TB Medicines Side Effects တီဘီဆေးတွေရဲ့ ဘေးထွက်သက်ရောက်မှုတွေ


ဆရာ မင်္ဂလာပါရှင့် ကျွန်မ အသက် ၂၅ ပါ။ အိမ်ထောင်မရှိပါဆရာ။ အဆုတ် TB ဖြစ်လို့ ဒီနေ့ဆေးစသောက်ပါတယ်ဆရာ။ သလိပ်အဖြေစစ်ဆေးထားဆဲ ပါဆရာ။ နေ့လည်ပိုင်းမှာကိုယ်အပူချိန်တွေ တက်လာပါတယ်ဆရာ။ TB ဆေးနဲ့ဝေးပြီး Para လိုမျိုးသောက်လို့ရပါသလားဆရာ။ အားဆေးရောဘယ်လိုဆေးနဲ့ဆိုရင်သင့်တော်ပါမလဲဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

တီဘီဆေးကို စနစ်တကျသောက်ပါ။ ပျောက်ပါတယ်။ ကိုယ်ပူရင် အပူကျဆေးသောက်နိုင်တယ်။ အစားရှောင်ရန်မလို။ ဆေးပညာစာ ဆရာ့ဘလော့မှာ ဖတ်နိုင်။

မင်္ဂလာပါဆရာ ကျွန်မ TB ဆေးသောက်တာ ၅ရက်ရှိပါပြီဆရာ။ လက်တွေခြေထောက်တွေမှာ ယားယံပြီး အဖုတွေ ထွက်လာပါတယ်ဆရာ။ ပထမရိုးရိုးပဲထင်ခဲ့တာပါဆရာ။ TB ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နေမလားလို့ပါဆရာ။

မေးခွန်း နမူနာသာဖြစ်ပါတယ်။ တီဘီဆေးတွေမှာ တခြားဆေးတွေလိုပါပဲ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ ဆေးစနစ်တကျမငောက်ရင် MDR TB ဆေးယဉ်တီဘီဖြစ်တယ်။ စာသပ်သပ်ရေးထားပါတယ်။ နောက်တချက်က ရုတ်တရက် သေဆုံးရတာမှာ သေဆုံးရခြင်း အကြောင်းရင်းကို စစ်ဆေးတာမလုပ်ပဲတော့ မှန်းပြောတာတွေက မှန်ချင်မှမှန်ပါမယ်။ မှန်တာလည်း ရှိချင်ရှိမှာပေါ့။ သေချာတာတခုက တီဘီဆေးတွေကနေ (ရှော့ခ်) ခေါ်တဲ့ (အနာဖလက်တစ် ရှော့ခ်) မရပါ။ အဲလိုရစေတဲ့ဆေးထဲမှာ တီဘီထိုးဆေး Streptomycin ပါတယ်။ Penicillin ထိုးဆေးလိုဖြစ်တတ်တယ်။ တခါထိုးတာနဲ့ ဖြစ်တယ်။ အရေးပေါ်ဆေးကုသမှသာ အသက်ရှင်တယ်။ တခါထိုးလို့ အဲလိုမဖြစ်သူတွေမှာ နောက်ထိုးရင်မဖြစ်ပါ။ တီဘီကနေဆက်ဖြစ်တဲ့ အဆုပ်မကောင်းတာကနေလည်း အသက်ဆုံးပါးနိုင်ပါတယ်။

တီဘီဆေးတွေရဲ့ ဘေးထွက်သက်ရောက်မှုတွေ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။
• Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။
• TB ဆေးသောက်နေရင် အရက်မသောက်ရပါ။

Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံးသုံးတယ်။
• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။
• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။
• Pyrazinamide ကနေလဲ အသည်းကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။
• Rifampin ကနေလဲ အသည်းကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။
• Isoniazid ကနေလဲ အသည်းကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

အရေးအကြီးဆုံးအချက်ကိုပြောပါမယ်။ ဆေးဝါးဗေဒအရသာ စုံစေ့အောင်ရေးရတာပါ။ ဘေးထွက်ဆိုးကျိုးတွေရှိပေမဲ့ တီဘီဆေးတွေကို စနစ်တကျသောက်ရပါမယ်။ ပျောက်ပါတယ်။ ဆေးသောက်တာမမှန်လို့၊ ဆေးအဆနည်းလို့၊ ဆေးသောက်ရက်မကုန်လို့ ဖြစ်နိုင်တဲ့ ဆေးယဉ်တီဘီဖြစ်သွားရင် အတော်ကြီးကိုခက်ပါလိမ့်မယ်။

ကမ္ဘာ့တီဘီနေ့ ၂ဝ၁၄ တုံးက ယူအက်စ် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးရဲ့ဝဘ်ဆိုက်မှာတင်ထားတဲ့ စာရင်းဇယားတွေထဲက တီဘီကုသရာမှာ ဆိုးတဲ့ဘေးထွက်ဆိုးကျိုးများကို ထုတ်နုတ် တင်ပြပါမယ်။
• စိတ်ကျခြင်း-စိတ်ရောဂါရခြင်း = ၁၉%
• နားအကြားထိခိုက်ခြင်း = ၁၃%
• အသည်းရောင်ခြင်း = ၁၃%
• ကျောက်ကပ်အလုပ်ထိခိုက်ခြင်း = ၁၁%
• လှုတ်ရှားမှုမလုပ်နိုင်ခြင်း = ၈%
• အမြင်အားနည်းခြင်း = ၇%
• တက်ခြင်း = ၁%

တီဘီဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှာသောက်တာ စိတ်ချရပါတယ်။ တီဘီဆေးတွေသောက်နေသူတိုင်း ဗီတာမင် ဘီ အုပ်စုလိုတယ်။ ဘီ-၆ မပါလို့မရပါ။ အစားအသောက် လုံလောက်-မျှတအောင်စားရမယ်။ လေသန့်တာကောင်းတယ်။ ကိုယ်လက်လှုပ်ရှားမှုကောင်းတယ်။ ဆေးလိပ်ဖြတ်ရမယ်။ သက်သာလာတဲ့ ကိုယ်အလေးချိန်တက်လာမယ်။ ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုရှိတာချည်းပါ။ အကျိုးနဲ့ အဆိုး ချိန်ဆရတယ်။ မဟုတ်ရင် ဆေးယဉ်တီဘီဖြစ်လာနိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ