ပန်းကလေးတွေ အကြွေမစောစေဖို့ ရင်သားကင်ဆာ ဂရုပြုပါ


ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်များ ကို ပထမဆုံး သိချင်ပါတယ်။

ကိုယ့်မိသားစုရာဇ၀င်မှာ ဖြစ်ဖူးသူရှိတာ၊ ရင်သားကင်ဆာ ဗီဇလို့ခေါ်တဲ့ BRCA-1 နဲ့ BRCA-2 ရှိတာ၊ P53 Mutation ရှိတာ အဲဒါတွေကြောင့် ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ အသက်အရွယ်အရ ၅၅ နှစ်အထက် တွေအဖြစ်များပါတယ်။ ရာသီစလာတဲ့အသက်အရွယ် စောတာ (ဥပမာ အသက် ၁၂ နှစ်အောက်)၊ သွေးဆုံးချိန်နောက်ကျတာ(အသက် ၅၅ နှစ်အထက်)အဲ့လိုလူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
အိမ်ထောင်ကျပြီး ကလေးတစ်ခါမျှမမွေးဖူးခြင်း ဒါမှမဟုတ် အသက် ၃၀ ကျော်မှ သားဦးမွေးခြင်း၊ မိမိကလေးကို မိခင်နို့တိုက်ကျွေးမှု မရှိခြင်း၊ သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုးကုထုံးခံယူခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးဆုံးပြီးနောက် အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေက လည်း ရင်သားကင်ဆာဖြစ်ဖို့အတွက် အခွင့်အလမ်းတွေပဲဖြစ်ပါတယ်

စောစောစီးစီးတွေ့ရတဲ့ သတိပေးလက္ခဏာတွေရော ရှိပါလား။

ရှိပါတယ်။ ရင်သားရဲ့ပုံသဏ္ဍန်ကိုကြည့်မိတဲ့အခါ၊ လက်နဲ့စမ်းကြည့်တဲ့အခါမှာ ပြောင်းလဲ မှုတစ်ခုခုရှိနေတာ၊ နို့သီးခေါင်း ပုံသဏ္ဍန်ပြောင်းလဲနေတာ၊ နို့သီး ခေါင်းကနေ အရည်ထွက်နေတာ အဲဒါတွေကတော့ ကြို တင်သိနိုင် တဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ကိုယ်တိုင်လေ့လာသိရှိရမယ့် အပိုင်းလေးကိုလည်းပြောပြပေးပါ။
အသက်၂၀အရွယ်ကစပြီး ကိုယ့်ရင်သားကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးနည်းကို ပြုလုပ်တတ်ဖို့လိုပါတယ်။ ကိုယ့်ရင်သားက ပုံ မှန်ဘယ်လိုမြင်တွေ့ရတယ်၊ စမ်း သပ်တွေ့ရှိတာကဘယ်လိုဖြစ်တယ် ဆိုပြီးသိရမယ်။ ပြောင်းလဲမှုတစ်ခုခုတွေ့ခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူ ဒါမှမဟုတ် နီးစပ်ရာ ဆေးခန်းတွေ၊ ဆရာဝန်တွေဆီကို ချက်ချင်းသတင်းပို့ရမယ်။ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ရင်သား စမ်းသပ် စစ်ဆေးတာကို အ သက် ၂၀ နဲ့ ၃၀ အရွယ် အမျိုး သမီးတိုင်း ၃ နှစ်ကိုတစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အသက် ၄၀ နဲ့အထက်တွေတော့ နှစ်စဉ်ပြုလုပ်သင့်ပါတယ်။ အသက် ၄၀ ကျော် သူတိုင်း နှစ်စဉ် ရင်သားအထူး ဓာတ်မှန်ရိုက်ခြင်းကိုလည်း ပြုလုပ်ရပါမယ်။

အရေးတကြီးလူနာတွေက ဘယ်လိုမျိုးတွေလဲ။

ဘယ်အသက်အရွယ်မဆို မာခဲပြီး အရေပြားနဲ့ကပ်နေတဲ့ အဖုအကျိတ်မျိုးတွေ့ခဲ့ရင်၊ အသက် ၃၀ နဲ့ အထက်အမျိုးသမီးတစ်ဦး နောက်တစ်ကြိမ်ရာသီပြီး သွားတာတောင် ရင်သားထဲမှာ အဖုအကျိတ် တစ်ခုရှိနေသေးခြင်း သို့မဟုတ် သွေးဆုံးပြီးအမျိုးသမီး မှာ အကျိတ်တွေ့ရှိခြင်း၊ ရင်သား တစ်ဖက်တည်းမှာ အရေပြား ဒါမှမဟုတ် နို့သီးခေါင်းပေါ်မှာ နှင်းခူနာလိုပြောင်းလဲမှုတွေ့ရပြီး ဆေးလိမ်းသော်လည်း မပျောက်သေး ဘဲရှိနေခြင်း၊ နို့သီးခေါင်းချိုင့်ဝင် ခြင်း၊ ပုံစံပြောင်းခြင်း။ ရင်သား တစ်ဖက်ဖက်မှ အကြောင်းရင်းမရှိ ဘဲ အရည်ကြည်များ၊ သွေးများ နို့သီးခေါင်းမှထွက်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ရင်တော့ ခွဲစိတ် အထူးကုဆရာဝန်ဆီ အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။

ရင်သားကင်ဆာကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင် တဲ့ အမျိုးသမီးတွေအတွက်တော့ ရင်သား ကင်ဆာကာကွယ်ဖို့ အထွေအထူးမလိုပါဘူး။ အဲဒါကြောင့် ကိုယ်အလေးချိန်မများစေဖို့၊ အ၀မလွန်စေဖို့ ထိန်းသိမ်းရမယ်။ ပြည့်ဝဆီတွေကို နည်းနည်း ပဲစားရမယ်။ အရက်နဲ့ဆေးလိပ် ရှောင်ကြဉ်ရမယ်။ ကာယလေ့ ကျင့်ခန်းကို ပုံမှန်လုပ်ပေးရမယ်။ အဲဒါဆိုရင်တော့ ရင်သားကင်ဆာ မဖြစ်ဖို့ ကာကွယ်ပြီးသားဖြစ်သွားပါပြီ။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေက ရင်သားကင်ဆာဖြစ်နိုင်ချေအခွင့် အလမ်းကို ၃ ပုံ ၁ ပုံ လျော့ကျစေနိုင်တယ်လို့ လေ့လာသိရှိရတယ်။ တစ်ပတ်မှာ အမြန် လမ်းလျှောက်လေ့ကျင့်ခန်းကို အနည်းဆုံး ၁ နာရီ ၂၅ မိနစ်က နေ ၂ နာရီ ၂၅ မိနစ်လုပ်မယ်ဆို ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။

ယခုလို ဖြေကြားပေးတဲ့အတွက် ကျန်းသုခ Health Guide မှ အထူးပင်ကျေးဇူးတင်ပါတယ်။

ပါမောက္ခ ဒေါက်တာဒေါ်ရင်ရင်ထွန်း
ကင်ဆာအထူးကုသမားတော်
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ