ဦးစားပေး စားသုံးသင့်တဲ့ အဝါရောင်အသီး(သင်္ဘောသီး)


သင်္ဘောသီးသည် အာဟာရ ပေါကြွယ်လှသည့် အစားအစာတစ်ခုဖြစ်၍ အားအင်ကုန်ခန်းသူများ၊ သက်ကြီးရွယ်အိုများ မှန်မှန်စားသင့်သော သဘာဝအသီးဖြစ်လေ၏။ ၄င်းအပြင် သင်္ဘောသီးမှည့်ကို ပုံမှန်စားပေးပါက ဝမ်းချုပ်ရောဂါ၊ သုက်ခန်းရောဂါ၊ အားအင်ကုန်ခန်း မောပန်းသည့်ရောဂါ၊ နှလုံးအားနည်းရောဂါ၊ အဖောရောဂါ တို့ကို သက်သာပျောက်ကင်းစေ၏။ ဝမ်းကို မှန်စေ၏။ ခံတွင်းကိုလည်း မြိန်စေ၏။ လေထိုး၊ လေအောင့်ခြင်းကို သက်သာပျောက်ကင်းစေ၏။ ပန်းသေ၊ ပန်းညှိုးရောဂါအတွက် သင်္ဘောသီးအမှည့်ကို နွားနို့၊ သကြား၊ ကြက်ဥဖြင့် တစ်နေ့တစ်ကြိမ် ဖျော်ရည်လုပ်သောက်ပေးပါက များစွာအကျိုးရှိကြောင်း တွေ့ရ မည်ဖြစ်၏။

ဆေးဖက်ဆိုင်ရာ အသုံးပြုပုံများ

ရေချိုးရမည်ကို စိုးရွံ့နေသူများ၊ ထုံကျဉ်ရောဂါစွဲကပ်နေသူများအနေဖြင့် သင်္ဘောသီးကို အခွံမခွာဘဲ ပါးပါးလှီး အခြောက်လှန်းလျက် အမှုန့်ပြုကာ ပျားရည်ဖြင့် တေ၍ ၁ ပဲသား(၁ ဂရမ်ခန့်) နံနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ်၊ တစ်နေ့ ၃ ကြိမ်စားပေးပါက ဖော်ပြပါအခြေအနေများ သက်သာသွားမည်ဖြစ်လေ၏။

သင်္ဘောသီးအစိမ်းကို ခြစ်၍ သင်္ဘောသီးသုပ်အဖြစ် စားသုံးပါက ခံတွင်းမြိန်စေ၍ အပူငြိမ်းစေနိုင်၏။ သင်္ဘောသီးအစိမ်းကို ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးပနော်မီးကင်တို့ ရောဖက်ကာ မန်ကျည်းရည်ဖြင့် ချဉ်ရည်ဟင်း ချက်စားပါက လေပွ၊ လေထိုးလေအောင့် သက်သာစေ၏။

ကလေသူငယ်များအတွက် သန်ချဆေးအဖြစ် အစေ့ကို အသုံးပြုနိုင်၏။ ကလေးအရွယ်အလိုက် အစေ့ ၂ စေ့မှ ၇ စေ့အထိ အမှုန့်ပြုကာ ထန်းလျက်ဖြင့် တိုက်ကျွေးပေးရမည်ဖြစ်၏။

သင်္ဘောအစေးရဲ့ အာနိသင်

အဆိုပါသင်္ဘောပင်မှ အစေးကို သွားနာ၊ သွားကိုက် ရောဂါတွင် သိပ်ပေးနိုင်၏။ အနာပေါက်အမျိုးမျိုးနှင့် သက်တန့်နာဖြစ်ပါက သင်္ဘောသီးအစေးကို အုံပေးလျှင် အနာပြည်မှည့်စေ၏။ သင်္ဘောအစေးကို လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့် ရေဖန်ခွက်ထဲထည့်လျက် အဆိုပါအရည်ကြည်ကို မကြာမကြာသောက်ပေးလျှင် အရိုးကျီးပေါင်းရောဂါ ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရ၏။ သင်္ဘောသီးနှင့် လက်ဆတ်သည့် ရှလကာရည် ရောကာ အသားဟင်းတွင် ထည့်ချက်ပါက အသားများကို လျင်မြန်စွာ နူးနပ်စေနိုင်၏။

အထက်အညာဒေသများတွင် ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ် လည်းကောင်း၊ သင်္ဘောပွင့်ကို သုပ်စားလေ့ရှိကြ၏။ သင်္ဘောပွင့်ကို မန်ကျည်းမှည့်ဖြင့် ပြုတ်ပါက အခါးရည်များ ထွက်လာမည်ဖြစ်၏။ ထိုအခါးရည်များကို သွန်ပစ်ပါ။ ၂ ကြိမ်ခန့်ပြုတ်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နှမ်း၊ မြေပဲတို့နှင့် သုပ်စားပါက ဝမ်းမီးတောက်စေ၊ အစာကို ကြေစေရုံသာမက ဝမ်းဖော ဝမ်းရောင်၊ ဝမ်းပျက်ဝေဒနာရှင်များအတွက် အထူးသင့်လျော်သော ဓာတ်စာဖြစ်၏။

သင်္ဘောပင်နှင့် ပတ်သက်၍ သတိပြုရန်အချက်မှာ သင်္ဘောပင်၏ အစေ့၊ အရွက်နှင့် သင်္ဘောသီးစိမ်းများကို ကိုယ်ဝန်ဆောင်မိခင်များ စားသုံးခြင်းမှ ရှောင်ကြဉ်ရန်ပင် ဖြစ်၏။ ထို့အပြင် သင်္ဘောသီးနှင့် အတူ ရောစပ်မစားသင့်သည့် အစားအစာမှာ ချင်းတက်၊ ချင်းသုပ်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ အာဟာရဓာတ် ပေါကြွယ်လှပြီး ဆေးဖက်လည်းဝင်၊ စား၍လည်း အရသာကောင်းသည့် သဘာဝ သင်္ဘောသီးကို ဆီးချိုဝေဒနာရှင်မှ အပ လူတိုင်း စားသုံးပေးသင့်လှ၏။

မှတ်ချက်။ ၂၀၁၄ခုနှစ် အောက်တိုဘာလထုတ် ဇီဝက ကျန်းမာရေးမဂ္ဂဇင်း စာအုပ်မှ တိုင်းရင်းဆေး သမားတော်ကြီး ဦးကျော်စိန် (မိုးကုတ်) ရေးသားသည့် ဆောင်းပါးအား ကောက်နှုတ်ဖော်ပြပါသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ