Vitamin B1 ဗီတာမင် ဘီ (၁)


၁။ မင်္ဂလာပါဆရာ။ ကျမသားလေးက အခု ၂ လသားအရွယ်ပါ။ မိခင်နို့တမျိုးပဲတိုက်ပါတယ်။ အပူအစပ်လွန်ကဲတဲ့ အချဉ်ကလွဲလို့ အဟာရစုံအောင်တော့ စားဖြစ်ပါတယ်။ အခုမေးတာက ဗဟုသုတအနေနဲ့ပါဆရာ။ တနေ့က fb မှာ ဝဝကစ်ကစ်ကလေးတွေ ကျန်းမာရဲ့သားနဲ့ အိပ်နေရင်းကနေ သေဆုံးနေတာမျိုး ဖြစ်နေတယ်ဆိုပြီးဖတ်ရပါတယ်။ အဲဒီလိုဖြစ်တာ မိခင်ကအစားရှောင်လို့၊ ဘီ 1 ချို့တဲ့လို့ဖြစ်တာလို့ရေးထားပါတယ်။ ဘီ 1 ချို့တဲ့ရင် အဲဒီလို ဖြစ်တတ်ပါသလား။ ဖြစ်တတ်ရင်ရော တခြားဗစ်တာမင်အုပ်စုတွေ ချို့တဲ့တာမျိုးကြောင့်ရော မဖြစ်ကြဘူးလား။ ဘာကြောင့် ဘီ 1 ချို့တဲ့မှုတခုကြောင့်ပဲ ကလေးတွေ သေဆုံးနေရတာပါလဲဆရာ။ နောက်ပြီး ဘီ 1 ချို့တဲ့ခြင်း လက္ခဏာရပ်တွေနဲ့၊ ဘီ 1 ချို့တဲ့ခြင်းကြောင့် ဘာတွေဖြစ်ဘာမလဲ သိချင်ပါတယ်ဆရာ။

၂။ ဆရာ အဲ့ဆေးသုံးမျိုးကို တနှစ်နှစ်လကလေးအတွက်သုံးရင် အဆင်ပြေပါ့မလားဆရာ။ Bevit ကို တခြမ်း တရက်တကြိမ်၊ Bio life ကို အူလမ်းကြောင်းရှင်းတယ်ဆိုပြီး တရက်ခြားတထုပ်နဲ့ Exo ဆေးကို အားဆေးအနေနဲ့ တရက်ကို လ္ဘက်ရည်ဇွန်း သုံးပုံတပုံ တိုက်ခိုင်းပါတယ်။ အဲ့ဆေးတွေသောက်ရင် ဘာဘေးထွက်ဆိုးကျိုးတွေ ကလေးအတွက်ဖြစ်စေနိုင်သလဲဆိုတာ ဖြေကြားပေးပါဆရာ။ Bio life နဲ့ Exo က မြန်မာနိုင်ငံမှာမှတ်ပုံမတင်ထားလို့ ဘယ်နေရာမှာမှ ဝယ်လို့မရပဲ အဲ့ဆေးခန်း တနေရာထဲမှာပဲ ဝယ်လို့ရလို့ပါ။ Exo ဆေးက ဉာဏ်ကောင်းတယ်ဆိုလိုပါ။

၃။ ဆရာမင်္ဂလာပါခင်ဗျာ။ ကလေး အသက် ၄ လ ရှိပါပြီ။ မိန်းကလေးပါ။ မိခင်နို့ရော နို့မူန့်ပါ တိုက်ပါတယ်။ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက B1 တိုက်ကျွေးရင် သူငယ်နာမဖြစ်ဘူး လို့ဆိုပြီး တင်ထားတဲ့ပို့စ်ဖတ်လိုက်ရပါတယ်။ အဲအရင်က သိထားပေမယ့် မတိုက်ဖြစ်ပါဘူး။ အခုတိုက်ချင်လို့ လမ်းညွန်ပေးပါခင်ဗျာ။ သူငယ်နာကြောင့် အသက်ဆုံးရူံးနိုင်တယ်လို့ ဆိုထားပေမယ့် ကလေးကြီးလာတဲ့အထိ အသက် ၂၀-၃၀ စသဖြင့် ရေရှည်ခံစားရနိုင်တဲ့ဝေဒနာများ ဖြစ်လာနိုင်သေးလား။

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက သူငယ်နာလို့သုံးနှုန်းပါသလား ကျွန်တော်တော့ မထင်ပါ။ သူငယ်နာဆိုတာ တနေရာ တမျိုးခေါ်ကြတယ်။ Bevit ကတော့ ဗီတာမင်ဘီ-၁ ဖြစ်တယ်။ ကျန်ဆေး (၂) မျိုးက ကြော်ငြာဆေးတွေသာ ဖြစ်ပါတယ်။ ကြော်ငြာဆေးဆိုတာ ဆေးသုတေသနမပြည့်စုံပါ။ ဆရာဝန်တွေညွှန်လေ့မရှိပါ။ ဉာဏ်အကြောင်း ခဏခဏ ရေးရပါတယ်။ ဉာဏ်ဆိုတာ (မျိုးဗီဇ + လေ့လာသင့်မှု) နဲ့ဆိုင်ပါတယ်။ ဆေးကနေ ဉာဏ်မကောင်းစေပါ။ ချို့ယွင်းချက် ရှိသူတွေကိုပေးတဲ့ ဆေးရယ်လို့သာ ရှိပါတယ်။ ဘီ-၁ လိုသူတွေကိုသာပေးတယ်။ လူတိုင်းကို မပေးပါ။

ဗီတာမင်ဘီ (၁၃) မျိုးရှိတယ်။ B1 (thiamine), B2 (riboflavin), B3 (niacin), B6, vitamin B12, B9 folic acid, B5 (pantothenic acid), biotin, PABA, choline နဲ့ inositol တွေဖြစ်တယ်။ ဘီ-၁ ကို အင်နာဂျီအားဆေးလို့ခေါ်ကြတယ်။ အာရုံကြောတွေနဲ့လည်းဆိုင်တယ်။

ဗီတာမင် ဘီ (၁) နည်းနေရင် အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ စိတ်တိုဒေါသထွက်မယ်။ နာတာရှည် ချို့ယွင်းချက်တွေ ဖြစ်နေမယ်။ အာရုံကြောနဲ့ နှလုံးသွေးကြောလမ်းကိုထိခိုက်မယ်။ Beriberi ခေါ်ရောဂါဖြစ်နိုင်တယ်။ ခြေထောက်တွေ ထုံကျင်နေမယ်။ အပ်နဲ့ဆွသလိုခံစားနေရမယ်။ ဦးနှောက်ချို့ယွင်းမယ်။ Wernicke-Korsakoff syndrome ရနိုင်တယ်။ မျက်စိမကောင်း၊ လမ်းလျှောက်ရခက်၊ စိတ်ရှုတ်ထွေးမယ်။ နို့တိုက်မိခင်မှာ နည်းနေရင် ကလေးပါချို့ယွင်းမယ်။ အသံထိခိုက်မယ်။

ကလေးကိုချိုတိုက်နေတဲ့မိခင်မှာ အာဟာရချို့တဲ့မနေရင် ကလေးအတွက် ဗီတာမင်အပိုဆောင်းစရာမလိုပါ။ ဘီ-၁ နည်းတာက ရှားတယ်။ ဘီ-၁ နည်းနေရင် ကလေးက ပျို့မယ်။ အန်မယ်။ ဗိုက်အောင့်မယ်။ အဲလိုဖြစ်စေနိုင်တာ တခြားရောဂါတွေမှာလည်းရှိလို့ ဘီ-၁ နည်းတယ်လို့တန်းပြောမရပါ။ အစားပျက်မယ်။ မောပန်းမယ်။ ဝမ်းချုပ်မယ်။ ပျင်းရိနေမယ်။ ခြေသလုံးကြွက်သားတွေအားနည်းနေမယ်။ ထုံမယ်။ အပ်နဲ့ဆွခံရသလိုခံစားရမယ်။

ဗီတာမင် ဘီ (၁) များသွားရင် အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ စိတ်တို-ဒေါသထွက်ဖြစ်မယ်။ ဘီ-၁ ဟာ အရက်နဲ့ ကေဖင်းဓါတ်နဲ့ ဓါတ်ပြုလို့ ပိုနည်းစေမယ်။ အရက်စွဲသောက်သူတွေမှာ ဖြစ်တယ်။ တချို့မှာ ဆေးမတည့်တာဖြစ်မယ်။

ဘီ-၁ လိုအပ်ချက်
အသက် ၆ လအထိ 200 mcg
၇-၁၁ လ 300 mcg
၁ နှစ်ကနေ ၃ နှစ်အထိ 500 mcg
၎ နှစ်ကနေ ၈ နှစ်အထိ 600 mg
၉ နှစ်ကနေ ၁၃ နှစ်အထိ 900 mcg
၁၄ နှစ်အထက် 1.2 milligrams (mg)
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် 1.4 mg နဲ့ 1.5 mg နေ့စဉ်လိုအပ်တယ်။

ဘီ-၁ ရနိုင်တဲ့အစာတွေ
အမဲသား၊ ဝက်သား၊ ဥ၊ ငါး၊ အသည်း၊ နို့၊ ဆီ၊ အစေ့အဆံ၊ လိမ်မော်သီး၊ ပဲအမျိုးမျိုး၊ ဆန်၊ ဂျုံ၊ ဆီရီရယ်၊
နေကြာစေ့ 1/4 cup = 0.82 mg
ကျူနာငါး 4 ounces = 0.57 mg
ပဲ 1 cup = 0.33 mg ကနေ 0.42 mg
ကညွတ် 1 cup = 0.22 mg
မုန်လာ၊ ဆလပ်ရွက် 2 cups = 0.11 mg

ကျန်းမာရေးပညာပေးရာမှာ ဖတ်တဲ့သူတွေကို ခြောက်လှန့်ပြီးရေးတာ၊ မျက်လုံးပြူးအောင်ရေးတာ၊ သည်းခြေကြိုက် ခေါင်းစဉ်တပ်တာ၊ ပုံပြပြီးဆွဲဆောင်တာတွေကို သဘောမတူပါ။

Vitamin B complex ဗီတာမင် (ဘီ) အုပ်စု http://doctortintswe.blogspot.com/2014/11/vitamin-b-complex.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ