ကြီးမှ ပေါက်တဲ့ဝက်သက်


ကလေးဘဝက နွေရာသီ ကျောင်းပိတ်ရက်ကို အလွန်တမ်းတ ပါသည်။ မောင်နှမ တစ်တွေ သူငယ်ချင်းများ နှင့်အတူ တစ်နေကုန် ဆော့ကစား ကြခြင်း ဖြစ်သည်။ ကျွန်မနှစ်တန်း စာမေးပွဲဖြေပြီး ဧပြီလမှာ အစ်ကိုတွေက အရင်ဖျားပြီး အနီစက် အဖုသေးလေးများ ထွက်လာသည်။ မရှေးမနှောင်းမှာပင် ကျွန်မလည်း သူတို့လိုမျိုး တစ်ပုံစံတည်း လိုက်ဖြစ်သည်။ အန်တီဒေါက်တာက''ဝက်သက်'' ဖြစ်တာလို့ ပြောသည်။ ကျွန်မတို့ မောင်နှမ တစ်တွေ အစားအသောက်မပျက်၊ အဆော့မပျက်၊ အပြုံးမပျက် ဘဲ''ဝက်သက်'' ဆိုတာကို ဖြတ်ကျော်ခဲ့သည်။

ကျွန်မဆေးကျောင်းသူ ဘဝ ရောက်လာတော့မှ ကလေး ဆေးရုံကြီးမှာ ဝက်သက်ကြောင့် အဖျားကြီးပြီး တက်သွားသော ကလေးများ တွေ့ရသည်။ ဝက်သက်ဖြစ်ပြီး အဆုတ်ရောင်တာ၊ အထက်လန် အောက်လျှော ဖြစ်တာ၊ အာဟာရ ပိုပြီး ချို့တဲ့တာ၊ ပါးပေါက်နာကြီး ဖြစ်တာတွေ့ရမှ ''ဝက်သက်''ဆိုတာ ပေါ့သေးသေး မဟုတ်ကြောင်း မျက်ဝါးထင် သိရှိ ရပါသည်။ ''ဝက်သက်''ရောဂါ ကာကွယ်ဆေးကို ကျွန်မတို့ တိုင်းပြည်မှာ ၁၉၈၅ ခုနှစ် လောက်ကတည်းက စတင်ထိုးပြီ ဖြစ်သည်။

ယခုနှစ် မတ်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ဘီဘီစီ သတင်းအရ အီတလီနှင့် ရိုမေးနီးယား နိုင်ငံတို့တွင် ဝက်သက်ရောဂါ အဖြစ်များ နေကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း ကာကွယ်ဆေး လက်လှမ်း မမီခြင်း၊ နေရာဒေသအနှံ့ မရောက်ခြင်းများကြောင့် ဝက်သက်ရောဂါ ဖြစ်ပွားသူ များပြားလျက်ရှိပြီး ဥရောပတစ်ခွင် ပျံ့နှံ့နေကြောင်း ပြောကြားခဲ့သည်။

အီတလီ နိုင်ငံတွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် လူ ၂ဝဝခန့်၊ ရိုမေးနီးယား နိုင်ငံတွင် လူ ၃၄ဝဝ ခန့် ဝက်သက်ရောဂါ ဖြစ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ရိုမေးနီးယား နိုင်ငံ၌ ၂ဝ၁၆ ခုနှစ်တွင် ဝက်သက် ရောဂါကြောင့် သေဆုံးသူ ၁၇ ဦးခန့် ရှိသည်။

''ဝက်သက်'' ရောဂါသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး ဝက်သက်ဗိုင်းရပ်စ် ပိုးသည် လူ့ခန္ဓာကိုယ် ပြင်ပတွင် နှစ်နာရီခန့် အသက်ရှင် နိုင်ပါသည်။ နှာချေခြင်း၊ ချောင်းဆိုး ခြင်းများကြောင့် လည်းကောင်း၊ ဝက်သက် ဗိုင်းရပ်စ်ပိုး နှင့် တိုက်ရိုက် ထိတွေ့မိ၍ လည်းကောင်း ဝက်သက်ရောဂါ ကူးစက်နိုင်ပါသည်။

''ဝက်သက်'' ရောဂါသည် အလွန်ကူးစက် မြန်သည်ဟု ဆိုနိုင်သည်။ ယခုအခါ လူအများအပြား ခရီးသွားလာမှု များပြား လာခြင်းကြောင့် မည်သူမျှ၊ မည်သည့် နိုင်ငံမျှ''ဝက်သက်ရောဂါ'' လွတ်မည်မဟုတ်ပါ။ ကမ္ဘာ့လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ဝက်သက်ကာကွယ်ဆေး ထိုးထားမှသာ ကူးစက်မှုကို ဟန့်တားနိုင်မည် ဖြစ်သည်။

ဤသတင်း ဆောင်းပါးအရ ဥရောပရှိ ဝက်သက်ရောဂါ အဖြစ်များနေသော နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်နှင့် ယူကရိန်းတို့ ဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် ဝက်သက်ရောဂါ ဖြစ်သူဦးရေ ပိုများ လာသည်ဟု ဆိုသည်။ အင်္ဂလန် နိုင်ငံတွင် ဝက်သက်ရောဂါ ဖြစ်ပွားသူ ဦးရေမှာ ၅၇၅ ဦးရှိသည်ဟု တင်ပြထားသည်။

၂ဝ၁၆ ဖေဖော်ဝါရီမှ ၂ဝ၁၇ ဇန်နဝါရီအထိ ဤနိုင်ငံများတွင် ''အမ်အမ်အာ'' ခေါ် (ပါးချိတ်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါ) ကာကွယ်ဆေးကို ငါးနှစ်အောက် ကလေးများ အားလုံးကို ထိုးစေပါသည်။

ယူကရိန်း နိုင်ငံတွင် ဤကာကွယ်ဆေးကို အပြည့်အဝ မထိုးရသည့် အကြောင်းတရား များမှာ ဆေးမလုံလောက်ခြင်း၊ ပြည်သူလူထုက ဆေးထိုးရမှာ ကြောက်ခြင်း၊ ဆက်သွယ်ရေး အဆင်မပြေခြင်း များကြောင့် ဖြစ်သည်ဟု ဆိုသည်။ ပြင်သစ်နိုင်ငံတွင် တွေ့ရသည့် အခက်အခဲများမှာ ဆရာဝန် ညွှန်ကြားချက်နှင့် ဆေးဆိုင်ကြားတွင် သွားရသည့် အချိန် များခြင်းကြောင့်ဟု ဆိုသည်။

ထို့ပြင် ကာကွယ်ဆေး ထိုးခြင်းကို မိဘများက အလေးမ ထားခြင်း၊ စားဝတ်နေရေး အတွက် အလုပ်များ ရှုပ်နေခြင်း များသည်လည်း ကာကွယ် ဆေးထိုးရန် အခက်တွေ့များသော ပြဿနာ ဖြစ်သည်ဟု ဆိုသည်။

အင်္ဂလန် နိုင်ငံတွင် ''အမ်အမ်အာ'' ကာကွယ်ဆေးကို ငါးနှစ် အရွယ်ကလေးများ၏ ၉၅ ရာခိုင်နှုန်းကို ထိုးပြီး ဖြစ်သော်လည်း ၂ဝ၁၆ ခုနှစ်က ''ဝက်သက်ရောဂါ'' အများအပြား ဖြစ်ခြင်းအတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ကြသည်။ ''ဝက်သက်ရောဂါ'' အဖြစ်များ သူများမှာ အသက် ၁ဝ နှစ်နှင့် အထက် ကလေးများနှင့် လူငယ်များတွင် ဖြစ်ပြီး ၄င်းတို့သည် ''အမ်အမ်အာ'' ကာကွယ်ဆေး နှစ်ကြိမ် မထိုးရသေးကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဂီတပွဲလမ်း သဘင်များ သည်လည်း ကလေး လူငယ်များ အစုအဝေးကြီး ဝက်သက်ရောဂါ ဖြစ်စေနိုင်သည်။

ယခုနှစ် ဧပြီလဆန်းတွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ''ဝက်သက်ရောဂါ'' အများအပြား ဖြစ်ကြောင်း သိရှိရသည်။ ၄င်းတို့ သည်လည်း ကာကွယ်ဆေး နှစ်ကြိမ် မထိုးရသေးသူ အများစု ဖြစ်နေသည်။

ကာကွယ်ဆေး လုံးဝ မထိုးရသေးသူ ကလေးများသည် ''ဝက်သက်ရောဂါ'' ဖြစ်ပွားနိုင်ခြေ အများဆုံး ဖြစ်ပြီး ဝက်သက်၏ နောက်ဆက်တွဲ ရောဂါများ ကြောင့်လည်း အသက်အန္တရာယ် ဆုံးရှုံး နိုင်ဖွယ် ရှိသည်။ ကာကွယ်ဆေး တစ်ကြိမ်ထိုးလျှင် ကာကွယ်နိုင်နှုန်း ၈၅ ရာခိုင်နှုန်းခန့် ရှိပြီး နှစ်ကြိမ်ထိုးလျှင် ၉၅ ရာခိုင်နှုန်း ခန့်အထိ ကာကွယ်နိုင်သည်။ ဝက်သက်ဖြစ်သူတွင် အနီစက် မပေါ်မီ လေးရက်ခန့်နှင့် အရေပြားများ ကွာကျပြီး လေးရက်ခန့် အထိသည် ကူးစက်မှု အများဆုံး အချိန်ဖြစ်သည်။

မိမိတို့ မြန်မာနိုင်ငံတွင်လည်း ကုသဆေး မရှိသော ကာကွယ်ဆေးသာ ရှိသော ဝက်သက်ရောဂါကို ကာကွယ်ရန်အတွက် ကလေးလူငယ် အားလုံး ကာကွယ်ဆေး နှစ်ကြိမ် မဖြစ်မနေ ထိုးသင့်ပါသည်။ ထိုသို့ ကြိုတင် ကာကွယ်ထားခြင်း မရှိပါက ကြီးမှပေါက်တဲ့ ဝက်သက် အကုခက်ကြောင်း ရေးသား တင်ပြလိုက်ပါသည်။ ။

ပါမောက္ခဒေါက်တာခင်ဖြူပြာ
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ