မလင်းလက်နိုင်တော့သည့် ကြယ်လေးများ
တကျွီ…ကျွီနှင့် စည်းချက်မှန်မှန်ထွက် ပေါ်လာနေသောလူနာကုတင် တွန်းလှည်းဘီးသံကြောင့် လူနာအသစ်တစ်ယောက်ထပ် ရောက်လာမှန်းအလိုလိုသိရှိလိုက် ၏။ ယနေ့ညမှကံဆိုးသည်လားမပြောတတ် ည ၁၁နာရီ ထိုးခါနီးအထိ မနားရသေးလူနာ တစ်ယောက်ပြီး တစ်ယောက် ရောက်ရောက်လာသဖြင့် အလုပ်များလျက်ရှိသည်။ ယခုလူနာတစ်ယောက်ကိုသွေးဖောက်ပြီးခဏနားမည်ကြံယုံရှိသေးတွန်းလှည်းသံကြောင့် စိတ်အနည်းငယ်ညစ်သွားမိ၏။
ဟူး…ဒီတစ်ယောက်ပြီးရင်တော့ နားရတန်ကောင်းရဲ့ …..
စောင့်ကြည့်ဆောင်အ၀င်ဝ မှဝင်လာသောလက်တွန်းလှည်းပေါ်တွင် အသက် ၁၅ နှစ် အရွယ်ခန့် ကောင်လေး တစ် ယောက် ကိုတွေ့လိုက်ရသည် ။ ပြူးကြောင်ကြောင်မျက်လုံးလေးများဖြင့် ထိုင်လျက်ကြည့်နေသည်ကလွဲ၍ထူးထူးခြားခြားလက္ခဏာများမတွေ့ရပေ။ လှည်းဘေးတွင်တော့ ကောင်လေးအမေဟုထင်ရသည့် အဒေါ်ကြီး တယောက်ကို မျက်ရည်စက်လက်နှင့် တွေ့ လိုက်ရသည် ။ ကျနော်စိတ်ဝင်စားသွားသည်။ ဒါပေမယ့်လက်ရှိလူနာကိုဆေးကုသဆောင်သို့ပို့ရန်လိုအပ်တာတွေစီစဉ် နေရသဖြင့် ထိုလူနာကလေးနှင့် အနည်းငယ် ဝေးသွား၏။ Team Leader ဆရာနှင့်လူနာရှင်တို့ ရောဂါရာဇ၀င် အကြောင်း ပြောနေသည့် အသံများကားကြားတချက်မကြားတချက်။
“ရေ..ရေ…ရေပေးပါ…မေမေ…သားရေသောက်ချင်တယ်”
ထိုကောင်လေးဆီမှ ရေကိုအငမ်းမရတောင်းနေသံလေးထွက်လာသည်။ ကျနော်စိတ်ဝင်တစားလှည့်ကြည့်လိုက်မိသည်။ အမေဖြစ်သူကကောင်လေးထံ မှ အသံထွက်လာ သည်နှင့် ရေသန့်ဘူးကိုကောင်လေးထံသို့ ပေးလိုက်သည်။ ကောင်လေးလည်းရေသန့်ဘူးကိုရသည်နှင့် ရေသောက်ရန် အဖုံးကိုဖွင့်လိုက်ပြီးပိုက်မှတဆင့်ရေကိုစုပ်သောက်ရန်ပြင်လိုက်သည်။ ထိုစဉ်မှာပင် အား…အား.. ဟုအော်ပြီးရေသန့်ဘူးကိုလက်မှပစ်ချလိုက်သည်။ ထို့နောက်တဆတ်ဆတ်တုန်ပြီးမောဟိုက်စွာလူနာတွန်းလှည်းပေါ်သို့ ပစ်လဲကျသွား၏ ။သို့သော်သိပ်မကြာလိုက် အသက်ကိုပင်ပန်းကြီးစွာရှူပြီးတုန်တုန် ရင်ရင်ဖြင့် လှည်းပေါ်တွင် ထိုင် လိုက်ပြန်သည်။
“လွန်ခဲ့တဲ့ ၁လလောက်က ခြေထောက်ကိုခွေးကိုက်ခံရတယ်လေ။ ကျမတို့လည်းအရင်ကတည်းကကိုက်ခံရတာတွေ ရှိတော့ ထူးထူးခြားခြား မလုပ်ပေးတော့ဘဲ ။ ဆေးလေးလောက်ပဲ လိမ်းပေးထားခဲ့တယ် ။ လွန်ခဲ့တဲ့ ၁ပတ် လောက် ကစ ပြီးအဖျား လည်း တက်လာတယ်။ ပြီးတော့ခြေထောက်၊လက်ကြွက်သားတွေလည်းနာတယ် အသက်ရှူရတာလည်း ခက်တယ်လို့ပြောတယ် ။ နောက်တော့ရေကိုတောင် မသောက်နိုင်ပဲ လည်ပင်းထဲက နာတယ် နာတယ်နဲ့ ဖြစ်လာရော ။ အဲဒီတော့မှ ကျမတို့လည်းဆေးရုံကိုပြေးလာခဲ့တာပါ”။
“ကိုက်တဲ့ခွေးကရောသေသွားလားဘယ်လိုဖြစ်သွားလဲသတိထားမိသေးလား” team leader ဆရာကကြားဖြတ်မေးလိုက်၏။
“ခွေးကတော့အိမ်မွေးခွေးမဟုတ်ပါဘူး။ လမ်းဘေးကခွေးပါ ။ သေသလားရှင်သလားတော့မသိပါဘူးဆရာရယ် နောက်တော့အဲဒီခွေးကိုမတွေ့မိတော့ပါဘူး။ ဆရာရယ်ဖြစ်နိုင်ရင် ကျမသားလေးရောဂါတွေပျောက်အောင် ကုပေးပါဆရာရယ်။ ကျမသားလေးခံစားနေရတာတွေမကြည့်ရက်နိုင်တော့လို့ပါ…”
ထိုစဉ်ကောင်လေးထံမှ ရေကိုအငမ်းမရတောင်းသံထွက်ပေါ်လာပြန်သည်။ အမေကလည်းရေဘူးကိုကောင်လေးထံသို့ ပေးလိုက်ပြန်၏။ ရေဘူးကိုအဖုံးဖွင့်လိုက်သည်နှင့် ကောင်လေးမှာယခင်ကအတိုင်းအော်မြည်ကာလှည်းပေါ်သို့လဲကျသွားပြန်သည်။ ထိုမြင်ကွင်းမျိုးနောက်ထပ် မြင်ရန်ကျနော် အားအင်မရှိတော့ပါ။ ခေါင်းထဲမှာပေါ်လာသည် က “Rabies is ‘always’ fatal once symptoms start” ဆိုသောစာတစ်ကြောင်းပင်ဖြစ်၏။
Team leader ဆရာကတော့ လူနာရှင်များကိုကောင်လေးအခြေနေ၊ ရောဂါသဘာဝအကြောင်း နှင့် အိမ်သို့ပြန်ခေါ်လျှင်မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည်များကိုသေချာရှင်းလင်းပြောပြနေ၏။အဆင့်မြင့်ဆုံး နှလုံးနှင့်အဆုပ်ကိုအထောက်ကူပေးသောစက်များဖြင့် ကုသလျှင်ပင်အသက်ရှင်ရန် ရာခိုင်းနှုန်းအနည်းငယ်သာရှိသဖြင့် လူနာရှင်များ ကပြန်ခေါ်ပြီးပြု စုစောင့်ရှောက်သွား ရန်သာ ဆုံးဖြတ်လိုက်သည်ဟန်ရှိသည် ။ ကောင်လေးထိုင်လျက်ရှိသော လူနာတင် လှည်းလေးကအမေ၏ငိုရှိုက်သံများနှင့်အတူစောင့် ကြည့်လူနာခန်းမှတရွေ့ ရွေ့ တရွေ့ ရွေ့ ထွက်ခွာသွား၏ ။
ထိုကောင်လေးတို့ထွက်ခွာသွားမှ ကျနော်မောဟိုက်ပင်ပန်းနေမှန်းကိုယ့်ဘာသာသတိထားမိလိုက် သည်။ လူနာ တွေများလွန်းလှသဖြင့် လူပင်ပန်း၍တော့မဖြစ်နိုင်တာသေချာ၏။ ကျနော် မရည်ရွယ်ဘဲ သက်ပြင်းရှည်ကြီး တချက် ချလိုက်မိသွားတော့သည် ။
ဒီပီ (ဆေး-၁)
Health Guide
https://www.facebook.com/healthguidemyanmar
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin