ကြောက်မက်ဖွယ် Flakka စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရာယ်။


အခုတလော ကိုယ်လုံးတီးချွတ်ပြီးလမ်းပေါ်လျှောက်သွားနေတဲ့ ဓါတ်ပုံသတင်းတွေကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တစ်ကြိမ်ထက်မက တွေ့ လိုက်ရတဲ့အတွက် အနောက်နိုင်ငံတွေက ကြောက်မက် ဖွယ် Flakka စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးဟာ ကျွန်တော်တို့ စီကိုလည်း ရောက်လာပြီလားလို့  စိုးရိမ်မိသွားပါတယ်။

Flakka ကို Zombie Drug လို့ လည်းခေါ်ကြပါတယ်။ နာမည်ကျော် Train to Bhusan ဆိုတဲ့ ဇာတ်ကား ကို ကြည့်ပြီးသူတိုင်းက Zombie ဆိုတာကို ကောင်းကောင်းသိကြပါတယ်။ Flakka ဆေးဝါးကိုသုံး ထားသူတွေဟာ ကယောင်ကတမ်းတွေပြော၊ မြေပြင်မှာလူးလိမ့်၊ အ၀တ်အစားတွေအားလုံးချွတ်ပြီး လျှောက်ပြေး၊ ကားတွေ၊နံရံတွေကို ခေါင်းနဲ့ ပြေးတိုက်၊ နောက်ဆုံး ကိုယ့်မျက်နှာကိုကိုယ် အရေပြား ဆုတ် သွားတဲ့အထိ ကုတ်ခြစ်ဆွဲဖြဲတတ်ကြသလို အခြားလူတွေကိုလည်း မျက်နှာတစ်ခုလုံး ရစရာမရှိအောင် လိုက်ကိုက်တတ်ကြပါတယ်။

အမြင်မှာ ဆားပွင့်ခပ်ကြီးကြီးတွေနဲ့ တူပါတယ်။ ကိုကင်းလိုလို၊ဘိန်းဖြူလိုလိုဖြစ်ပြီး ရှူသွင်းတာ၊ ဆေးတောင့်လုပ်ပြီးသောက်တာ အစရှိသည်ဖြင့် သုံးစွဲကြပါတယ်။ Flakka သုံးထားပြီးရင် မူမမှန်တဲ့ပုံစံနဲ့  အားတွေရှိနေပါတယ်။ တစ်ခါတုန်းက ဖလော်ရီဒါပြည်နယ်မှာ Flakka သုံးပြီး လူနှစ်ယောက်ကို သတ်ဖြတ် လိုက်သူဟာ အသက် (၁၉)နှစ်ပဲရှိသေးတဲ့ ကျောင်းသားလေးပါ။ တစ်ယောက်ကို မျက်နှာချဉ်း ကိုက်ထား တာဖြစ်ပါတယ်။ ဒီကျောင်းသားမှာ ပြစ်မှုဟောင်း မရှိပါဘူး။ သူ Flakka သုံးပြီးသတ်လိုက်တဲ့လူ နှစ်ယောက်ကတော့ အသက် ၅၃ နှစ်နဲ့  ၅၉ နှစ် အသီးသီးရှိသူတွေဖြစ်ပါတယ်။

Flakka ဆိုတာ ဘာလဲ။ Texas Poison Centre Network က ရှင်းပြထားချက်အရ Flakka ဆိုတာ alpha -pyrrolidinopentiophenone (alpha-PDP) ဖြစ်ပါတယ်။ တရုတ်နိုင်ငံကအများဆုံးထုတ်လုပ်ပြီး တစ်ကြိမ်သုံးစာကို အမေရိကန် ၅ ဒေါ်လာ အထိ ပေးရပါတယ်။ Flakka က အဖြူ ဒါမှမဟုတ် အပန်း ရောင် ပုံဆောင်ခဲတွေနဲ့ လာပါတယ်။ အနံ့ နံပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ငါးအလှမွေးကန်တွေ ထဲမှာထည့်တဲ့ ဗြုံးကျောက်ခဲအသေးလေးတွေနဲ့  တူပါတယ်။

Flakka က စိတ်ကိုလှုံ့ ဆော်ပေးပါတယ်။ Bath Salt လို့  အရပ်ထဲမှာသိကြတဲ့ Cathinone အုပ်စု ဖြစ်ပါ တယ်။ တရားမ၀င်မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ခံရတဲ့ လူလုပ်ဆေးဝါးတွေများလာလို့  ဒီ Flakka ကို အစားထိုးထုတ်လုပ်ဟန်တူတယ် လို့  UK နဲ့  US က ပညာရှင်များက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆို တော့ Flakka တဖြစ်လဲ Bath Salt တဖြစ်လဲ Cathinone ဆိုတာ Mephedrone အုပ်စုဖြစ်တဲ့အတွက် အရင်တုန်းက တားမြစ်ကန့် သတ်စာရင်းထဲမှာ မပါပါဘူး။ UK နဲ့  US မှာလည်း အရင်နှစ်လောက်ကမှ စပြီး တရားမ၀င်စိတ်ကိုပြောင်းလဲစေသောဆေးဝါး အဖြစ်သတ်မှတ်ပြီး ကန့် သတ်လိုက်တာပါ။

Flakka ဟာ နိုးကြားမှု၊ အာရုံစူးစိုက်မှုနဲ့  ခွန်အားတို့ ကို မြင့်တက်စေပါတယ်။ လွန်ကဲစွာသုံးစွဲလိုက်တဲ့အခါမှာတော့ ဖော်ပြပါအတိုင်း မကြားဝံ့၊မမြင်ဝံ့တာတွေ ဖြစ်ကုန်တာပါ။

Flakka လွန်ကဲသွားလို့  လူသားစားသူတွေဖြစ်ကုန်တာလား။ ၂၀၁၄ တုန်းက ဖလော်ရီဒါပြည်နယ်မှာ လူလူခြင်းကိုက်သတ်ခဲ့သူတစ်ဦးဟာ Flakka ရဲ့ အခြေခံ Bath Salt ကို သုံးထားတာ စစ်ဆေးတွေ့ ရှိ ခဲ့ပါတယ်။ ဒါပေမယ့် Bath Salt သုံးလို့  လူကိုကိုက်ချင်စိတ်ဖြစ်လာတာမဟုတ်ဘဲ စိတ်ကိုပြောင်းလဲ စေလို့ သာ ဖြစ်နိုင်မယ်လို့  ပညာရှင်များက ယူဆကြပါတယ်။ သာမန်လူအတွက်တော့ ဒါဟာ Bath Salt သုံးလို့  လူကိုကိုက်တာပဲပေါ့။ ဒီတော့ Flakka သုံးစွဲမှု လွန်ကဲသွားရင်လည်း Zombie တွေလိုဖြစ်ကုန် ပါတယ်။

ရုပ်ရှင်ထဲက Zombie တွေလိုပဲ ခြေတွေ၊လက်တွေကွေးညွတ်၊မြေပြင်ပေါ်မှာလူးလိမ့်၊ အဲဒီထဲကလိုပဲ ထူးဆန်းတဲ့အသံတွေထွက်ပြီး ကိုယ့်ပါးနှစ်ဖက်ကို မျက်စိအောက်ကနေ မပြဲမခြင်း ဆွဲဖြဲကြတာကို မှတ်တမ်းဗီဒီယိုတွေမှာ တွေ့ ရပါတယ်။ အခြားလူကိုတိုက်ခိုက်ရင်လည်း မျက်နှာကိုတိုက်ခိုက်လေ့ရှိပြီး ပုံမှန်မသွားနိုင်တော့ဘဲ ဖင်နဲ့ ဒရွတ်တိုက်သွားသူ၊ လေးဘက်ထောက်သွားသူ၊ နံရံကိုတက်ဖို့ ကြိုးစားသူ၊ လမ်းပေါ်ကကားတွေကို ခေါင်းနဲ့ ဝင်ဆောင့်သူ တွေ ကိုတွေ့ ရပြီး ကိုယ်လုံးတီးချွတ်ပြီးလမ်းလျှောက်တာ က အသိမ်မွေ့ ဆုံးသော ဆိုးကျိုးသက်ရောက်မှုလို့  ဆိုရမလိုဖြစ်နေပါတယ်။

အခြားမူးယစ်ဆေးဝါးတွေလိုပဲ လွန်ကဲသွားရင် အသက်အန္တရာယ်ရှိပါတယ်။ ဆေးကြောင့်မသေလဲ စိတ် ကြွပြီး လမ်းပေါ်မှာလျှောက်လုပ်နေလို့ မတော်တဆဖြစ်ပွားသေဆုံးနိုင်ပါတယ်။ မတော်တဆဖြစ်ပြီး မသေလည်း အခြားလူတွေကို သေစေနိုင်ပါတယ်။ အခြားလူတွေကို မသေစေလည်း ကိုယ့်မျက်နှာကို ကိုယ် သေရာပါမယ့်အပျက်အစီးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တစ်သက်လုံး လူ့ ဘောင်လူ့ အသိုင်း အ၀ိုင်းထဲမှာ မျက်နှာမဖော်ရဲအောင် အရှက်ရသွားနိုင်ပါကြောင်း Flakka ရဲ့  အန္တရာယ်ကို လေ့လာရေး သား တင်ပြလိုက်ရပါတယ်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ