Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း


(၁) ဆရာရှင့် သမီးရာသီမလာတာ ၂ ပတ်ကျော်ပါပြီ။ ၁ ပတ်ကျော်တော့ ဆီးစစ်တဲ့ဟာဝယ်ပြီး စစ်ပါတယ်။ မျဉ်းကတကြောင်းဘဲ ပေါ်ပါတယ်။ ဆီးစစ်တဲ့ပစ္စည်းကလဲ မှားတတ်ပါသလားဆရာ။ တခါတရံမှာ ဆီးစပ်တွေအောင့်တယ်ဆရာ။ ဘယ်လို လုပ်သင့်ပါသလဲရှင်။ ဖြစ်နိုင်ရင်တော့ သူများနိုင်ငံမှာ ကလေးမလိုချင်သေးပါဘူးဆရာ။ တားဆေးသောက်ပါတယ်ဆရာ။ တလတကတ် ပုံမှန်သောက်ပါတယ်ရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော်ဆရာ။
(၂) ဆရာ တစ်ခုလောက်မေးပါရစေ။ မရိုသေစကားဖြစ်တဲ့တွက် ဦးစွာတောင်းပန်ပါတယ်။ ကျနော့်ဇနီးလို့ပဲပြောလို့ရပါတယ်။ ကျနော်တို့  ခိုးပြေခဲ့ပါတယ် ခုတော့ မိဘထံ ပြန်အပ်ပြီးပါပြီ။ သူမှာအခု ကိုယ်ဝန်ရှိနေတယ် ပြောပါတယ်။ မင်္ဂလာဆောင်ရက်ကလည်း တော်တော်လိုနေပါတယ်။ ဒါကြောင့် misoprosol တလုံးသောက်၊ တလုံးထည့် ဖျက်ခဲ့မိပါတယ်။ ည ၁၂ နာရီလောက်က သောက်တာ ည ၂ နာရီလောက် သွေးမဲမဲတွေဆင်းပါတယ်။ မနက်ရောက်တော့ ရပ်သွားပါတယ်။ သုံးရက်ကြာတော့ ဆီးစစ်တာ ၂ တန်းပဲ ပြမေပါသေးတယ်။ ကိုယ်ဝန်ဆက်ရှိနေတာလားဆရာ။
(၃) ဆရာ ကိုယ်ဝန်ရှိမရှိတိုင်းတဲ့ကိရိယာကို ဘယ်နှရက်ကြာမှာမှ တိုင်းတာနိုင်ပါသလဲ။
(၄) ဆီးစစ်ရင် ဆေးခန်းမှာ စစ်ရမှာလား။ ကျွန်တော်ကြားဖူးတာ ကိုယ်တိုင်လည်း စစ်ကြည့်လို့ ရတယ် ဟုတ်လားဆရာ။ တကယ်လို့များ ကိုယ်ဝန်ရှိနေရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ။ ကျွန်တော့်ကို ကူညီပါဆရာ။ တကယ်လို့ ရာသီလာတယ်ဆိုရင် ကိုယ်ဝန် မရနိုင်ဘူးလားဆရာ။ ကျေးဇူးတင်ပါတယ်။

ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း
• ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာရှိလာ၊ ဆီးထဲမှာပါလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။ Urine pregnancy test ကိုဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။

• မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။
• HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
• ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။
• အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။
• ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
• ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင်လဲ စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။
• စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
• သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။
• သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။

• ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။
• ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
• ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
• ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
• အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ် လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။
• အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။
• တကြာင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ သေချာချင်ရင် နောက် ၅-၆-၇ ရက်အကြာမှာ တခါ ထပ်စစ်ပါ။ ဘာလို့အဲလိုဖြစ်သလဲဆိုတော့ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျမှသာစစ်ပါ။

အဖြေမှားများ
• Thorazine ဆေး၊ ကလေးရစေအောင်ပေးတဲ့ HCG injections ဆေး၊ perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီး အပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာထိထားရင်လဲ မှားပြီး အပေါင်း ပြနိုင်တယ်။ Trophoblastic tumors အကျတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ Hysterical or false pregnancy ကိုယ်ဝန်လိုချင်လွန်းလို့စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။
• False positives မှားပြီးအပေါင်းပြတာက False negatives မှားပြီးအနုတ်ပြတာထက် ပိုနည်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ