ အဆုတ် TB လိုရောဂါကြောင့် ဆေးတော်တော်များများသောက်ဖူးပါတယ်။ သွားနှင့်ခံတွင်း သန့်ရှင်းမှုကိုလဲ ဂရုစိုက်ပါတယ်။ ဝမ်းမှန်ပေမယ့် ဝမ်းဝအောင်မသွားတာကပုံမှန်လိုဖြစ်နေပါတယ်ဆရာ။ ဝမ်းနုတ်ခြင်းတွေ ပြုလုပ်ပေမယ့် ခံတွင်းနံ့ဆိုးခြင်းက မသက်သာပါဘူးဆရာ။ ပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းစေပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကို ပျောက်ကင်းအောင် လုပ်ဆောင်ရမည့်အချက်များကို ညွှန်ကြားပေးပါ။

လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကို ဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာ ခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲ အနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။

အစားအစာတွေကို ပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာ အဆုပ်ကို ရောက်ရာကနေ အသက်ရှူထုတ်တော့ ဆိုင်ရာ အနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာ အစားအစာတွေ ကပ်သတ် ကျန်နေရင် ဗက်တီးရီးယားတွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာ အနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ အဆိပ်လိုဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရော မေးရိုးပါ ရောဂါ ရစေနိုင်တယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေစားရင် ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာ အနံ့ဖုံးပေးတာ လောက်သာ တတ်နိုင်တယ်။ သွားတုတပ်တာ နေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲ အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။ ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာ ပါးစပ်ကို သန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကို ဖြေပေးတယ်။ သေသွားတဲ့ ဆဲလ်တွေကိုလဲ ရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလို ကောင်းကျိုးတွေ မဖြစ်စေတော့ဘဲ ပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ တံတွေး ထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။ နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် ဆိုင်းနပ်စ်ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက်ဆန်ရောဂါ၊ အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကြောင့် အာခေါင်ခြောက်နေနိုင်တယ်။

(၁) လျှာ
လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလို မဖြစ်ပါစေနဲ့လို့ တင်စား ပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ ဗက်တီးရီးယားကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလို ပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေက ပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုး ထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကို ဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲ အနံ့ဆိုကို ဖုံးပေးတာသာဖြစ်တယ်။ လျှာကို သန့်ရှင်းရေးက ပိုအရေးကြီးတယ်။

(၂) ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲက တချို့တွေက အနံ့ဆိုး ထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ ပရိုတင်းတွေကို ချေဖျက်ပြီး အမိုင်နိုအက်စစ်တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptan တွေဖြစ်တဲ့ အနံ့ဆိုးဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာ အာဖရိက ကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီး ဒီခေတ်မှာ သူများအပြစ်တင်တာကို ပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသား မပြောပါနဲ့တဲ့။

(၃) သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကို အားလုံးကတော့ လက်မခံပါ။

(၄) နှာခေါင်း၊ ဒုတိယလိုက်တယ်။ ဆိုင်းနပ်စ်ရောဂါ ထိပ်ခပ်နာ နဲ့ ပြင်ပပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။

(၅) အာသီးရောဂါကနေ ဆဲလ်တွေပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုး ထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။

(၆) အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။

(၇) အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။

(၈) တခြားရောဂါတွေကတော့ Fetor hepaticus ရောဂါ၊ အသက်ရှူလမ်းအောက်ပိုင်း ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နဲ့ အစာမြိုပြွန်ကင်ဆာတွေ ဖြစ်တယ်။

ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်း သန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲ သွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း တနေ့တခါ လုပ်ပါ။
• သွားအတုကို ညအချိန် ဖြုတ်ထားပြီး သန့်ရှင်းပေးပါ။
• သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
• ရေများများ သောက်ပါ။
• Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြား မပါတာကို ငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေ သွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
• ကြော်ညာပြီး ရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်တွေကို သတိပြုသုံးပါ။ ခဏလောက်သာ အနံ့ဆိုးကို ဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantum verde တွေဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းက ရောင်းခွင့်ပိတ်လိုက်ပြီ။
• Antiseptic mouth-rinse တွေက ပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, Chlorhexadine Gluconate Mouth Wash, Chlorhexidine Mouthwash, C-Nate--Chlorhexidine Gluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။
• လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm ဗက်တီးရီးယား၊ Debris အစာ အကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာ သုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။
• Gargling တခုခုစားပြီးတိုင်း ပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကို သုံးတယ်။ တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲ သုံးတယ်။
• အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ Betel leaf ကွမ်းသီး-အခြောက်တွေကို ဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ Squamous cell carcinoma ကင်ဆာ ဖြစ်စေမလား စိုးရိမ်တယ်။ Lemon သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲ သုံးနိုင်တယ်။
• သွားခံတွင်း ကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြား ကျန်းမာရေး စစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကို ကုရတာ ခက်တယ်။ တာရှည်ဖြစ်နေရင် Periodontal disease သွားဖုံးရောဂါကို ဆက်ဖြစ်စေနိုင်တယ်။ Plaque on teeth သွားအပေါ်ဖုံးအလွှာဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကို ကောင်းစေတယ်လို့ သုတေသနက သက်သေမပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကို သိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲက ကဲသူတွေကို Halitophobia ဆိုတာ Delusion halitosis လို့ ခေါ်တယ်။ စိတ်ကူးထဲမှာ အလိုလိုကြာညိုနံ့သင်းချင်နေသူကို ပြောတာပါ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ