ခပ်စိမ်းစိမ်းပဲ စားပါ့မယ် ဘရိုကိုလီကိုကွယ်


ဘရိုကိုလီဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့ အစိမ်းရောင် ပန်းဂေါ်ဖီဆိုတာကို လူတိုင်းသိနှင့် နေပြီးသားဖြစ်ကြမှာပါ။ ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်တဲ့ ဘရိုကိုလီဟာ အခြားသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ(အဖြူ)တို့ထက် ပိုနူးညံ့ပြီး အတန်ငယ်သက်ကာ အရသာလည်း ပိုကောင်းတာမို့ Super vegetable လို့ဆိုကြပါတယ်။ WHFoods ရဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ ၁ဝဝ ဂရမ် အလေးချိန်ရှိသော ပန်းဂေါ်ဖီစိမ်းထဲတွင် ခွန်အား ၃၄ ကယ်လိုရီ၊ ကစီဓာတ် ၆ ဒသမ ၆၄ ဂရမ်၊ သဘာဝသကြား ၁ ဒသမ ၇ ဂရမ်၊ ပရိုတင်း ၂ ဒသမ ၈၂ ဂရမ်၊ ရေဓာတ် ၈၉ ဒသမ ၃ဝ ဂရမ်တို့အပြင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့  ကြွယ်ဝစွာရှိကြတယ်လို့ လေ့လာမှတ်သားရပါတယ်။ Johns Hopkins University ရဲ့ သုတေသနပြုချက်များ အရ ဘရိုကိုလီဟာ ကင်ဆာအကျိတ်အဖုတွေ ကြီးထွားလာမှုကို ၇၅ ရာခိုင်နှုန်းလောက် ကာကွယ် တားဆီးပေးနိုင်တာကြောင့် အထူးသဖြင့် အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာနဲ့ အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ဘရိုကိုလီမှာ ချေဖျက်လွယ်သော အမျှင်ဓာတ် ၂ ဒသမ ၆ ဂရမ်ပါရှိတာကြောင့် ခန္ဓာကိုယ် အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ အားထားလောက်တဲ့ ဟင်းသီးဟင်းရွက်လေးပါပဲ။ နောက်ပြီး အရွယ်တင် နုပျိုစေတယ်တဲ့နော်။

ဘရိုကိုလီရဲ့ဇာစ်မြစ်ဒေသမှာ အီတလီနိုင်ငံဟု ဆိုသော်လည်းပဲ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထမင်းစားပွဲဝိုင်းများမှာ သူက ပနံရလို့နေပါတယ်။ မည်သည့်ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးကိုမဆို အကြာကြီးအပူပေးကာ နွမ်းတဲ့အထိ မချက်ပြုတ်သင့်ပါဘူး။ အဲလိုချက်လိုက်တဲ့အခါ ၎င်းတို့အထဲမှာရှိတဲ့ သဘာဝအာဟာရဓာတ်တွေ လျော့နည်းသွားပြီး အရသာလည်း ပေါ့သွားကာ စားလို့လည်းမကောင်းတော့ဘူးပေါ့။ ဘရိုကိုလီဟာလည်း ထိုနည်းတူပါပဲ။ နှစ်မိနစ်ခန့်သာ အပူပေး ချက်ပြုတ်သင့်ပါတယ်။ လတ်ဆတ်မှုရှိမှသာ ဟင်းလျာကောင်းတစ်ခွက် ရရှိမှာဖြစ်ပါတယ်။ ဘရိုကိုလီဟာ လတ်ဆတ်လေ အစိမ်းရောင်ရင့်လေဖြစ်ပြီး အပွင့်စိမ်းများဟာလည်း ကျပ်ခဲသိပ်သည်းကာ ရိုးတံခြေထောက်

များလည်း တောင့်တင်းနေတာမို့ အရွေးမမှားကြဖို့ လိုပါတယ်။ နောက်ပြီး ဘရိုကိုလီရဲ့အရိုးဟာလည်း စွန့်ပစ်စရာ မလိုဘဲ အပေါ်က အခွံနွှာပြီး စားသုံးလို့ ရတယ်ဆိုတာ မမေ့ကြနဲ့ဦးနော်။ အရေးကြီးတာတစ်ခုကတော့ ဘရိုကိုလီများ ဈေးကွက်ထဲ မရောက်ခင် စိုက်ခင်းထဲမှာ ပိုးသတ်ဆေးဖျန်းထားတတ်လို့ အော်ဂဲနစ်မျိုးကိုသာ ရွေးဝယ်သင့်ပါတယ်။ အသေချာဆုံးကတော့ ဟင်းလျာမစီမံခင် အနေတော် အတုံးလေးတွေတုံးပြီး ရေစင်စင်ဆေးဖို့ အထူးလိုအပ်ပါတယ်။

ကဲ...ဘရိုကိုလီရဲ့ အကြောင်းကိုတော့ သိပါပြီ။ အရသာရှိအောင် ဘယ်လို ချက်ပြုတ်စားကြရင်ကောင်း မလဲနော်။

ဘရိုကိုလီကြော်

မြန်မာအိမ်ရှင်မများကတော့ များသောအားဖြင့် မီးပူပူမှာ ကြက်သွန်ဖြူလေး တစ်ပြားရိုက် ဆီသတ်ပြီး ဆီပူလာရင်အိုးထဲကို ပန်းဂေါ်ဖီစိမ်း ပစ်ထည့်ကာ ဟင်းခတ်ကြက်သားမှုန့်နဲ့ ဆားအနည်းငယ်စီထည့်ပြီး ခေတ္တအဖုံးဖုံးပါတယ်။ နှစ်မိနစ်လောက်အကြာမှာ အိုးပေါ်က ချပြီး ပန်းကန်ပြားပေါ် ပြောင်းထည့်ကာ ရနံ့အတွက် ငရုတ်ကောင်းမှုန့်လေး နည်းနည်းဖြူး စားလိုက်တာပါပဲ။ ဒါကတော့ ရိုးရိုးဘရိုကိုလီ သက်သတ်လွတ်ကြော်လေးပါ။

အိုးပေါ်ကချခါနီး ကြက်ဥ သို့မဟုတ် ဘဲဥဖောက်ထည့်ကာ နှံ့အောင်မွှေပြီး ကြော်တာကတော့ တစ်မျိုးပါ။ ဒီဘရိုကိုလီကြော်ကိုတော့ ငရုတ်ကောင်းမှုန့် ဖြူးလေ့မရှိပါဘူး။

နောက်တစ်နည်းကတော့ ဝက်သား သို့မဟုတ် ကြက်သားတို့ကို ကြိုတင်ပြုတ်ထားပြီး ခပ်ပါးပါးလေးတွေ လှီးထားပါတယ်။ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ဆီသတ်ပြီးရင် စောစောကလှီးထားတဲ့ ကြက် သို့မဟုတ် ဝက်သား တို့ကို ပန်းဂေါ်ဖီစိမ်းနဲ့ တစ်ပြိုင်တည်း အိုးထဲထည့်ကြော်တဲ့နည်းပါ။ ငရုတ်ကောင်းမှုန့်လေး ဖြူးစားရင် အလွန် လိုက်ဖက်ပါတယ်။

အသားမဟုတ်ဘဲ ပင်လယ်စာနဲ့လည်း ကြော်စားလို့ ကောင်းတာပါပဲ။ ပန်းဂေါ်ဖီစိမ်းကို ဆီနည်းနည်းနဲ့ ရေလေးဖျန်းပြီး အရင်ကြော်ကာ ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကင်းပွန်(ပြည်ကြီးငါး) ပါးပါးလှီးပြီး ခရုဆီ နည်းနည်းထည့်ကာ အချို အငန် အစပ်တည့်ပြီဆိုရင် ငရုတ်ကောင်းလေးဖြူးပြီး အိုးချရုံပါဘဲ။ အရည်ဆမ်းစား၊ သောက်စားလို့ ရအောင် ဆီပြန်ရေကျန်လေး ကြော်စားရင်ပိုကောင်းပါတယ်။ ကင်းပွန်(ပြည်ကြီးငါး)အစား ပုစွန်နဲ့ကြော်စားရင်လည်း ကောင်းတာပါပဲ။

ထမင်းကြော်၊ အစိမ်းကြော်တွေမှာလည်း ပန်းဂေါ်ဖီစိမ်း ပွင့်လေးတွေကို ရှည်ရှည်ပါးပါးလေးတွေလှီးပြီး ကြော်စား လို့ရပါတယ်။

ခု နောက်ဆုံးနည်းကတော့ အိမ်မှာ တစ်ခါတလေမှသာ ကြော်စားလေ့ရှိပြီး စားသောက်ဆိုင်များမှာ ကြော်လေ့ရှိတဲ့ နည်းလေးပါပဲ။ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့ ကျောက်ပွင့် အဖြူရောင်၊ ငရုတ်ပွအနီ၊ အစိမ်းတို့ကို ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်တို့ ထည့်ပြီးကြော်တာပါ။ သက်သတ်လွတ် သို့မဟုတ် နှစ်သက်ရာ အသားနဲ့လည်း ကြော်စားလို့ ကောင်းပါတယ်။

ဘရိုကိုလီသုပ်

အစိမ်းသုပ်စားရင် နည်းနည်းမာဆတ်ဆတ် ဖြစ်ကာ စိမ်းနံ့ရတာမို့ ရေဆူဆူမှာပြုတ်ပြီး သုပ်စားတာအကောင်းဆုံးပါ။ ပန်းဂေါ်ဖီစိမ်းလေးတွေ ပျော့မသွားအောင် နှစ်မိနစ်မျှသာပြုတ်ပြီး ရေအေးအေးထဲ ချက်ချင်းပြောင်း စိမ်ပေးရပါမယ်။ အားရပါးရနယ်လို့ ကောင်းအောင် ဇလုံကြီးကြီး တစ်လုံးထဲမှာ ပန်းဂေါ်ဖီစိမ်း၊ ပါးပါးလှီးထားတဲ့ မုန်လာဥနီ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ မြေပဲဆန်ထောင်း၊ ပုစွန်ခြောက်မှုန့်၊ ပဲဆီအနည်းငယ်၊ ဆား၊ ကြက်သားမှုန့်တို့ ထည့်ပြီး သမအောင်နယ်ပါတယ်။ ချဉ်ချဉ်စပ်စပ် ကြိုက်ရင် ငရုတ်သီးစိမ်းနဲ့ သံပရာသီးတို့ကို လိုသလောက် ထည့်သုပ်ကာ အပေါ်က ကြက်သွန်နီဆီချက် ဖြူးထားတဲ့ မြန်မာဆန်ဆန် ချဉ်စပ်သုပ်ကလေးပါ။ ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါပဲ။

အကယ်၍ ကြက်သွန်နီဆီချက်မဖြူးဘဲ ပဲငံပြာရည်နဲ့ နှမ်းအမည်းရောင်လေးတွေကို ဖြူးထည့်သုပ်လည်း စားနိုင်ပါတယ်။

နောက်ပြီး မာလာဟင်းရယ်လို့ ခေတ်စားနေတဲ့ အသီးအရွက်သုပ်ကို ကန့်သတ်ချက်မရှိဘဲ မိမိနှစ်သက်တဲ့ အသီးအရွက်မျိုးစုံကို ထည့်လို့ရတာမို့ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ ကြာစွယ်၊ ဝဥ၊ အော်ဆွန်းတို့နဲ့အတူ ပန်းဂေါ် ဖီစိမ်းကိုပါ ရောနှောကာ ခပ်စိမ်းစိမ်းရေနွေးဖြောပြီး သုပ်စားလို့လည်းရတယ်နော်။

ယနေ့အနောက်နိုင်ငံများမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းရွက်သုပ်တွေကို နေ့စဉ်သုံးအစားအစာအဖြစ် သုပ်စားလေ့ရှိကြပါတယ်။ သူတို့ကတော့ ချိစ် သို့မဟုတ် မရောနိစ်ကို အပူပေးပြီး အနည်းငယ် ထည့်သုပ်လေ့ ရှိပါတယ်။၎င်းနိုင်ငံများမှာ ကြက်သားမှုန့်အစား ပျားရည်နဲ့သကြားတို့ကို ထည့်ကြပြီး သံပရာရည်အစား ဗနီဂါအရည်ကို သုံးကြပါတယ်။

ဘရိုကိုလီပေါင်း

ဘရိုကိုလီ ပေါင်းတယ်ဆိုပေမယ့် အလုပ်မရှုပ်မခက်ခဲ ပါဘူး။ အိမ်မှာ ထမင်းပေါင်းအိုးရှိရင်ပဲ လုပ်ရတာလွယ်ကူလို့ ရုံးအားလပ်ရက်တွေမှာ အဆာပြေနေ့လယ်စာအဖြစ် လုပ်စားနိုင်ပါတယ်။ ပေါင်းအိုးထဲမှာ ရေ၊ သကြားနဲ့ ဆားတို့ထည့်ပြီး အပေါ်က ပေါင်းခံဆန်ခါထဲမှာ စတီးပန်းကန်ပြားထည့်၍ ပန်းဂေါ်ဖီစိမ်းတွေကို အတုံးကြီးကြီးတုံးကာ ရေစင်အောင်ဆေးထည့်ပြီးတော့ အဖုံးလုံအောင်ပိတ်ကာ ပေါင်းခြင်းပါပဲ။ ဘရိုကိုလီတို့ အရမ်းနူးအိသွားရင် စားမကောင်းလို့ မီးအနေတော်မှာ အချိန်ခြောက်မိနစ်လောက် ပေါင်းပေးပြီး အပေါ်ကနေ ထောပတ်ပူပူ ဆမ်းစားခြင်းပါ။ ပန်းဂေါ်ဖီစိမ်းရဲ့သဘာဝအချိုနဲ့ ထောပတ်ရနံ့မွှေးမွှေးလေးတို့က လွန်စွာလိုက်ဖက်လှတာမို့ အရသာရှိလှပါတယ်။

တရုတ်စတိုင် ဘရိုကိုလီပေါင်းလုပ်စားမယ်ဆိုရင်တော့ ကြက်သွန်ဖြူဆီသတ်ပြီး ငရုတ်သီး၊ မုန်လာဥနီ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့် လောင်းထည့်ကာ အရည်ဖျော်ထားတဲ့ ကော်မှုန့်တို့ ရောထည့်မွှေပြီး အဲဒီအရောအနှောတွေကို ကြိုတင်ပေါင်းထားတဲ့ ပန်းဂေါ်ဖီအစိမ်းပေါ် လောင်းချခြင်းပါ။ ချိုချဉ်ကြော်ဆန်ဆန် ဘရိုကိုလီပေါင်းထဲမှာ ကော်ရည်ပါလို့ ခပ်ပူပူစားသင့်ပါတယ်။ (မျောက်ခေါင်းမှိုခြောက်ကို ရေဆေးပြီး ပြုတ်ထည့် စားနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်)

ဘရိုကိုလီစွပ်ပြုတ်

ပန်းဂေါ်ဖီစိမ်းဟာ သားအိမ်ထဲရှိ ဆဲလ်များကို ကျန်းမာစေကာ သားအိမ် အမြန်ကျက်စေသော အစွမ်းသတ္တိရှိလို့ မီးဖွားပြီးစ မိခင်များနဲ့ သားပျက်၊ သားလျှော သော အမျိုးသမီးများကို ပန်းဂေါ်ဖီစိမ်းဟင်းခါး (ဝါ) ဘရိုကိုလီစွပ်ပြုတ် တိုက်ကျွေးသင့်ပါတယ်။ ကြက်ပြုတ် ရည်ဆူဆူထဲမှာ ဘရိုကိုလီကို သုံးမိနစ်လောက် ခပ်စိမ်းစိမ်း တည်ပြီးနောက် ကြက်သွန်ဖြူတစ်ပြားရိုက် ထည့်ကာ ငရုတ်ကောင်းမှုန့်လေးဖြူးပြီး သောက်ရတာပါ။

ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ ပဲငံပြာရည်အကြည် တို့ကို ဆီသတ်ပြီးတော့ ကြက်ပြုတ်ရည်၊ တိုဟူး၊ ပန်းဂေါ်ဖီစိမ်းတို့ ထည့်ကာ တရုတ်နံနံ သို့မဟုတ် ရှမ်းနံနံခတ်ပြီး သောက်ရတာလည်း ထမင်းမြိန်တဲ့ ဟင်းတစ်ခွက်ပါပဲ။

ဘရိုကိုလီဖျော်ရည်

ပန်းဂေါ်ဖီစိမ်းကိုလည်း သစ်သီးဖျော်စက်နဲ့ ကြိတ်ကာ ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။ သောက်နေကျမဟုတ်တဲ့ သူတွေအတွက်ကတော့ သူ့ချည်းပဲဆိုရင် အရသာ သိပ်မကောင်းလို့ ပန်းသီးစိတ်ကလေးပါ ရောကြိတ်ထည့် သောက်နိုင်ပါတယ်။ သံပရာသီးလေး ညှစ်ထည့်လိုက်ရင် အရသာလည်း ပိုရှိကာ ပိုလည်းမွှေးစေမှာပါ။ အဲ..ပန်းသီးရဲ့အခွံထဲမှာလည်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမြောက်အမြားပါလို့ အခွံမနွှာဘဲ ထည့်ကြိတ်သောက်နော်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ WHFoods က ကျန်းမာရေးအတွက် ကောင်းကျိုးပြုလှတဲ့ အစိမ်းရောင် ဘရိုကိုလီကို ဖြစ်နိုင်မယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်၊ လေးကြိမ်ခန့် စားသုံးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါကြောင့် အကျိုးကျေးဇူးများလှတာမို့ ခပ်စိမ်းစိမ်းပဲစားပါ့မယ် ဘရိုကိုလီကိုကွယ်။ ။

ပေါက်ပေါက်
https://www.facebook.com/pg/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ