Uterine fibroid and pregnancy သားအိမ်အလုံးနှင့်ကိုယ်ဝန်


ဆရာရှင့် ကျမအသက်ကတော့ ၃၃ နှစ်ပါ။ နေတာကတော့ အမေရိကားမှာပါ။ ကျမမှာ ကိုယ်ဝန် ၁၉ ပတ်ရှိပါပြီ။ ဒီနေ့ ဆေးရုံမှာ အာထွာဆောင်းရိုက်တော့ ကလေးကတော့ ပုံမှန်ပါပဲတဲ့။ နှလုံးလဲခုန်နေပါပြီ။ ဒါပေမဲ့ ညာဘက်မှာအလုံး fibiords လို့ပြောပါတယ်။ ကျမလည်းနားမလည်ပါ။ အရင်ကကိုယ်ဝန်မရလို့ ဆေးစစ်ဖူးပါတယ်။ သားအိမ်ထဲမှာ ဘာမှမရှိပါ။ အခုမှကလေးနဲ့အတူတူ ရောပြီးကြီးလာပါတယ်။ ကျမလည်းစိုးရိမ်လို့ ဆရာဝန်ကိုမေးပါတယ်။ သူကတော့ ပြောတယ် စိုးရိမ်စရာမလိုဘူးတဲ့။ ဒါပေမဲ့ဆရာ အလုံးကြီးလာရင်ရော ကလေးပျက်ကျနိုင်လားရှင့်။ ပြီးတော့ ဒီကလေးမွေးပြီး ရင် နောက်ထပ်ကိုယ်ဝန်ရော ရနိုင်ပါသေးလား သိချင်လို့ပါဆရာ။ အရမ်းလည်းစိုးရိမ်ပါတယ်ရှင့်။ အလုံးကြောင့် ကလေးမလွတ်လပ်ပဲတခုခုဖြစ်မှာကိုပါ။ ပြီးတော့ ကျမမှာ အခုဆိုဝမ်းအရမ်းချုပ်ပြီး လေအောင့်တာ မခံနိုင်အောင်ပါပဲ။ ကျေဇူးပြုပြီး ဖြေကြားပေးပါဆရာ။

ကနေ့မေးသူ ၂ ယောက်ရှိတယ်။ နောက်တယောက်က ပြည်တွင်းက။ စာအသစ်ရေးရတယ်။ အမျိုးသမီးတချို့မှာ ကိုယ်ဝန်ရှိလို့ လိုအပ်တာတွေစစ်ဆေးတော့မှသာ သားအိမ်မှာ အလုံးရှိနေတာကို သိကြတယ်။ အတော်များများမှာ သားအိမ်အလုံးရှိနေပေမယ့် ဘာလိုမှမခံစားရဘဲ နေနိုင်လို့ဖြစ်တယ်။

ကိုယ်ဝန်မှာ သားအိမ်အလုံးပါရှိနေရင် နာနိုင်တယ်။ ပျို့နိုင်တယ်။ အန်နိုင်တယ်။ ဖျားနိုင်တယ်။ သွေးဖြူဥများနိုင်တယ်။ သိပ်မစိုးရိမ်ပါနဲ့ ကလေးအကောင်းမွေးနိုင်ပါတယ်။

ဖိုက်ဘရွိုက် ခေါ် မိုင်ယိုးမား ခေါ် လိုင်ယိုမိုင်ယိုးမား ခေါ် သားအိမ်အလုံး ဘာကြောင့်ဖြစ်သလဲ ပြောမရပါ။ မိသားစုလိုက် ဖြစ်နိုင်တယ်။ ဟော်မုန်းကြောင့်လည်း ဖြစ်နိုင်တယ်။ ကင်ဆာမဟုတ်တာတော့ သေချာတယ်။

စောင့်ကြည့် စစ်ဆေးနေရပါမယ်။ ကြီးတာမြန်သလား နှေးသလား။ အညှာပါသလား။ အဲတာမျိုးတို အညှာလိမ်နိုင်လို့ သတိထားရတယ်။ နာတာက အလုံးအတွင်းဆုံးပိုင်းက ဇရာဖြစ်စဉ်လိုပြောင်းလဲလို့ပါ။ အနာသက်သာဆေးတခုခု ပေးပါမယ်။ ကောင်းတာက ကိုယ်ဝန် ၃၂ ပါတ်မတိုင်မီသာ အနာသက်သာဆေးပေးသင့်တယ်။

သားအိမ်အလုံးဆိုတာ သားအိမ်အလွှာ သုံးခုကနေဖြစ်စေနိုင်တယ်။ ဖြစ်တဲ့အလွှာအလိုက် လက္ခဏာတွေ မတူပါ။ အတွင်းဆုံးလွှာမှာဖြစ်ရင် ရာသီဆင်းတာများမယ်။ အဲလိုအမျိုးအစားက ကိုယ်ဝန်မရတတ်ပါ။ အပြင်ဆုံးလွှာကဆိုရင် ကိုယ်ဝန်ကို အနည်းဆုံးသက်ရောက်မယ်။ ဒါပေမယ့် အညှာပါတတ်တယ်။ ကိုယ်ဝန်ကိုသက်ရောက်တာထက် သားအိမ်အနီးအနားက အင်္ဂါတွေကို ဖိအားသက်ရောက်မယ်။ ဥပမာ ရှေ့ဆို ဆီးအိမ်ဖိလို့ ဆီးခဏခဏသွားချင်တယ်။ နောက်ဖက်ဆို အစာဟောင်းအိမ်ကိုဖိလို့ ဝမ်းချုပ်မယ်။

အလုံးဟာ အချင်းနေရာနဲ့ကပ်နေရင် ကလေးဆီသွေးလျှောက်တာ နည်းနိုင်တယ်။ ကလေးစောမွေးမလား သတိထားရတယ်။ကလေးအနေအထားကို သက်ရောက်စေနိုင်တယ်။ အနေထားမမှန်ရင် ခွဲမွေးရမယ်။ ဒါပေယမ့် ကိုယ်ဝန်နဲ့ သားအိမ်အလုံးရှိသူတိုင်းကို ခွဲမွေးရတာများတယ်။ ကံမကောင်းရင်တော့ မွေးပြီး သားအိမ်ပါထုတ်ရတယ်။ ဆောရီး။ အလွန်ရှားပါတယ်။ မေးတဲ့သူတွေအားလုံး ချောချောမောမော မွေးဖွါးနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ