Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်



၁။ ဆရာတနင်္ဂနွေနေ့ထိုးရမဲ့ Lupride Depo ဆေးကို ဆေးထိုးရမဲ့ဆေးခန်းမမရလို့ တခြားဆေးရုံကနေဝယ်လာမိပါတယ်။ အဲဒီဆေးကိုရေခဲသေတ္တာထဲမှာ ၂၅ ဒီဂရီအောက်မှာပဲ ထားခိုင်းတယ်ဆရာ။ အဲဒါဆိုရေခဲသေတ္တာကလုံးဝ ပိတ်လို့မရဘူးလားဆရာ။ ဘယ်လိုအနေအထားမှာ ဆေးအာနိသင်ပြယ်တာလဲဆရာ။
၂။ မင်္ဂလာပါဆရာ ကလေးသောက်ဆေး အရည်တွေဟာ ဗူးကိုတခါဖောက်ပြီးရင် ဘယ်နှရက်လောက်ထားနိုင်ပါသလဲ။ ကျမသူငယ်ချင်း ကလေးအမေတွေကတော့ တယောက်က ၇ရက် ၁ယောက်က ၁၄ ရက်နဲ့  ကလေးကိုတိုက်လို့မကုန်ရင် အကုန်လွင့်ပစ်ပါတယ်ရှင့် ကျမကတော့ တချို့ မကုန်တာလေးကို သိမ်းထားတတ်လို့ သူတို့ပြောမှ သတိထားမိတာပါဆရာ။ သိမ်းသင့်တာသိမ်း လွင့်ပစ်သင့်တာ လွတ်ပစ်လို့ရအောင်ပါရှင့်။
တမျိုးနဲ့တမျိုး မတူပါ။ ဆေးထုတ်တဲ့ဆီ မတူလည်း မတူပါ။ အမှုံဆိုရင် ဖျော်ပြီး ရက်ကြာထားမလို့ မသင့်ပါ။ ဆေးရက်လွန်နေ့စွဲလည်း ကြည့်ရမယ်။
ဟုတ်ကဲ့ပါဆရာ ဆေးရက်လွန်ရက်စွဲတွေကတော့ နောက်နှစ် ၂၀၁၈ လဲရှိသလို ၂၀၁၉လဲရှိပါတယ် ဥပမာ ပရာစီတမောလို တခါတည်းဆေးအရည်နဲ့လာပြီး ဒိတ်က နောက်တနှစ်မှကုန်မယ်ဆို ဆေးအဖုံးကိုသေချာလေလုံအောင်ပိတ်ပြီး ဆေးကုန်တဲ့အထိ သိမ်းထားလို့ သင့်တော်ပါသလားဆရာ။
အရင်ကလည်း မေးကြလို့ ရေးထားပါတယ်။ ၆ နှစ်ရှိပါပြီ။ အင်္ဂလိပ်စာလုံးတွေပါနေတယ်။ ဆောရီး။
၃။ မင်္ဂလာပါဆရာရှင့်။ ကျမသားလေးက ၁ဝ လခွဲပါဆရာ။ သားလေးအတွက် usa ထုတ်အားဆေးကို online ကမှာလိုက်တာ date က 1 ရက် 2 လမှာက ကုန်နေပါတယ်ရှင်။ အဲဒါတချို့ကတိုက်လို့ရတယ်။သက်တမ်းကုန်ပြီး ၆ လအသုံးပြုလို့ ရတယ်ပြောကြပါတယ်။ တချို့က သုံးလို့မရဘူးပြောပါတယ်ဆရာ။ poly-vi-sol အားဆေးပါဆရာ။ တိုက်လို့ရမရဖြေပေးပါအုံးဆရာ။ ခုဆေးကသက်တမ်းကုန်နေတာ ၃ ရက်ရှိပါပြီ။
၎။ ဆရာ ဒီအားဆေးက Date လွန်ရင် ဆိုးကျိုးတွေဖြစ်လားဆရာ။ ရွာကအမေအတွက် ည 8.30 ဆေးသွားဝယ်တာ Date ကပြင်ထားတယ်။ အိမ်ရောက်မှ သေချာကြည့်မိတာ ကျွန်တော်ဆေးဆိုင်ပြန်သွားတော့ ဆိုင်ကပိတ်သွားလို့ဆရာ။ လူကြုံက မနက်ပြန်မှာမို့ပါဆရာ။
၅။ Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။
ပဲလှော်လို ဝါးစားကြတယ်လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲအဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။ အမေရိကမှာ ၁၉၇၉ ခုနှစ်ကတည်းက ဆေးမှန်သမျှ Expiration date သက်တမ်းကုန်မဲ့ ရက်စွဲ ပါကိုပါရမယ်လို့ ဥပဒေနဲ့ သတ်မှတ်ထားတယ်။ ဒီကြားထဲမှာ ဆေးထုတ်လုပ်သူကနေ Full potency and safety ဆေးအာနိသင် နဲ့ စိတ်ချရမှုအတွက် အာမခံရမယ်။
သမိုင်းနဲ့ပြောရရင် ၂ဝဝဝ ခုနှစ် မတ်လ ၂၉ ရက်ထုတ် Wall Street Journal မှာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတခုကို Laurie P. Cohen ကနေ ထုတ်ဖေါ်ရေးသားခဲ့တယ်။ အမေရိကန်စစ်တပ်ဟာ ဒေါ်လာ ၁ ဘီလျန်ဘိုးရှိတဲ့ ရက်စွဲလွန် ဆေးဝါးတွေ ရှိနေတာ ၂-၃ နှစ်တခါ ကြုံနေရတယ်။ ဒါကြောင့် FDA ကို စမ်းသပ်မှုတခုပြုစေခဲ့တယ်။ ဆေးအမယ်ပေါင်း ၁ဝဝ ကျော်ကိုစမ်းသပ်တယ်။ OTC ဆေးဆိုင်ကောင်တာမှာ အလွယ်ဝယ်လို့ရတာတွေရော၊ ဆေးလက်မှတ်ပါမှ ဝယ်လို့ရတာတွေရောပါတယ်။
အဖြေကတော့ ၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရတယ်။ စမ်းသပ်မှု ဒါရိုက်တာ (ဟောင်း) Francis Flaherty ကနေပြောတာက ရက်စွဲလွန်တယ်ဆိုတာ ကြာရှည်သုံးမရဘူးလို့ဆိုလိုတာ မဟုတ်ဘူးတဲ့။
ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာဖြစ်တယ်လို့ Mr. Flaherty က ပြောခဲ့ပါသေးတယ်။ ဆေးကောင်တာမှာ ၁ဝ နှစ်အထိ ထားနိုင်တဲ့ ဆေးမျိုးဟာ ဆေးထုတ်လုပ်သူတွေအတွက် တွက်ခြေမကိုက်ဘူးမဟုတ်လား။
FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည်တချို့တွေ ဖြစ်တယ်။
Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို စမ်းသပ်ကြည့်တာ ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။ ဒါဖြင့်ရင် ဘာလို့ ၄ နှစ် မသတ်မှတ်ပါသလဲ။ ဆေးတွေကို ထုပ်ပိုးမှု အသစ်တွေ လုပ်ပါတယ်။ အစဉ်တိုးတက်ကောင်းမွန်နေစေရေးအစီအစဉ်အရ လုပ်တာပါ။ လုပ်တိုင်းလဲ စမ်းသပ်မှုလုပ်ရတယ်။ ခက်တာက ၄ နှစ်တခါထက် ပိုမလုပ်နိုင်ပါ။ ဒါ့ကြောင့် Aspirin ကို ၄ နှစ်ထက် ပိုကောင်းနေတယ်လို့ ရေးမဖြစ်တော့ပါ။
ဆေးအတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေး ဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။
မေးစရာရှိလာပါပြီ။ ဆေးရက်လွန်နေ့စွဲတွေ တပ်တာဟာ ဆေးရောင်းသူတွေကနေ ဆေးတွေ ထပ်ဝယ်နေကြစေအောင် တမင်တကာ လုပ်ကြတဲ့ Marketing ploy ဈေးကွက် ဆင်လုံးလား။ ခင်ဗျားဆေးဘီရိုကို ဆေးဖြည့်တော့ သူတို့ ပိုက်ဆံအိပ်ကိုပါ ဖြည့်ပေးရာကျတယ် မဟုတ်ပါလား။
ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် ဆေးဝါး-စိတ်ပညာစာစောင်မှာ ရေးထားတာတခု ရှိပါတယ်။ Richard Altschuler က ရေးတာမှာ ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသားပါရဲ့လားလို့ မေးထားတယ်။ ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကို မသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol (ပါရာစီတမော) ကို သောက်ရင်း ပြောလိုက်တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect စိတ်ကနေကောင်းတယ်ထင်တာနေမှာပါ။
ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊ ကျန်တအုပ်စုကို တခြား ဆေးပေးတယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။ ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး တခုခုထိုးပေးရသလိုဘဲ။
စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ ရောင်းရမယ်ဆိုတဲ့ သဘောဟာ ဆေးထုတ်လုပ်သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ အာနိသင်အပြည့်အဝနဲ့ စိတ်ချရမှုကို အာမခံချက်ပေးရတဲ့ ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေတယ်လို့ ပြောနေတာ မဟုတ်တာ သိလာတယ်။
ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ ရက်ကျော်နေပေမဲ့ ဆေးဟာ စိတ်ချရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့ အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့ Tetracycline (တက်ထွာဆိုက်ကလင်း) ကြောင့် ကျောက်ကပ်မှာ Renal tubular damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့က ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။
တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် မူလဆေးစွမ်း ရှိနေပါသေးတယ်။ ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက်ကယ်မဲ့ဆေးမျိုးဆိုရင် ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ ခေါင်းကိုက်ပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင် ပိုက်ဆံအပိုအကုန်ခံမနေပါနဲ့။
သူများတွေ ရေးတာထဲမှာ ကာကွယ်ဆေးတွေ၊ (Insulin ကလွဲရင်) ထိုးဆေးတွေ မပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး (အင်စူလင်) ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့ သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။
ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက် ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။ ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ပါ။ များသောအားဖြင့် ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။
ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင် အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ စတာတွေ ပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင်ရင့် (အညိုရောင်၊ အပြာရောင်) မှာ ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ်တယ်။
ကလေး-ကာကွယ်ဆေးတွေကို Cold chain အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ အပြတ်အတောက်မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက်မရှိ အေးနေစေရတယ်။ EPI ကာကွယ်ဆေး စီမံချက်စလုပ်ရတော့ မြန်မာပြည် တောနယ်တွေမှာ ရေနံဆီသုံး ရေခဲသေတ္ကာတွေသုံးခိုင်းတယ်။ လမ်းမှာ Ice packs ရေခဲဗူးလေးတွေနဲ့ Cold boxes အပူခံသေတ္ကာကြီးငယ်တွေနဲ့ သယ်ရပို့ခဲ့ရတယ်။ အခုတော့ လျှပ်စစ်စွမ်းအင် လုံလောက်လို့ထင်ပါ့ရဲ Gas သဘာဝဓါတ်ငွေ့တွေ ရောင်းလို့တောင် မကုန်ဘူးဆိုဘဲ။
ကျော်လွှားမရတဲ့ သဘာဝတရား၊ အခက်အခဲ မျိုးစုံတွေကြားက ကျွန်တော်တို့ ရင်သွေးများ ဘယ်လောက်အထိ ကူးစက် ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်မှုရကြပါသလဲ။ ကျွန်တော် တာဝန်ထမ်းခဲ့တဲ့ (၁၉၇၃-၁၉၈၈) ၁၅ နှစ်တာ ကာလအတွင်း ဆေးပညာသယ် တယောက်အနေနဲ့ အာမခံချက် များများ မပေးနိုင်ပါ။ အဲဒီခေတ်က တချို့ စာရင်း ဇယားတွေကို လက်မခံနိုင်ပါ။ နိုင်ငံရေး-အုပ်ချုပ်ရေးစနစ် ညံ့လွန်လွန်းလို့ လူ (စီမံခန့်ခွဲသူတွေ) အမှားတွေ များခဲ့ပါတယ်။ လူကြောင့် မှားတာကို မူပြောင်းတယ်ဆိုရုံနဲ့ မရပါ။ ကိုယ်-စိတ် ကျန်းမာ ချမ်းသာချင်ရင်တော့ လူတွေပါပြောင်းဘို့ လိုမယ်။
• ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ