ကျန်းမာဖို့ အရေး သိလိုရာမေး (လက်ဖက်ရည် ၊ဘီယာ)



ဒေါက်တာရှင့်- လက်ဖက်ရည် အချိုသောက်ခြင်းရဲ့ အကျိုးအပြစ်ကို သိလိုပါတယ်။ ကျွန်မ နေ့စဉ် လက်ဖက်ရည် မသောက်ရ မနေနိုင်လို့ပါ။

ဝတ်ရည်(မြောက်ဒဂုံ)

သမီးဝတ်ရည်ကို ပြောလိုတာကတော့ လက်ဖက်ရည် ဟာလည်း ကော်ဖီလို စွဲတယ် ဆိုတာပါ။ လက်ဖက်ရည်မှာ ပါဝင်တဲ့ဓာတ်က ဦးနှောက်ကို ဆွပေးပြီး နှလုံးကို ပိုခုန်စေပါတယ်။ အစာအိမ်က အစာချက်ရည်ကိုလည်း ပိုထုတ်စေပါတယ်။ ဒါကြောင့် အိပ်မပျော် တော့တာပါ။ သမီးဝတ်ရည် အနေနဲ့ တစ်နေ့တစ်ခွက်လောက် သောက်တာက ပြဿနာ မရှိနိုင်သော်လည်း လက်ဖက်ရည်သောက်တာ များရင်တော့ နှလုံးပိုခုန်လာ၊ အမော ပိုဖောက်လာတော့မှာပါ။ အစာအိမ် ရောဂါရှိသူတွေ ရှောင်ကြဉ်သင့်ပါတယ်။

ဒေါက်တာခင်ဗျာ- ကျွန်တော့် သားငယ်နဲ့ သူ့သူငယ်ချင်း ဆယ်ကျော်သက် အများစုဟာ ဘီယာဆိုင် ယဉ်ကျေးမှု ခေတ်စားနေပါတယ်။ ကျွန်တော်က ကျန်းမာရေး လိုက်စားပါတယ်။ သားကို အရက်ဘီယာနဲ့ ပတ်သက်ပြီး မတားမြစ်လိုပေမယ့် ဆိုးကျိုးလေးတွေ သိအောင်တော့ ပြောပြလိုပါတယ် ခင်ဗျာ။ ဘယ်သူ့ မေးရမှန်း မသိလို့ ဒေါက်တာ ကိုပဲ ဖြေကြားပေးဖို့ မေးလိုက်ပါရစေ။ ကျွန်တော့်လိုမျိုး ဘယ်သူ့မေးရမှန်း မသိတဲ့ ကျန်းမာရေး သုတမေးခွန်းတွေ ကို ဖော်ပြပေး တဲ့ မြဝတီ သတင်းစာနဲ့ ဖြေကြားပေးတဲ့ ဒေါက်တာစွမ်းကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဦးဇော်ဇ်ာထွန်း(ပန်းဆိုးတန်း)

လေးစားရသော ဦးဇော်ဇော်ထွန်း ခင်ဗျာ ကျွန်တော်နဲ့ မြဝတီ သတင်းစာကလည်း ဦးဇော်ဇော်ကဲ့သို့ အားပေးဖတ်ရှုသော ပရိသတ်များကို အထူးပင် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျန်းမာရေး သုတဆိုတာ လူတိုင်းလည်း သိထားသင့်ပါတယ်။

ကျွန်တော်တို့ မြဝတီ သတင်းစာကလည်း စာရှုသူများရဲ့ ကျန်းမာရေး ဆိုင်ရာများသာမက အထွေထွေကို စာဖတ်ပရိသတ်များ ဘဝမြှင့်တင်ရေး၊ ဗဟုသုတ တိုးပွားရေးများ အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြပါတယ်။ ဆေးခန်းထဲ ဝင်ရောက်ပြီး မေးမြန်းဖို့ ခက်ခဲတဲ့ မေးခွန်းတွေ အတွက်လည်း ဒီကဏ္ဍကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

ဦးဇော်ဇော်ပြောသလိုပဲ ဘီယာ ယဉ်ကျေးမှုက လူငယ်ထုကြားထဲမှာ ငြင်းဆန်မရတဲ့ ခေတ်ရဲ့လက်ဆောင် ဖြစ်ခဲ့ပါပြီ။ မိမိကိုယ်တိုင် ကျန်းမာရေး လိုက်စားသူ ဖြစ်လျက်နဲ့ သားငယ် ဘီယာသောက်တာကို မတားမြစ်လိုဘဲ ဘီယာ ဆိုးကျိုးဟာ ဘဝရှေ့ရေးမှာ ဘယ်လို ဆိုးကျိုးဖြစ်စေမယ် ဆိုတာကိုသာ ပြန်လည်မျှဝေ ပြောပြချင်တဲ့ ဦးဇော်ဇော်လို ဖခင်တစ်ယောက်ရဲ့ မေတ္တာ စေတနာကိုလည်း နားလည် ခံစားမိပါတယ် ခင်ဗျာ။

ဦးဇော်ဇော်ရဲ့ သားငယ် အပါအဝင် ယနေ့လူငယ် အများစုဟာ ဘီယာရဲ့ ဆိုးကျိုးနဲ့ ကျန်းမာရေး ထိခိုက်မှုကို သိရှိပြီးကြတာ များပါတယ်။ ဒါပေမဲ့ အချို့ကတော့ ဘီယာဟာ အရက်မဟုတ်ဘူး ဆိုတဲ့ ဆင်ခြေနဲ့ စိတ်အလို လိုက်ကြပါတယ်။ တကယ်တော့ ဘီယာဟာလည်း အရက်ပါပဲ။ သောက်တာ များလာတာနဲ့အမျှ ပုလင်းသမား (အရက်သမား) ဘဝကို တစ်ဆင့်ပြီး တစ်ဆင့် ကူးပြောင်းသွားမှာပါ။ ဘီယာရဲ့ အသိသာဆုံး ဆိုးကျိုးက ကိုယ်အလေးချိန် တိုးလာစေခြင်း ဖြစ်ပါတယ်။ အရက်လိုပဲ ဘီယာမှာ ဦးနှောက်ကို ဖိအားပေးတဲ့ CNS depressant တွေရှိပါတယ်။ ဒီတော့ ဘီယာ အသောက်များရင် ဦးနှောက် အဖိလွန်ပြီး မိမိကိုယ်ကို မလုပ်သင့်တာ မလုပ်ဖို့ ထိန်းထားတဲ့ Control Centre ပါ အဖိခံရကာ လုပ်ချင်တာလုပ်၊ နေချင်သလို နေတဲ့ အထိန်းအကွပ်မဲ့ ဘဝကို ရောက်သွား တတ်ပါတယ်။ အရက်လိုပဲ အကျိုး အာနိသင် ရှိတာကြောင့် အရက်ကြောင့် ဖြစ်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချိုမှ အစ အသည်းရောင်၊ အသည်းကြွပ်ဆတ်နာ၊ အသည်း ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။

ဦးဇော်ဇော် အနေနဲ့ သားငယ်ကို ဘီယာ ဆိုးကျိုးအကြောင်း မျှဝေပြောပြရာမှာ ဘီယာဟာ မကောင်းဘူးဆိုတာထက် မိမိဘဝကို မိမိဘယ်လောက် ထိန်းချုပ်ပြီး ပန်းတိုင်ကို ဘယ်လို လှမ်းကိုင်မလဲ ဆိုတဲ့မေးခွန်းနဲ့ စိတ်ဓာတ် စစ်ဆင်ရေး တိုက်စစ်ဆင်နိုင်ကြောင်း အကြံပေး တိုက်တွန်း လိုက်ရပါသည် ခင်ဗျာ။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ