Polycystic Ovarian Syndrome (PCOS) မျိုးဥအိမ်အကျိတ်များရောဂါ


အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။ Polycystic Ovarian Disease (PCOD) လို့လည်းခေါ်တယ်။

ဆရာရှင့် သမီးအသက် ၂၃ ပါ single ပါရှင်။့ လွန်ခဲ့တဲ့နှစ်လောက်ကတည်းက ရာသီလာရင်အောင့်ပါတယ် ။ og ပြတော့ သမီးမှာရေအိတ်ရှိနေတယ်ပြောလို့ meftal spas သောက်ဆေးပေးပါတယ်။ အဲ့ဆေးသောက်တာသက်သာပါတယ်။ ဒါပေမယ့် သမီးအစာအိမ်ရောင်လို့ အူလမ်းကြောင်းဆရာဝန်က အဲ့ဆေးမသောက်ခိုင်းဘူးရှင့် ပြီးခဲ့တဲ့လကတည်းက ပြန်အောင့်တာ ဒီလရာသီက တရက်ထဲလာပြီး အကြည်ရည်တွေဘဲဆက်တိုက်ဆင်းပါတယ် og ပြန်ပြတော့ သမီးကို ultrasound ပြန်ရိုက်တော့ ရေအိတ်တွေကသေးသေးလေးတွေများကြီးရှိတယ်ပြောပါတယ်။ တလနှစ်ကြိမ်ဆေးထိုးခိုင်းပါတယ် ဆေးက medroxyprogesterone acetate 150 mg ၉လဆက်တိုက် ၃လနေပြန်ပြီး ultrasound ရိုက်ခိုင်းပါတယ် သမီးသိချင်တာက ရေအိတ်က ပျောက်နိုင်လား ဘာတွေဆင်ခြင်ရမလဲဆိုတာရယ် အခုသမီးကိုပေးတဲ့ထိုးဆေးမှာ ဘာအကျိုးသက်ရောက်မှုရှိမလဲသိချင်တာပါရှင့်။ သမီးကိုပေးထားတဲ့ထိုးဆေးပါ သမီးပြောတာအမှားပါမှာစိုးလို့ ပုံပို့ပေးတာပါရှင့်။ ရေအိတ်က ဘယ်ဘက်မှာ ရှိနေတယ်ပြောပါတယ်ရှင့် သမီးရာသီပြီးတာဆယ်ရက်ကျော်ပါပြီ အခုထိလဲ ဘယ်ဘက်ဆီးခုံဘက်က တချက်တချက်အောင့်နေတုန်းမို့ပါ။ သမီးမေးတာတွေအမှားပါခဲ့ရင် ခွင့်လွှတ်ပါရှင့်။

အရင်ကလည်း အတော်များများမေးတယ်။ အခုမနက် Dear Doctor အင်္ဂလိပ်လိုရေးမေးတယ်။ မေးတဲ့သူညီမ၊ အသက် ၃ဝ၊ အိမ်ထောင်မရှိ။ ရာသီမလာတာ ၃ လ။ အမေးများလို့ မြန်မာပြည်ကအမျိုးသမီးတွေမှာ အဖြစ်များနေတာသိရပါတယ်။ ဆေးရီး။ PCOS ရောဂါဆိုတာ အမျိုးသမီး မီးယပ်ရောဂါတခု ဖြစ်တယ်။ အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နိုင်တယ်။ ကလေးမရဖြစ်ရတဲ့ အဓိက အကြောင်းတရားလဲ ဖြစ်တယ်။ ရောဂါလက္ခဏာက ဆယ်ကျော်သက်ကတည်းကစတယ်။ ရာသီမမှန်တာ၊ ရာသီမလာတာ၊ ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန်များတာ၊ အမွှေးပေါက်များတာ၊ လူအဝလွန်လာတာ၊ ဆီးချို-သွေးတိုး-နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဆေးကုသမှု သေသေခြာခြာလုပ်ရင် အများကြီး သက်သာစေတယ်။ ရောဂါလက္ခဏာ တခုချင်းကို ကုသရတယ်။

PCOS ရောဂါကို Stein-Leventhal syndrome လို့လဲ ခေါ်တယ်။ မျိုးဥအိမ်တွေမှာ အကျိတ်လေးတွေ အများကြီး ဖြစ်နေတယ်။ ဘာလို့ဖြစ်သလဲ၊ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တခါတလေ မသိနိုင်ဘူး။ မျိုးရိုးနဲ့ ပါတ်ဝန်းကျင်ကနေလဲ ဖြစ်နိုင်တယ်။ တချို့ ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်ထဲက Pituitary gland ကနေ ထုတ်ပေးတဲ့ LH ဟော်မုန်း လဲများနေတာ တွေ့ရသေးတယ်။

ဒီရောဂါရဲ့ ပင်မလက္ခဏာကတော့ -
1 Menstrual disturbances ရာသီမမှန်တာ နဲ့
2 Androgens ကျား-ဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။

ရာသီမမှန်ဘူးဆိုတာ -
1 Primary amenorrhea မွေးကတည်းက ရာသီတခါမှ မလာတာ၊
2 Oligomenorrhea ရာသီအလာနည်းတာ၊
3 Secondary amenorrhea ရာသီထိန်တာ၊
4 Anovulatory cycles ရာသီလာပေမဲ့ မျိုးဥ မထွက်တာ နဲ့
5 Heavy bleeding သွေးအများကြီး ဆင်းတာ၊ ဖြစ်နိုင်တယ်။

ကျား-ဟော်မုန်းများနေလို့ ဖြစ်လာမဲ့ လက္ခဏာကတော့ -
1 Acne ဝက်ခြံပေါက်တာ၊
2 Hirsutism အမွှေးပေါက်များတာ၊
3 Male-pattern hair loss ယောက်ျားတွေလို ဆံပင်ကျွတ်တာ (ထိပ်ပြောင်တာ) တွေ ဖြစ်တယ်။

တခြား လက္ခဏာကတော့ -
• Obesity and weight gain ကိုယ်လေး-လူဝမယ်၊
• Elevated insulin levels and insulin resistance ဆီးချိုထိန်းတဲ့ (အင်စူလင်) ဟော်မုန်း များနေမယ်၊
• Oily skin အရေပြား အဆီပြန်မယ်၊
• Dandruff ခေါင်းမှာ ဘောက် ပေါက်မယ်၊
• Infertility ကလေးမရဖြစ်မယ်၊
• Skin discolorations အရေပြား အရောင်ပြောင်းတာ တချို့နေရာတွေမှာ ဖြစ်မယ်၊
• High cholesterol levels (ကိုလက်စထော) များနေမယ်၊
• Elevated blood pressure သွေးဖိအားများနေမယ်၊
• Multiple, small cysts in the ovaries မျိုးဥအိမ်မှာ အကျိတ်တွေ ဖြစ်နေတာတွေ ဖြစ်တယ်။

ရောဂါလက္ခဏာတွေကသာ ရောဂါနာမယ် တပ်တာနဲ့ ကုသတာအတွက် အရေးကြီးတယ်။ မျိုးဥအိမ်မှာ အကျိတ်လေးတွေ တွေ့တာနဲ့တော့ ရောဂါမဟုတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို ရောဂါလက္ခဏာတွေ ကြည့်ရမယ်။ Androgen ကျား-ဟော်မုန်း (အင်ဒရိုဂျင်) စစ်ရတယ်။ DHEA နဲ့ Testosterone တွေ ကဲနေတတ်တယ်။ ကျား-ဟော်မုန်း (တက်စတိုစတီရုံး) များနေတာ တခုထဲနဲ့တော့ PCOS ရောဂါလို့ မပြောပါ။ Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းတာ စစ်ရတယ်။ Prolactin ခေါ်တဲ့ နို့ထွက်-ဟော်မုန်း စစ်ရတယ်။ မျိုးဥအိမ် Ovary နဲ့ Adrenal glands ကျောက်ကပ်အထက်က (အဒြီနယ်လ်) အိတ်တွေ Tumor အလုံး ဖြစ်နေသလား စစ်ရတယ်။

အာလ်ထွာဆောင်းရိုက်ရင် မျိုးဥအိမ်မှာ အရည်အောင်းနေတဲ့ Cysts အိတ်လေးတွေ တွေ့မယ်။ (CT scan) နဲ့ (MRI) တွေရိုက်ရင်လဲ တွေ့မယ်။ CT scans ရိုက်တာက X-rays နဲ့ Dyes သုံးရလို့ လူတိုင်းကို မလုပ်ပါ။

PCOS ကို ဘယ်လို ကုသမလဲ -
အမျိုးသမီး အသက်ကိုကြည့် ကုရတယ်။ ငယ်သူတွေကို ကိုယ်ဝန်တားဆေး ပေးနိုင်တယ်။ ရာသီမှန်စေမယ်၊ သားအိမ်ကင်ဆာ အဖြစ်နည်းစေမယ်။ နောက်တနည်းကတော့ Progesterone ဟော်မုန်းကို ပေးလိုက်-ရပ်လိုက် လုပ်တယ်။ ကိုယ်ဝန်ကိုတော့ တားပေးမှာ မဟုတ်ဘူး။ ဝက်ခြံပေါက်နေသူ၊ အမွှေးများနေသူတွေကို ဆီးသွားဆေး Spironolactone (Aldactone) ပေးနိုင်တယ်။ သူတွေတို့ကို ဒီဆေးပေးရင် (ပိုတက်ဆီယမ်) စစ်နေရမယ်၊ Kidney function ကျောက်ကပ် စစ်နေရမယ်။ မျက်နှာ အမွှေးပေါက်သူတွေက Eflornithine (Vaniqa) (ခရင်) လိမ်းရတယ်။ ကလေးရချင်သူတွေဆိုရင် Clomiphene (Clomid) ဆေးပေးရင် မျိုးဥထွက်စေနိုင်တယ်။ လိုအပ်ရင် Gonadotropin ဟော်မုန်း ပေးမယ်။ တခြား ကလေးရစေနည်းတွေ သုံးနိုင်တယ်။ ကိုယ်အလေးချိန် ချရမယ်။ ဆီးချိုအမျိုးအစား (၂) ရှိနေရင် Metformin (Glucophage) ဆေးပေးမယ်။ ခွဲစိတ်ကုသဘို့လိုရင် Ovarian drilling နည်း လုပ်ရမယ်။

ဆေးကျောင်းမှာ ရောဂါဗေဒသင်ရတုံးက လူတွေမှာဖြစ်တဲ့ရောဂါဘယတွေကအလွန်များတယ်။ ကူးစက်နိုင်တာတွေကလဲ ပေါလွန်းလှတယ်။ အဲဒီအထဲက ရောဂါမရဖြစ်နေတာက အံ့သြဘို့ကောင်းတယ်လို့ မှတ်သားရဘူးတယ်။ အခုရောဂါလိုက ဘာလို့ကိုယ့်မှာလာဖြစ်ရသလဲ သိဘို့လဲခက်တယ်။ ကုရတာလဲမလွယ်ပါ။ အဲတာကြောင့် မြန်မာပြည်သူပြည်သားတွေ ကံတရားကောင်းအောင် နေ့စဉ် (အချိန်တိုင်းမှာ) ကြိုးစားနေကြဘို့ရာ အကြံပေးချင်ပါတယ်။

Dr တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ