ကျောက်ကပ်ရောဂါမဖြစ်အောင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်၊ အနေအထိုင်များ ဖြစ်ရန်လို

လူ့ခန္ဓာကိုယ်ထဲတွင် အင်္ဂါအစိတ်အပိုင်း များစွာရှိပြီး အားလုံးသည် သူ့တာဝန်နှင့် သူ ကျေပွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ ထိုအထဲတွင် လူတို့စားသောက်လိုက်သည့် အစားအစာများကို ဓာတ်ပြုပြီး မလိုလားအပ်သည့်အဆိပ်အတောက်များကို အသည်း၊ ကျောက်ကပ်တို့က တစ်ဆင့် အဓိကစွန့်ထုတ်ပေးသည်။ ကျောက်ကပ်သည် အင်္ဂါအစိတ်အပိုင်း အသီးသီး၏ လုပ်ဆောင်ချက်များ အကောင်းဆုံးဖြစ်အောင် အဆိပ်အတောက်များကို ထိန်းညှိပေးသည်။ ကျောက်ကပ် မကောင်းတော့ပါက အဆိပ်တောက်များစုလာပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီး၏ လုပ်ငန်းဆောင်တာများ စွမ်းဆောင်နိုင်မှုများ ကျဆင်းလာတော့မည် ဖြစ်သည်။

ထို့ကြောင့် ကျောက်ကပ်ရောဂါ မဖြစ်အောင်ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက် အနေအထိုင်များဖြစ်ရန် လိုသလို ကျောက်ကပ်ဝေဒနာ ခံစားရလျှင်လည်း နာတာရှည် ကျောက်ကပ် ရောဂါမဖြစ်အောင် ထိရောက် ကျွမ်းကျင်သည့် ဆရာဝန်ကြီးများဖြင့် ကုသရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် ကျောက်ကပ် အစားထိုးခွဲစိတ်မှုကို ၁၉၉၅ ခုနှစ် က စတင်ကာ မြန်မာသမားတော်များဖြင့် စတင်ခဲ့ကာ အောင်မြင်မှုများလည်းရခဲ့သကဲ့သို့ ယခုပြီးခဲ့သည့် စက်တင်ဘာ ၃ဝ နှင့် အောက်တိုဘာ ၁ ရက်နေ့တို့ကလည်း ရန်ကုန်မြို့ အထူးကုဆေးရုံကြီး ခုတင် ၅ဝဝ တွင် ဒေါ်ဥမ္မာဝင်းနှင့် မခိုင်မေဇွန် စိုးတို့ကို မြန်မာသမားတော်များဖြင့် အောင်မြင်စွာ အစားထိုးခွဲစိတ်ကုသနိုင်ခဲ့သည်။ ထို့ကြောင့် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်၊ ဆီးနှင့် ကျောက်ကပ်ဆေးကုဌာန ပါမောက္ခ ဒေါက်တာခင်မောင်ဌေး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန ပါမောက္ခ ဒေါက်တာကျော်စွာလှိုင်နှင့် ကျောက်ကပ်လှူဒါန်းသူ မသန္တာဝင်းတို့အား ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ်

ကျောက်ကပ်ဝေဒနာခံစားရရင် ဆီးသွားတာနည်းသွားမယ်။ ဆီးထဲမှာ သွေး၊ ပြည်တစ်ခုခုပါလာမယ်ဆိုရင် ကျောက်ကပ်ဝေဒနာ ဖြစ်လာပြီလို့ သိရမယ်။ နောက်တစ်ခုက ဖောရောင်လာမယ် စတာတွေက ကျောက်ကပ်ဝေဒနာလက္ခဏာများ ဖြစ်ပါတယ်။ ကျောက်ကပ်နှစ်ခုစလုံး ပျက်စီးသွားပြီဆိုရင် ကျောက်ကပ် ဆေးစက်နဲ့ ကုသနိုင်မှာဖြစ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ခါ၊ နှစ်ခါ ဆေးရတာဖြစ်ပါတယ်။ စက်ပေါ်မှာ မှီခိုနေရတာဖြစ်တဲ့အတွက် သူ့ရဲ့လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ဘူး၊ စက်ကလည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လို မြို့ကြီး တွေမှာပဲရှိတဲ့အတွက် ဝေးဝေးသွား လို့မရပါဘူး။ အဲလိုအခက်အခဲတွေ ဖြစ်တဲ့အတွက် ကျောက်ကပ် အစားထိုးကြတာဖြစ်ပါတယ်။

လူနာက အစားထိုးဖို့ ဆန္ဒရှိမယ်၊ ကျန်းမာရေးအခြေအနေလည်း ရှိမယ်၊ လှူဒါန်းမယ့်သူတွေကလည်း အဆင်သင့်ရှိမယ်၊ အဲဒိကျောက်ကပ်ကလည်း သူ့ခန္ဓာကိုယ်က လက်ခံနိုင်မယ်ဆိုရင် ခွဲစိတ်ကုသပြီး အစားထိုးနိုင်မှာဖြစ်ပါတယ်။ ကျောက်ကပ် အစားထိုးလို့ရအောင် တစ်ယောက်နဲ့တစ်ယောက် သွေးအုပ်စုတူရမယ်၊ ကျောက်ကပ် တစ်ရှူးတွေတူရမယ်၊ ဗီဇဆိုင်ရာတစ်ရှူးတွေ တူရမယ်၊ အစားထိုးမယ့်သူဟာ ခွဲစိတ်ကုသခံ နိုင်မယ့် ကျန်းမာရေးစတဲ့ အခြေအနေတွေနဲ့ကိုက်ညီလို့ အစားထိုးလိုက်မယ်ဆိုရင် လူကောင်းတစ်ယောက်လို သွားလာလှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

အခု ကျောက်ကပ်အစားထိုး ခွဲစိတ်မှုကို နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပေးပါတယ်။ လူနာဘက်က သက်ဆိုင်ရာ ဓာတ်ခွဲ စစ်ဆေးမှုတွေ၊ တချို့စစ်ဆေးမှုတွေ ကို စင်ကာပူနိုင်ငံကိုပို့ပြီး စစ်ရတာ တွေရှိတဲ့အတွက် အနည်းငယ်တော့ ကုန်ကျမှုရှိပါတယ်။ နိုင်ငံခြားမှာသွားပြီး အစားထိုးရတာဆိုရင် သိန်းရာနဲ့ချီပြီး ကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမယ့် အခုက အဲဒိကုန်ကျစရိတ် ရဲ့ တစ်ဆယ်ပုံတစ်ပုံ လောက်သာကုန်ကျပါတယ်။ သက်ဆိုင်ရာ ဆရာ ဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုနဲ့ စေတနာ ပေါင်းစပ်ပြီး ပြည်သူတို့ရဲ့ ကျန်းမာရေးအခက်အခဲကို ဖြေရှင်းပေးတာ ဖြစ်ပါတယ်၊ အခုအချိန်မှာ ငွေကြေးကြောင့်လည်း အားငယ်နေစရာမလိုဘဲ နိုင်ငံတော်ကအခုလို ပံ့ပိုးမှု တွေ ရှိနေပါပြီလို့ အသိပေးလိုပါတယ်။ ကျွန်တော်တို့ဆီကို ဆက်သွယ်ရင် အကူအညီတွေပေးနိုင်ပါတယ်။

ဆီးနှင့်ကျောက်ကပ်ဆေးကုဌာန
ပါမောက္ခ ဒေါက်တာခင်မောင်ဌေး

ကျောက်ကပ်ရောဂါဖြစ်လာရင် တခြားအင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်မလုပ်တော့ ဘူး၊ ဦးနှောက်ဆိုရင် သူ့ရဲ့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ သတိမေ့လျော့ တာ၊ ထိုင်းမှိုင်းတာ၊ ပျို့ချင်အန်ချင် တာတွေဖြစ်တတ်ပါတယ်။ နောက် ဆက်တွဲအနေနဲ့ လေဖြတ်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကျောက်ကပ် မကောင်းတော့ အစာအိမ်၊ အူလမ်းကြောင်းတွေ ကောင်းကောင်းအလုပ် မလုပ်တော့ဘူး။ အဲဒီအခါ အစာအိမ် ရောဂါလက္ခဏာတွေလည်း ပြတတ်တဲ့အတွက် အစာအိမ်ရောဂါလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း တော့ ကျောက်ကပ်က ဖြစ်တာပါ။ ကျောက်ကပ် အလုပ်မလုပ်ရင် ခန္ဓာ ကိုယ်အစိတ်အပိုင်း အသီးသီးက လုပ်ဆောင်ချက်တွေ အားနည်းလာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကောင်းနေတဲ့ ကျောက်ကပ်ကို ဖျက်ဆီးနိုင်တဲ့ အနေအထားတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ အထူးသဖြင့် အစား အစာ၊ ဆေးဝါး၊ သစ်ဥ၊ သစ်ဖုတွေကထုတ်တဲ့ တိုင်းရင်းဆေးတွေက အကုန်လုံးကျောက်ကပ်ကို ဒုက္ခပေး တတ်ပါတယ်။ သဘာဝက ထုတ်ထားတဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘူး လို့ ထင်တတ်ကြပါတယ်။ ဘာဆေးပဲဖြစ်ဖြစ် မသောက်တာအကောင်း ဆုံးပါပဲ။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောင်ရောဂါတွေအဖြစ်များတတ် ကြပါတယ်။ ကျောက်ကပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဆရာဝန်တွေ၊ လူနာတွေကရော ရောဂါတစ်ခုခု ဖြစ်လာရင် ဒီရောဂါသည် ကျောက်ကပ်ဝေဒနာ တစ်ခုခုကြောင့်ဖြစ်တာ လားဆိုပြီး ဆန်းစစ်ဖို့လိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော်က ကျောက်ကပ်အစားထိုး ကုသမှုတွေလုပ်ဖို့ အမျိုးမျိုးကြိုးစား ခဲ့ကြပါတယ်။ မအောင်မြင်ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခံအား ရဲ့ တိုက်ခိုက်မှုကို မသိခဲ့ကြဘူး။ မတားဆီးနိုင်ခဲ့ကြဘူး။ အခုတော့ အဲဒါနဲ့ ပတ်သတ်တဲ့ ပညာရပ်တွေ၊ ဆေးတွေအများကြီးပေါ်လာတယ်။ ကိုယ်ခံအားတစ်ခုလုံးကျတာ မဟုတ်ဘဲ သီးသန့်ဖျက်ဆီးတာ၊ တားဆီးတာမျိုးတွေပေါ်လာတယ်။ အစားထိုးလိုက်တဲ့ ကျောက်ကပ်ကို ခန္ဓာကိုယ် လက်ခံနိုင်သလား ကြိုတင်စဉ်းစားပြီး အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ ခွဲတဲ့အချိန်၊ အစားထိုးလိုက်တဲ့အချိန်မှာ ကျောက်ကပ်ကို သွေးဘယ်လောက် စီးဆင်းသွားသလဲ၊ သွေးပေါင်ချိန် ကျလာသလားဆိုတာကို အခြေခံပြီး ကုသမှုတွေလုပ်ပေးရတယ်။ အချိန်မရွေး ခန္ဓာကိုယ်က ကျောက်ကပ်ကို တိုက်ထုတ်နိုင်တဲ့အတွက် ကျောက်ကပ်အစားထိုးပြီးပြီးချင်းမှာ ကျောက်ကပ်သမားတော်က တာဝန်ယူပြီး ရောဂါမဝင်အောင် ကိုယ်ခံအားကို တိုင်းတာတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေရတယ်။

အခု ကျောက်ကပ်အစားထိုး ခွဲစိတ်မှုကိုတော့ သင်္ဃန်းကျွန်း ဆေးရုံကြီး၊ နေပြည်တော်နဲ့ မန္တလေးတို့က ကျောက်ကပ်သမားတော်တွေ လာရောက်ပြီး ကူညီပေးပါတယ်။ အောင်မြင်ခဲ့ပါတယ်။ နောင်ဆိုရင် ဒီထက်ပိုပြီး အစားထိုးကုသပေးသွား နိုင်မှာဖြစ်ပါတယ်။ အခုက လူအရှင်ဆီက ကျောက်ကပ်ယူတာဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ မတော်တဆမှု တစ်ခုခုကြောင့် အသက်ဆုံးရှုံးတော့မယ်။ ဦးနှောက် သေသွားတယ်၊ ဒါပေမယ့်နှလုံးက အလုပ်လုပ်နေသေးတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းပစ္စည်းတွေက ကောင်း နေသေးတယ်။ အဲလိုအခြေအနေမှာ ကျောက်ကပ်လှူရင်ထုတ်ပြီး အစား ထိုးထည့်လို့ရအောင် ရည်ရွယ်ထားပါတယ်။

အခု မြန်မာနိုင်ငံမှာ ကျောက်ကပ် အစားထိုးကုသချင်ရင် ဆေးရုံရဲ့ အစဉ်အလာ စည်းကမ်းအရ ညီအစ်ကို၊ မောင်နှမ၊ အဖေ၊ အမေ မိဘအရင်းတွေကပဲ ပေးခွင့်ရှိပြီး အရင်းသာမက တစ်ဝမ်းကွဲမောင်နှမ တွေကလည်း ပေးခွင့်ရအောင် ဥပဒေကို ပြင်ဆင်ဖို့ အကြံပြုထားပါတယ်။ သူများနိုင်ငံတွေမှာ ယောက်ျားက မိန်းမကိုပေးခွင့်ရှိတယ်။ ရင်းနှီးတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကလည်း ပေးခွင့်ရှိပါတယ်။ ငွေကြေးအရောင်း အဝယ်ကိစ္စတွေ ပါမှာစိုးတဲ့အတွက် ဟန့်တားထားတာ ဖြစ်ပါတယ်။ ဒါတွေကိုဥပဒေကြောင်းအရ ပြင်ဆင် လာမယ်လို့မျှော်လင့်ပါတယ်။ နောင်ဆိုရင် ကျွန်တော်တို့လို ကျောက်ကပ် အစားထိုးတဲ့သူတွေမပါတဲ့ ကျန်းမာ ရေးဝန်ကြီးဌာန လက်အောက်က ဥပဒေရေးရာ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့စည်းထားမယ်။ ကျောက် ကပ်အစားထိုးချင်တဲ့ သူတွေကို ကျွန်တော်တို့က အဲဒီအဖွဲ့ကို တင်လိုက်မယ်။ သူတို့ကဥပဒေကြောင်း အရ လက်ခံတယ်၊ မခံဘူးဆုံးဖြတ်မယ်။ မြန်မာနိုင်ငံအတွင်းမှာပဲ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့သမားတော်နဲ့ အလွယ်တကူ အစားထိုးလို့ရဖို့ ပြင်ဆင်နေပါပြီ။

အခု ကျောက်ကပ်အစားထိုးတဲ့ နေရာမှာတော့ အခက်အခဲတွေ အများကြီးမရှိပေမယ့် နေရာထိုင်ခင်း ကျပ်တည်းမှုတော့ ရှိနေပါသေးတယ်။ အရင်ကတော့ စမ်းတဝါးဝါးနဲ့ ထည့်လိုက်ပြီး ပျက်သွားတာတွေ ရှိနိုင် တယ်။ အခုက ကျောက်ကပ်အစားထိုး လို့ ရမရကို စင်ကာပူကိုပို့ပြီး ဓာတ်ခွဲ စမ်းသပ်ရတယ်။ အဲဒါလည်း မြန်မာနိုင်ငံမှာ လုပ်လို့ရအောင် ကြိုးစားနေတယ်။ အရမ်းခက်ခဲတာတော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း ပံ့ပိုး မှုတွေများလာပြီး ငွေကြေးနဲ့ စက် ပစ္စည်းကိရိယာတွေ ဝယ်နိုင်လာမယ်။ သိပ်မကြာခင်မှာတော့ မြန်မာ နိုင်ငံမှာပဲ စစ်ဆေးလို့ ရလာမယ်ထင်ပါတယ်။

ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဌာန ပါမောက္ခဒေါက်တာ ကျော်စွာလှိုင်

ကျောက်ကပ်ကို မပျက်စီးရအောင် ကာကွယ်တာ အကောင်းဆုံးပါပဲ။ အနေအထိုင်၊ အစားအသောက် က အရေးကြီးပါတယ်။ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချို၊ သွေးတိုးတွေ မဖြစ်အောင်နဲ့ ဖြစ်နေတယ်ဆိုရင်လည်း ကျောက်ကပ်မပျက်စီးအောင် ဒါတွေကို သေချာစနစ်တကျ ကုသထားသင့်ပါ တယ်။ ကျောက်ကပ်ပျက်စီးသွားရင် ကျောက်ကပ်ဆေးရတာ၊ နိုင်ငံခြားကိုသွားပြီး အစားထိုးရတာတွေနဲ့ ကုန်ကျစရိတ်များပါတယ်။ အခုကတော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာပဲ ကျောက်ကပ်ပျက်စီးသွားတဲ့ သူတွေကို ပြန်ပြီး အစားထိုး ကုသပေးနေပါပြီ။ ပြန်ပြီး မကောင်းနိုင် တော့တဲ့သူ၊ ကျောက်ကပ်က လုံးဝ ပျက်စီးသွားတဲ့သူ၊ အမြဲတမ်း ကျောက်ကပ်ဆေးနေရတဲ့ လူနာအတွက် စရိတ်စကရော၊ ရေရှည် ဘဝနေထိုင်မှုအတွက်ပါ ကျောက် ကပ် အစားထိုးတာ အကောင်းဆုံးပါပဲ။ အခု ခွဲစိတ်တဲ့လူနာတွေကို ဆေးကုဌာနက ကျောက်ကပ်ပျက်စီး ပါပြီဆိုပြီး ကျွန်တော်တို့ဆီကို လွှဲပါတယ်။ အဖွဲ့လိုက် တိုင်ပင်ကြပြီး ဆုံးဖြတ်ပါတယ်။ အလှူရှင်လည်း ရှိဖို့လိုတာပေါ့။ လူနာရဲ့ ဆွေမျိုးသားချင်းထဲက အလှူရှင်ရှိရမယ်။ သွေးအုပ်စု၊ ကျောက်ကပ်တစ်ရှူး တူရမယ်၊ ဗီဇဆိုင်ရာ တစ်ရှူးတွေတူရမယ်။ အစားထိုးမည့်သူဟာ ခွဲစိတ်ကုသခံနိုင်မည့် ကျန်းမာရေး စတာတွေ ရှိရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကျောက်ကပ်အစားထိုးမှုမှာ ဂုဏ်ထူး ဆောင်ပါမောက္ခဆရာကြီး ဦးသန်းအေးကိုယ်တိုင်ကူညီတယ်။ လမ်းပြပေးတယ်။ အားလုံးရဲ့ ပံ့ပိုးမှုတွေ ကြောင့် အခက်အခဲမရှိ ခွဲစိတ်နိုင်ခဲ့ပါ တယ်။ လူနာတွေလည်း နေကောင်း ကြပါတယ်။ သူတို့ရဲ့ ရှေ့ဆက် ကျန်းမာရေးကိုလည်း ကျောက်ကပ် သမားတော်ကြီးတွေက လိုအပ်တဲ့ စစ်ဆေးမှု၊ ကုသမှုတွေ ဆောင်ရွက် ပေးနေပါတယ်။

မသန္တာဝင်း (ကျောက်ကပ်လှူဒါန်းသူ)

အစ်မ နေမကောင်းဖြစ်နေတော့ စိတ်မကောင်းခံစားရပါတယ်။ ကျွန်မက အားလုံးတူညီလို့ ကျောက်ကပ် လှူလို့ရရင် လှူမယ်လို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ တကယ်လည်း စစ်ဆေးတာ အားလုံးတူညီတဲ့အတွက် အခုလို လှူဒါန်းခွင့်ရခဲ့တာပါ။ အစ်မ ကျန်းမာပျော်ရွှင်နေတာ မြင်ရတဲ့အတွက် အလွန်ဝမ်းသာရပါတယ်။

ရန်ကုန် အထူးကုဆေးရုံကြီး ခုတင် ၅ဝဝ ဆံ့ကို ယခုနှစ် သြဂုတ်လတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စတင်ဖွင့်လှစ်ပေး ခဲ့ပြီး အကြီးစား ခွဲစိတ်ကုသမှုများ၊ ကျောက်ကပ်အစားထိုးကုသမှုများကို နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီး ဌာန၏ငွေကြေးပံ့ပိုးပေးမှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?fref=nf


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ