ကျန်းမာပါစေ သင်္ကြန်နွေ


April လ ဟာ မြန်မာတို့ရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲရှိတဲ့လဖြစ်လို့ မြန်မာပြည်သူအများစုအနေနဲ့ မျှော်လင့်တောင့်တလေ့ရှိတဲ့ လတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် နွေရာသီ ကျောင်းပိတ်ရက်ကာလလည်း ဖြစ်ပြန်တာမို့လို့ စိတ်လက်ပေါ့ပါးခြင်း ၊ လွတ်လပ်ပျော်ရွှင်ခြင်းတို့နဲ့လည်း ပြည့်နှက်နေတဲ့ လတစ်ခုလည်း ဖြစ်ပါတယ်။ နွေကျောင်းပိတ်ရက်မှာ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ စုဝေးပြီးတော့ အပျော် ခရီးထွက်ကြသလို မိမိတို့ ဇာတိရပ်ရွာကိုပြန်ပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ဆုံတွေ့ပြီး အလှူ အတန်းတွေလည်း ပြုတတ်ကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာပုံရိပ်တွေထဲက တစ်ခုပါ။


သို့သော်လည်း ဒီလိုပျော်ရွှင်မှုတွေကို စိတ်လွတ်လက်လွတ် မပျော်နိုင်အောင် ဟန့်တားထားတာကတော့ နွေရာသီရဲ့ ပြင်းထန်လှတဲ့ အပူဒဏ်ပါပဲ။ နွေရာသီဟာ ထုံးစံအရ ဟိုးရှေးယခင် အစဉ်အဆက်ကတည်းက ပူပြင်းပါတယ်။ သို့သော်လည်း ကမ္ဘာလုံးချီ၍ ပြောင်းလဲလာသော ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီ ဥတုပြောင်းလဲမှုတွေက နွေရာသီရဲ့ အပူဒဏ်ကို ပိုမိုပြင်းထန်ဆိုးရွားစေပါတယ်။ ဒါကြောင့်မို့လို့ မိဘပြည်သူများ နွေရာသီမှာ ခရီးပဲသွားသွား အပန်းပဲဖြေဖြေ အိမ်မှာပဲနေနေ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အပူအပင်ကင်းစေနိုင်ဖို့ နွေရာသီမှာ သတိပြုလိုက်နာဆင်ခြင်နိုင်စရာ ကျန်းမာရေးဆောင် ရန်ရှောင်ရန်တွေကို ရေးသားပေးသွားမှာ ဖြစ်ပါတယ်။


နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ (၄) မျိုးရှိပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်း ၊ ရေဓာတ်ခမ်းခြောက်ခြင်း ၊ အရေပြားရောဂါများဖြစ်ခြင်း ၊ အပူချိန်မမှန်ဘဲ အပူရှပ်ခြင်း စသည်တို့ပဲ ဖြစ်ကြပါတယ်။ ဒီကျန်းမာရေးပြဿနာတွေနဲ့ သင်္ကြန်ကာလအတွင်း ကျန်းမာလှပ ဘေးကင်းစွာနေထိုင်ပျော်ရွှင်နိုင်စေဖို့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်။
(၁) ပြင်းထန်တဲ့ အပူဒဏ်ကို မှန်ကန်စွာရင်ဆိုင်ခြင်း
ရာသီဥတုပူပြင်းလာတဲ့အခါမှာ လူကိုယ်ခန္ဓာဟာ အပူချိန်မြင့်တက်လာတာကို ခံစားမိပါတယ်။ ဒီအခါမှာ ခံစားနေရတဲ့ အပူဒဏ်ကို သက်သာစေဖို့အတွက် ချွေးထွက်ခြင်းဆိုတဲ့ သဘာဝဖြစ်စဉ်ကို လုပ်ဆောင်ပါတယ်။ သို့သော်လည်း ချွေးဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေဓာတ်တွေကို ထုတ်ပေးလိုက်ရတာမို့လို့ ရေသောက်နည်းလို့ လူမှာ ရေမရှိရင် အပူချိန်ကျနိုင်လောက်အောင် ချွေးမထွက်ပေးနိုင်တော့ပါဘူး။ ဒီအခါမှာ လူခန္ဓာကိုယ်ရဲ့ အပူထိန်းတာကို ဆောင်ရွက်ပေးတဲ့ ဦးနှောက်က မခံနိုင်တော့ဘူးဆိုရင် သတိလစ်ရာကနေ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါတယ်။ ဒါတွေမဖြစ်ရအောင်
• တစ်နေ့လျှင် ရေ (၃) လီတာ သောက်ပေးပါ။
• ချွေးထွက်များတဲ့ အလုပ်ကို လုပ်ကိုင်ရသူတွေ/ နေပူထဲထွက်ရများသူတွေဆိုရင်တော့ တစ်နေ့လျှင် ဓာတ်ဆား (၁) ပုလင်းသောက်ပေးပါ။ ထွက်သွားတဲ့ ချွေးတွေထဲမှာ ရေတွေအပြင် အငန်/ဆားဓာတ်တွေပါ ပါသွားလို့ ဖြစ်ပါတယ်။
• အဖြူ ၊ အဝါ ၊ အပြာနု ၊ အစိမ်းနု စတဲ့ အရောင်အေးတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ပေးပါ။
• ပါးလွှာပြီး အပူသက်သာစေတဲ့ ချည်ထည်များကို ဝတ်ဆင်ပေးပါ။
• နေပူထဲထွက်လျှင် ထီး ၊ ဦးထုပ် စသည်တို့ကို အသုံးပြုပေးပါ။
• နေပူထဲမှ အလုပ်ထဲ/အိမ်ထဲပြန်လာလျှင် ရေတစ်ဖန်ခွက် သောက်ပေးပါ။ နာရီဝက် မှ တစ်နာရီအထိ အရိပ်ထဲတွင် အနားယူပြီး ချွေးတိတ်သွားမှ ရေချိုးပေးပါ။ ရေချိုးလျှင် ခေါင်းကို တန်းမလောင်းချပါနှင့်။
• တတ်နိုင်သမျှ အေးမြ၍ အရိပ်ရသောနေရာတွင်သာ နေပေးပါ။
• ရုတ်တရက် အေးလွန်းရာမှ ပူသည့်နေရာ/ ပူလွန်းရာမှ အေးသည့်နေရာ စသည်တို့ကို သတိထားပေးပါ။
ယနေ့ခေတ်ဟာ ပူလွန်းတဲ့အတွက် ကားပေါ်ရောက်တာနဲ့ လေအေးစက် (Aircon) တန်းဖွင့်တတ်တဲ့ အကျင့်ရှိကြပါတယ်။ ထို့အပြင် အေးနေတဲ့ကားထဲကနေ နေပူထဲကို ထွက်လိုက်ရတာတွေ ၊ နေပူထဲကနေ ကားပေါ်တန်းတက်လိုက်တာတွေ လုပ်တတ်ကြပါတယ်။ ကားရပ်နားဖို့ နေရာခက်ခဲတာကြောင့်လဲ တစ်ခါတစ်လေဆိုရင် လာကြိုမယ့်ကားကို နေပူထဲက ရပ်စောင့်နေတာတွေ ရှိတတ်ပါတယ်။ ဒါတွေက အပူရှပ်ပြီး ဖျားနာနေမကောင်း ဖြစ်စေပါတယ်။ တစ်ဖက်မှာလည်း အလုပ်နဲ့ဆိုတော့ မလုပ်လို့မဖြစ်ဘူးဆိုရင် ထီးဆောင်းပေးပါ ၊ ဦးထုပ်ဆောင်းပေးပါ ၊ အရိပ်နားမှာ ကားစောင့်အတက်အဆင်းလုပ်ပေးပါ။ ပြည်သူ့အသံနားစွင့်နေသော ပြည်သူ့အစိုးရအနေဖြင့်လည်း ကားဂိတ်တွေမှာ အရိပ်ရတဲ့နေရာတွေ လုံလောက်အောင် စီစဉ်ပေးပါလို့ မိဘပြည်သူများ ကျန်းမာရေးအတွက် တစ်ပါတည်း မေတ္တာရပ်ခံလိုက်ပါတယ်။
(၂) အရေပြားနေလောင်ခြင်းကို ကာကွယ်ခြင်း
နေလောင်တာတွေ အပူဒဏ်တွေကို ခံနိုင်ရည်ရှိပါတယ်။ နေလောင်တယ်ဆိုတာ မိန်းကလေးတွေ အလှပျက်မှာ ကြောက်တာပါ။ ယောက်ျားလေးတွေက စိုးရိမ်စရာ မရှိပါဘူး စတာတွေဟာ နေလောင်ခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို နားမလည်လို့ ပြောတဲ့စကားတွေပါ။
နေရောင်ခြည်ဟာ ပူရုံမျှ မကပါဘူး။ လူရဲ့ အရေပြားကို ထိုးဖောက်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် UV Rays တွေလည်း ပါဝင်ပါတယ်။ ဒီရောင်ခြည်တွေ ကြာကြာ ထိတွေ့တာဟာ အရေပြားကင်ဆာ ၊ အရေပြားရောဂါတွေနဲ့ အိုမင်းရင့်ရော်မှုတွေကို မြန် ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ နေရောင်ခြည်ကို ကာကွယ်ဖို့ လိုအပ်ပါတယ်။
• အင်္ကျီ လက်ရှည်များဝတ်ပေးပါ။
• လက်တိုဝတ်၍ ကားမောင်းသူများအနေဖြင့် နေကာလက်အိတ်အရှည်များ ဝတ်ပေးပါ။
• သနပ်ခါး ထူထူလိမ်းပေးပါ။ ရိုးရိုးလေးနှင့်လည်း လှပနိုင်ပါသည်။ မြန်မာ့သနပ်ခါးသည် နေရောင်ခြည်ကို ၇၅% မျှ ကာကွယ်ပေးနိုင်ပါသည်။
• နေရောင်ခြည်ကို ၉၄% မှ ၉၈% အထိ ကာကွယ်ပေးနိုင်သော SPF (Sun Protection Factor) ပါဝင်သည့် နေရောင်ကာလိမ်းဆေးများ လိမ်းပေးပါ။
SPF နံပါတ်များ၏ အဓိပ္ပာယ်ကို ရှင်းပြပါရစေ။ SPF 15, 30, 200 စသည်ဖြင့် အမျိုးမျိုးရှိပါသည်။ ထိုနံပါတ်များသည် နေရောင်ခြည်ကို ကာကွယ်ပေးနိုင်သော မိနစ်အချိန်ကာလကိုသာ ဖော်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် SPF နံပါတ်များခြင်းသည် အရေပြားကို ပို၍ကြာကြာ ကာကွယ်ပေးနိုင်သည်ဟု ဆိုလိုပါသည်။ SPF 45 သည် ၄၅ မိနစ်မျှ ကာကွယ်ပေးထားမည် ဖြစ်ပါသည်။
(၃) သွေးတိုး ၊ ဆီးချို ၊ နှလုံး ၊ ကျောက်ကပ်ရောဂါ ရှိနေသူများအတွက် ကာကွယ်ခြင်း
အထက်ပါ ရောဂါရှိနေသူများအနေဖြင့် အပူဒဏ်ကြောင့် အသက်ဆုံးပါးနိုင်ရန် အခွင့်အရေး ပိုများပါသည်။ ပြင်းထန်သည့် အပူဒဏ်ကြောင့် သွေးကြောများ အကျုံ့အချဲ့မမှန်ခြင်း ၊ ရေနှင့် ဆားဓတ်များ ကုန်ခမ်းသွားသဖြင့် ခန္ဓာကိုယ်တွင်းဓာတ်များ မမျှမတဖြစ်စေခြင်း (Electrolyte Imbalance) ၊ ဆီးချိုရောဂါသည်များအနေဖြင့် ရေဓာတ်ဆုံးရှုံးခြင်းကြောင့် အချိုဓာတ်ပိုများလာတက်ခြင်း (Hyperglycaemia) စသည်တို့ကို ဖြစ်ပေါ်ခံစားလာရတတ်ပါသည်။
• မလိုအပ်ဘဲ နေပူထဲမသွားပါနှင့်။ နံနက် (၁၀) နာရီမှ ညနေ(၅)နာရီ အထိ အချိန်ကာလသည် အပူပြင်းထန်သော အချိန်ကာလ ဖြစ်ပါသည်။
• ဆေးများကို မိမိသဘောနှင့်မိမိ လျှော့ခြင်း/တိုးခြင်း ၊ မသောက်ခြင်းများ မပြုလုပ်ပါနှင့်။
• ဓာတ်ဆားများ အလွန်အကျွံ မသောက်ပါနှင့်။ ဓာတ်ဆားများသွား၍ သွေးတိုးတတ်ပါသေးသည်။
• ချွေးထွက်များလျှင်ဖြစ်စေ ကိုယ်လက်မအီမသာ မူးဝေလျှင်ဖြစ်စေ တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြသပေးပါ။
• ခရီးသွားခြင်း ၊ ရက်ရှည်တရားစခန်းများဝင်ခြင်း စသည်တို့ပြုလုပ်ရန်ရှိလျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ကျန်းမာရေးစစ်ဆေးသွားပါ။ မိမိသောက်နေကျဆေးများကို အလုံအလောက် ယူဆောင်သွားပါ။
(၄) ခရီးသွားမည့်သူများအနေဖြင့် စနစ်တကျကြိုတင်ပြင်ဆင်ခြင်း
• မိမိသွားမည့်ဒေသ၏ ရာသီဥတု အခြေအနေကို ဦးစွာစုံစမ်းပါ။ ပြည်ပခရီးသွားလျှင်လည်း လိုအပ်ပါသည်။
• မိမိသောက်နေကျ ဆေးဝါးများကို မမေ့မလျော့ ယူဆောင်သွားပါ။
• ခရီးဆောင် အရေးပေါ်သောက်သုံးရန် ဆေးဝါးများ ယူဆောင်သွားပါ။
• ဓာတ်ဆားထုပ်များ ၊ ရေပုလင်းများ ယူဆောင်သွားပါ။
• ပင်လယ်ကမ်းခြေသို့ ခရီးထွက်မည် ဆိုပါက ခရမ်းလွန်ရောင်ခြည် ၂ ဆ ဒဏ်သင့်နိုင်သည်ကို သတိပြုပါ။ (ပင်လယ်ရေမျက်နှာပြင်မှတဆင့် အလင်းပြန်ခြင်းကြောင့် ဖြစ်ပါသည်။)
• နေရောင်ကာလိမ်းဆေးများယူဆောင် သုံးစွဲပါ။
• နေရောင်ကာလိမ်းဆေးများသုံးစွဲပြီး ပင်လယ်ထဲ ရေကစားပါက ဆေးများပင်လယ်ရေထဲ ပျော်ဝင်သွားတတ်သဖြင့် ဆေးမရှိတော့လျှင် ထပ်လိမ်းပေးပြီးမှ ရေဆော့ပါ။ ညနေစောင်း နေအပူလျော့မှ ရေဆော့လျှင် အကောင်းဆုံး ဖြစ်ပါသည်။
• တောင်ပေါ်ဒေသများသည် အေးမြသော်လည်း ခရမ်းလွန်ရောင်ခြည်ဒဏ်တော့ ရှိနေပါသေးသည်။
(၅) သင်္ကြန်ကာလအတွက် အန္တရာယ်ကင်းစေရန် ဆောင်ရွက်ခြင်း
• ရာသီဥတု ပြင်းထန်ပါက ရေပက်ခံထွက်မလည်သင့်ပါ။ နေအေးချိန်ကို စောင့်ဆိုင်းပေးပါ။
• ကလေးများ ရေကစားမဏ္ဍပ်ကို အရိပ်ရနေစေရန် သေချာစွာ စီစဉ်ပေးပါ။ ကလေးများက လူကြီးများလောက် ခံနိုင်ရည် မကောင်းကြပါ။
• နေပူထဲတွင် ရေစိုစိုဖြင့် မနေမိပါစေနှင့်။
• အရက်များ အလွန်အကျွံမသောက်သုံးပါနှင့်။ အရက်မှရရှိသော အပူဓာတ်သည် လွန်ကဲသော ရာသီဥတုအပူချိန်နှင့် ပေါင်းစပ်၍ အပူဒဏ်ကြောင့် သတိလစ်ခြင်း/ အသက်သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
• ထောပတ်ထမင်း ၊ ဒံပေါက် စသော အဆီများသည့်အစားအစာများ ၊ ရွှေရင်အေး မုန့်လက်ဆောင်း စသော အချိုများသည့် အစားအစာများသည် သွေးတိုး ၊ ဆီးချိုရောဂါများကို ပိုမိုဆိုးရွားစေသဖြင့် သင်္ကြန်ကာလ ရေကစားထွက်လည်ရင်း ထိုသို့သော အစားအစာများကို နေပူပြင်းပြင်းတွင် စားသုံးမိပါက ရုတ်တရက် လေဖြတ်နိုင်ချေရှိသည်ကို သတိပြုပေးပါ။
(၆) အရေးပေါ်အခြေအနေကို ရင်ဆိုင်ခြင်း
အောက်ပါအချက်များ ဖြစ်လာပါက အသက်ကယ်တင်ရန်အတွက် နီးစပ်ရာ ဆေးရုံသို့ ချက်ခြင်းသွားရန် လိုအပ်ပါသည်။
• သတိလစ်ခြင်း
• တက်ခြင်း
• မူးဝေ အော့အန်ခြင်း
• ချွေးစေးများ ထွက်ခြင်း
• မောခြင်း ၊ ရင်တုန်ခြင်း
• ခန္ဓာကိုယ် အပူချိန်များခြင်း
မိဘပြည်သူများအနေဖြင့် ပူပြင်းသော နွေရာသီကာလတွင် ကျန်းမာပျော်ရွှင် စိတ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်ခင်ဗျာ။ ။

ရေးသားသူ - Dr. ကျော်သက်စိုး (အထွေထွေရောဂါကုဆရာဝန်)
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ