အော်ဂဲနစ် အစားအစာနှင့် ကျန်းမာရေး


မေး။ ဆရာခင်ဗျာ။ အော်ဂဲနစ်အစားအစာဆိုတာ ဘယ်လိုမျိုး အစားအစာကိုခေါ်တယ်ဆိုတာ အရင်ဆုံး ရှင်းပြပေးစေ ချင်ပါတယ်။
ဖြေ။ အော်ဂဲနစ် အစားအစာဆိုတာကတော့ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းတဲ့ အစားအစာ ဖြစ်ဖို့ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်တဲ့အချိန်ကစလို့ စားသုံးသူလက်ထဲမရောက်မီအထိ အဆင့်ဆင့် တိုင်းကို သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားတဲ့အစားအစာတွေကို ရည်ညွှန်းခေါ်ဆိုတာဖြစ်ပါတယ်။

အဓိကအချက်အနေနဲ့ အဲဒီအစားအစာတွေဟာ

(၁) ဓာတ်မြေသြဇာသုံးပြီး စိုက်ပျိုးထုတ်လုပ် ထားတာမဖြစ်ရပါဘူး။

(၂) ဓာတုဗေဒ ပိုးသတ်ဆေးတွေအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်ထားတာ မဖြစ်စေရမယ့်အပြင် အဲဒီလိုမျိုး ပိုးသတ် ဆေးအကြွင်းအကျန်တွေလည်းပါဝင်မှု မရှိစေရပါဘူး။

(၃) ဓာတုဗေဒပေါင်းသတ်ဆေးတွေ အသုံးပြုထားတဲ့ လယ်မြေတွေကနေ စိုက်ပျိုးထုတ်လုပ်ထားတာဖြစ်စေ၊ သူတို့ရဲ့ အကြွင်းအကျန်ပါဝင်နေတာဖြစ်စေ မဖြစ်ရပါဘူး။

(၄) မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာမဖြစ်ရပါဘူး။

(၅) ဓာတုဗေဒနဲ့ ရင့်မှည့်အောင်၊ လှပအောင်ပြုပြင်ထားခြင်း မဖြစ်ရပါဘူး။

(၆)ဓာတုဗေဒနည်းနဲ့ ပိုးသတ်ထားခြင်း ဒါမှမဟုတ် ဓာတ်ရောင်ခြည်သုံးပြီး ပိုးသတ်ထားခြင်း မပြုလုပ်ထားရပါဘူး။

(၇) အနံ့အရသာ ပိုမိုကောင်းမွန်အောင် ဓာတုဗေဒပစ္စည်းတွေထည့်သွင်းဖြည့်စွက်ထားခြင်း မရှိစေရပါဘူး။

(၈)အစားအစာကို ပြုပြင်ထုတ်လုပ်ရာမှာ သဘာဝနည်းကို ကျော်လွန်ပြုပြင် ထုတ်လုပ်ထားခြင်းမျိုး မလုပ်ရပါဘူး။

ဒီလိုမျိုးအစားအစာတွေကို အော်ဂဲနစ်အစားအစာလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အဓိကအနေနဲ့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေမယ့်ကိစ္စမှန်သမျှ ရှောင်ကြဉ်ထုတ်လုပ်ထားတဲ့ အစားအစာ၊ စိတ်ချရတဲ့အစားအစာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

မေး။ ဒီအော်ဂဲနစ်အစားအစာတွေဟာ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တာပါလဲဆရာ။

ဖြေ။ အမှန်အတိုင်းပြောရရင် ဟိုးအရင်လူ့သမိုင်းကြောင်းနဲ့အတူ ပေါ်ပေါက်ခဲ့တာလို့ ပြောနိုင်ပါတယ်။ ရှေးခေတ်လူ သားတွေ စိုက်ပျိုးထုတ်လုပ်ခဲ့တာဟာ ပိုးသတ်ဆေးဓာတ်မြေသြဇာမပါတဲ့ အော်ဂဲနစ်အစားအစာတွေပဲပေါ့။ ၁၈ ရာစု အစောပိုင်းကစလို့ ဓာတ်မြေသြဇာစတင် ပေါ်ပေါက်သုံးစွဲခဲ့ပါတယ်။ ပထမဆုံးပေါ်လာတာက superphosphate ဖြစ်ပါတယ်။ ဒီလိုပေါ်ပေါက် လာတဲ့အတွက် သီးနှံအထွက်တိုးလာလို့ လယ်သမားတွေဟာ သိပ်ကိုသဘောကျခဲ့ကြပါတယ်။ တိုးတက်မှု တစ်ခုလို့မြင်ခဲ့ကြတယ်။ ဒီလိုနဲ့ တခြားဓာတ်မြေသြဇာတွေကိုလည်း တိုးတက်တီ ထွင်ထုတ်လုပ်ခဲ့ကြရာမှ ၁၉၂ဝ ပြည့်နှစ် လောက်ရောက်တော့ ဂျာမနီမှာ အမိုးနီးယားကိုတီထွင်ခဲ့ပါတယ်။ သူဟာအပင်ကြီးထွားရေးကို အ ထောက်အကူပြုတဲ့ Nitrogen ကို ဖြည့်ပေးတာဖြစ် လို့ အမိုးနီးယားဖျန်းလိုက်ရင် အပင်တွေဟာနေ့ချင်းညချင်းကြီး ထွားလာတာ လက်တွေ့ဖြစ်လို့ တစ်ကမ္ဘာလုံး ပျံ့နှံ့ရောက်ရှိသွားခဲ့တယ်။

ဂျာမနီနိုင်ငံကတီထွင်ခဲ့တဲ့ Haber-Bosch နည်းပညာကြောင့် အမိုးနီးယားဓာတ်မြေသြဇာဟာ ဈေးပေါပေါနဲ့ အများအပြားထုတ်လုပ်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၃ဝ ပြည့်နှစ် လောက်ရောက်တော့ နောက်ထပ်ပေါ်လာတာက ပိုးသတ် ဆေးတွေဖြစ်ပါတယ်။ အရင်ကအပင်ဖျက်ပိုးတွေကျရင် လယ်သမားတွေဟာ ဒုက္ခရောက်ကြရတယ်။ အခုလို ဓာတု ဗေဒပိုးသတ်ဆေးတွေ တီထွင်ထုတ် လုပ်လိုက်တော့ ဒီဆေးတွေဖျန်းပြီး အပင်တွေကာကွယ်နိုင်ခဲ့လို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လယ်သမားတွေ အင်မတန်သဘောကျနှစ်သက်ခဲ့တယ်။ သုံးစွဲမှုနှုန်းတစ်ဟုန်ထိုး တိုးတက်လာတဲ့အ တွက် ၁၉၃ဝ ပြည့်ကျန်နှစ်ကို ''ပိုးသတ်ဆေးခေတ်''လို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ သူနဲ့အတူတွဲပြီးရရှိတဲ့ အကျိုးဆက်ကတော့ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်လာစေတဲ့ အထောက် အထားတွေ စတင်တွေ့ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးဓာတ်မြေသြဇာပိုးသတ်ဆေးသုံးပြီး ထုတ်လုပ်လို့ရလာတဲ့ အစားအစာတွေဟာ လူတွေရဲ့ကျန်းမာရေးကို ထိ ခိုက်စေနိုင်တဲ့အကြောင်း ဆေးပညာရှင်တွေကတင်ပြခဲ့ကြတယ်။ ဒါပေမဲ့အများက ဂရုစိုက်ခြင်းမခံခဲ့ရပါဘူး။ အရင်လို သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ခဲ့တာတွေသာ ပိုကောင်းတယ်ဆိုတဲ့ အတွေးတွေဝင်လာပါတယ်။ ဒါဟာ အော်ဂဲနစ် အစားအစာတွေအတွက် အစပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ Sir Albert Howard (၁၈၇၃-၁၉၄၇)ဖြစ်ပါတယ်။ သူ့ကို Father of Organic Farm လို့ အသိအမှတ်ပြုခေါ်ဆိုခဲ့ကြတယ်။ ဒါက ၁၉၄ဝ ပြည့်နှစ် လောက်မှာဖြစ်ပါတယ်။

မေး။ ပိုးသတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို သိပါရစေ။

ဖြေ။ ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးတွေဟာ လူတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ် ဆိုတာ သိခဲ့တာကြာပါပြီ။ ဥပမာအားဖြင့် Organo-phosphorous compound လိုဓာတုပိုးသတ် ဆေးတွေဟာ ပိုး ကောင်ကိုချက်ချင်းသေစေတော့ လယ်သမားတွေက သိပ်ကိုသဘော ကျပါတယ်။ ပိုးကောင်ကတော့ အရွယ်အစား သေးငယ်လို့ ချက်ချင်းသေေ ပမယ့် လူ့ခန္ဓာ ကိုယ်ထဲဝင်လာတဲ့ ပမာဏ အနည်းအများ ပေါ်မူတည်ပြီး ဒုက္ခပေးပါတယ်။ ချက်ချင်းဝင်တဲ့ပမာဏများခဲ့ရင် ရုတ်တရက်ဗိုက်အောင့်တာ၊ ပျို့တာ၊ အန်တာတွေ ဖြစ်လာနိုင်ပါ တယ်။ မကြာခင်မှာ မျက်စိတွေပြာလာမယ်။ ခေါင်းမူးခေါင်းကိုက်ဖြစ်လာမယ်။ အရေပြားမှာအဖုအပိမ့်တွေ ထွက်လာမယ်ဆိုရင် စိုးရိမ်ရပါ တယ်။ ပိုဆိုးလာလို့ ဆေးရုံကို အချိန်မီမရောက်ခဲ့ရင် သေဆုံးနိုင်ပါတယ်။ ဒါကိုလယ်သမားတွေရဲ့ မိသားစုဝင်တွေ (အထူးသဖြင့် ကလေးသူငယ်တွေ)မှာပိုတွေ့ရလေ့ရှိပါတယ်။ တစ်နေ့ကိုနည်းနည်းနဲ့ထိတွေ့ခဲ့မယ်ဆိုရင်တော့ ရုတ်တ ရက် ချက်ချင်းဒုက္ခမပေးတော့ လူတွေဟာပိုးသတ်ဆေးရဲ့ အန္တရာယ်ကို သတိမထားမိကြပါဘူး။ အာရုံကြောတွေ ထိခိုက်လာမယ်။ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီး မောတာကျပ်တာ အသက်ရှူမဝတာဖြစ်တတ်ပါတယ်။

အရေပြားမှာ နှင်းခူလိုမျိုးတွေဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေဆိုရင် ကိုယ်ဝန်ပျက်ကျတာတို့၊ မွေးလာရင်လည်း ကိုယ်အင်္ဂါချို့ယွင်းတာ၊ ဥာဏ်ရည်ဥာဏ်သွေးချို့တဲ့တဲ့ ကလေးတွေမွေး လာတာတို့ ဖြစ်တတ်ပါတယ်။အဆိုးဆုံးက တော့ ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ဂရုတစိုက် စနစ်တကျကိုင်တွယ်အသုံးပြုဖို့အလွန်အရေးကြီးပါတယ်။

မေး။ ဒါဆိုရင် အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုး ထုတ်လုပ်တဲ့အခါမှာ ပိုးသတ်ဆေးလုံးဝ မသုံးရဘူးလို့ ဆိုလိုတာလားဆရာ။

ဖြေ။ မဟုတ်ပါဘူး။ ခွင့်ပြုတဲ့ ပိုးသတ်ဆေးကိုသုံးလို့ရပါတယ်။ ဒီကနေ့ဈေးကွက်ထဲမှာ ရှိတဲ့ပိုးသတ်ဆေးတွေကို ကြည့်ရင် အဓိကအုပ်စု(၃)အုပ်စုရှိပါတယ်။

(၁) ဓာတုဗေဒနည်းနဲ့ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးအုပ်စု

(၂) အပင်မှရသော ပိုးသတ်ဆေးအုပ်စု

(၃)ဇီဝနည်းဖြင့်ရရှိသော ပိုးသတ်ဆေး အုပ်စုဆိုပြီးဖြစ်ပါတယ်။

အဲဒီအထဲမှာ ပထမအုပ်စုဖြစ်တဲ့ ဓာတုဗေဒနည်းနဲ့ရတဲ့ ပိုးသတ်ဆေးတွေကိုတော့ လုံးဝသုံးခွင့်မပြုပါဘူး။ ဒုတိယအုပ်စု ဖြစ်တဲ့ အပင်ကရတဲ့ ပိုးသတ်ဆေးတောင်မှ အားလုံးကိုသုံးခွင့်မပြုပါ ဘူး။ ကျန်းမာရေးကို မထိခိုက်တဲ့ လူတွေရဲ့ပါးစပ် ထဲကိုဝင်ရင် အန္တရာယ်အလွန်နည်းတဲ့ သဘာဝအပင်ထွက်ပစ္စည်းတွေကိုသာ သုံးခွင့်ပြုပါတယ်။ ဥပမာ-တမာပိုးသတ် ဆေး၊လေးညှင်းပိုး သတ်ဆေး၊ ကြက်သွန်ဖြူ၊ ငရုတ်စတာတွေ ထုတ်လုပ်တဲ့ ပိုးသတ်ဆေးတွေကိုသာ သုံးခွင့်ရပါ တယ်။တတိယအုပ်စုဖြစ်တဲ့ Biological insecticide အနေနဲ့ အဓိက Bt လို့ခေါ်တဲ့ ဗက်တီးရီး ယားကနေထုတ်လုပ်တဲ့ protein တစ်မျိုးကိုသုံးခွင့်ပြုထားပါတယ်။ ဒီနေ့အထိတော့ ဗက်တီးရီးယားထဲမှာ အပင်အတွက်ပိုးသတ်ဆေးထုတ်ဖို့ အဲဒီဗက်တီးရီးယားတစ်ကောင်ကိုပဲ သုံးခွင့်ပြုပါ တယ်။ သူကတော့ အပင်ကိုလည်းမထိချင်ပါဘူး။ မြေကြီးကိုလည်း မထိချင်ဘူး။ လူကိုလည်းအန္တရာယ် မဖြစ်တဲ့အတွက် အသုံးပြုခွင့်ပြုခြင်းဖြစ်ပါတယ်။

မေး။ အဲဒီဗက်တီးရီးယားကနေ ဘယ်နည်း ဘယ်လို အပင်ဖျက်ပိုးတွေကို တိုက်ခိုက်နှိမ်နင်းနိုင်တယ်ဆိုတာ သိချင်ပါ တယ်ဆရာ။

ဖြေ။ Biological insecticide အနေနဲ့ အဓိကသုံးတဲ့ Bt လို့ခေါ်တဲ့ Bacellus Thurmgiensis ဗက်တီးရီးယားကို ၁၉၁၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ဗက်တီးရီးယားဟာ သဘာဝအတွက် မြေကြီးထဲမှာရှိနေတာ ဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာတွေ့နိုင်ပါတယ်။ ပညာရှင်တွေဟာသီးနှံဖျက် အင်းဆက်ပိုးတွေကိုလေ့လာရင်း သူတို့မှာလည်း ဗက်တီးရီးယားတွေ ဝင်ရောက်၍ သေဆုံးကုန်ကြောင်း တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ ၁၉၅ဝ ပြည့်နှစ် ကျော်လောက်မှ ဈေးကွက်မှာစတင်ရောင်းချနိုင်တဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဓာတုပိုး သတ်ဆေးတွေတွင်ကျယ်လာခဲ့လို့ Bt ရဲ့အသုံးဟာ ပြန်လျော့နည်းသွားခဲ့ပါတယ်။ အခုနောက်ပိုင်းကျတော့မှ ဓာတုပိုးသတ်ဆေးတွေ ရဲ့အန္တရာယ်တွေကို တစ်နေ့ထက်တစ်နေ့ပိုမိုသိမြင်လာလို့ Bt ကို တစ်ကျော့ပြန်သုံးလာတာဖြစ်ပါတယ်။ အဲဒီ Bt ကို ဗက်တီးရီးယားကနေ deltaendotoxin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ အဲဒီပရိုတင်းကို သီးနှံ ဖျက်တဲ့ အင်းဆက်ပိုးတွေကစားမိရင် သူတို့ရဲ့အစာလမ်းကြောင်းထဲရောက်သွားပြီး အစာလမ်းကြောင်းကို Panalyse ဖြစ်စေပါတယ်။ ဒီလိုနဲ့ အင်းဆက်ပိုးကောင်ဟာ ဘာမှထပ်စားလို့မရတော့ဘဲ အစာငတ်ပြီးသေဆုံးသွားတာဖြစ်ပါ တယ်။တစ်ခုကောင်းတာက ကျွန်တော်တို့ လူနဲ့တိရစ္ဆာန်ကြီးတွေ ဥပမာ-နွားတို့ဆိတ်တို့ကို ထိခိုက်ခြင်းမရှိပါဘူး။ လူကိုအကျိုးပြုတဲ့ ပျားလိုအင်းဆက်တွေ ကို ထိခိုက်ခြင်းမရှိလို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။

မေး။ အစားအစာတစ်ခုဟာ အော်ဂဲနစ်ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်ပါသလဲဆရာ။

ဖြေ။ (၁)အသေချာဆုံးနဲ့ အကောင်းဆုံးနည်းက မိမိဘာသာစိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ မိမိအိမ်ခြံဝင်းထဲမှာ မြေပိုလေးရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လယ်မြေ၊ ခြံမြေ၊ ဥယျာဉ်မြေရှိလို့ပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့သီးနှံတွေကို ကိုယ့်မိ သားစုစားဖို့အတွက် စိုက်ပျိုးရင်ဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေမသုံးဘဲ စိုက်ပျိုးခဲ့ရင် အော်ဂဲနစ်သီးနှံအဖြစ် စားသုံးလို့ရပါတယ်။(၂) ဒုတိယ အနေနဲ့ မိမိကိုယ်တိုင်မစိုက်ပျိုးနိုင်သော်လည်း မိမိနှင့်သိကျွမ်းသောလယ်သမား၊ ယာသမားတွေကို အော်ဂဲနစ်အစားအစာအဖြစ် အာမခံပေးခိုင်းပြီး ဝယ်ယူတာဖြစ်ပါတယ်။ အော်ဂဲနစ် စနစ်နဲ့ စိုက်ပျိုးတဲ့ခြံများသို့ မိမိကိုယ်တိုင်သွားရောက်လေ့လာကြည့်ရှုပြီး ပုံမှန်ဝယ်ယူစားသောက်တာမျိုးလည်းဖြစ်ပါတယ်။(၃) တတိယအ နေနဲ့ ဈေးကနေဝယ်ယူစားသုံးရတာဖြစ်ပါတယ်။ နိုင်ငံခြား မှာတော့ အော်ဂဲနစ် အစားအစာကို သီးခြားကောင်တာနဲ့ ရောင်းပါတယ်။ တံဆိပ်လည်းကပ်ထားပါတယ်။ အသိအမှတ်ပြုအဖွဲ့က ထုတ်ပေးတဲ့လက်မှတ်တို့၊ တံဆိပ်တို့ကပ်ထားရင် အလွယ် တကူဝယ်လို့ရပါတယ်။ (၄) ကျွန်တော်တို့နိုင်ငံမှာတော့ ဒါမျိုးသိပ်မဖွံ့ဖြိုးသေးတော့အသီးအနှံတွေရဲ့ ပြင်ပလက္ခဏာကိုကြည့်ပြီး အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။ အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးတဲ့ သီးနှံအများစုဟာ ဓာတ်မြေ သြဇာသုံးတဲ့သီးနှံတွေလောက် ကြီးထွားမှုမရှိပါဘူး။ ပြီးတော့ ပုံသဏ္ဌာန်အားဖြင့်လည်း သဘာဝဖြစ်တော့ လှချင်မှလှ ပါလိမ့်မယ်။ အနံ့ကိုခံကြည့်လို့ ပိုးသတ်ဆေးလိုလို၊ ဓာတုဗေဒပစ္စည်းအနံ့တစ်ခုခုရခဲ့ရင် အော်ဂဲနစ်မဟုတ်တော့ပါဘူး။ မိမိတို့ငယ်ငယ်ကတည်းက မြင်နေတွေ့နေကျကနေ သွေဖည်မှုများလေလေအော်ဂဲနစ် မဟုတ်ဖို့ များေ လလေ ဖြစ်ပါတယ်။(၅) အသေချာဆုံးကတော့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာစိုက်ပျိုးရေး ထွက်ကုန်တွေအတွက် သီးခြားတည်ထောင်ထားတဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတုပိုးသတ်ဆေး အကြွင်းအကျန်တွေရှိ၊ မရှိ၊ အခြားတာ ရှည်ခံ ဓာတုပစ္စည်းတွေ သုံးထားမထား စသည်ဖြင့် စစ်ဆေးနိုင်ပါတယ်။ စိုက်ခင်းတစ်ခုမှာ Sample သဘောမျိုး စစ်ဆေးပြီးရင် ကျန်သီးနှံတွေကိုလည်း ဒီအတိုင်းယူဆပြီး သုံးပါတယ်။   

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ