သင့်ရင်သွေးရဲ့ မျက်လုံးထဲက သက်တံငယ်


ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် အရေးကြီးဆုံးက သူတို့ရဲ့ မျက်လုံးပွင့်လာပြီး သင်နဲ့ သင့်ရဲ့ကလေး မျက်လုံးချင်း ဆုံတွေ့မဲ့ အချိန်ပဲ ဖြစ်ပါတယ် ။ ဒါက ချက်ချင်း မဖြစ်နိုင်သေးရင်တောင် စိုးရိမ်စရာမရှိပါဘူး ။ မွေးကင်းစ နို့စို့ကလေးတစ်ယောက်ရဲ့ အမြင်အာရုံ အဖွဲ့အစည်း ဟာ ကောင်းစွာ ဖွံ့ဖြိုးဖို့ အချိန်တစ်ခု လိုအပ်ပါတယ် ။

မွေးပြီးစ ပထမအပတ်မှာ ကလေးတွေက အတိအကျ မြင်နိုင်သေးတာမဟုတ်ပါဘူး ။ သူတို့ရဲ့ ကမ္ဘာကြီး အပေါ် ပထမဆုံးအမြင်ဟာ မထင်မရှား မီးခိုးရောင် အရိပ်လေးတွေပါပဲ ။
သင့်ကလေးရဲ့ အမြင်အာရုံ အပြည့်အဝ ဖွံ့ဖြိုးလာဖို့ လအနည်းငယ် အချိန်ကြာပါတယ်။ ကလေးရဲ့ အမြင်အာရုံဖွံ့ဖြိုးမှု အဆင့်တွေကို သိရှိထားတာနဲ့ သင်က ဘယ်လို ကူညီနိုင်မယ်ဆိုတာကို သိထားတဲ့ အခါ ကလေးရဲ့ အမြင်အာရုံကောင်းစွာ ဖွံ့ဖြိုးလာစေဖို့ အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။
ကလေးတွေရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စတင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်က သူ့ရဲ့ခန္ဓာကိုယ် နဲ့ ကျန်းမာရေး ဂရုစိုက်ခြင်းကလည်း ကလေးရဲ့ ခန္ဓာကိုယ် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ကို အထောက်အကူပြုပါတယ်။မျက်လုံးနဲ့ ဦးနှောက်မှာရှိတဲ့ အမြင်အာရုံ အဖွဲ့အစည်း ဖွံ့ဖြိုးမှု အပါအဝင်ပေါ့ ။

သင့်ရဲ့ သားဖွားမီးယပ်ဆရာဝန်ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအစာ ၊ ဖြည့်စွက်စာ နဲ့ လုံလောက်တဲ့ နားနေချိန်တွေ လိုအပ်ပါတယ် ။ ဆေးလိပ် အရက်နဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ မတည့်တဲ့ ဆေးဝါး တွေက သင့်ကလေးရဲ့ အမြင်အာရုံကိုပါ ဆိုးဆိုးရွားရွား ပြသနာပေးလာနိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။ သန္ဓေသားကို ဘေးသင့်စေတဲ့ အဆိပ်နဲ့ ကာဗွန်မိုနောက်ဆိုက် အပြင် ခန့်မှန်းချေ ဓာတုပစ္စည်း ၃၀၀၀ကျော်ပါဝင်တဲ့ ဆေးလိပ်ငွေ့ဟာ အန္တရာယ် အပေးဆုံး ဆိုတာ မမေ့ပါနဲ့ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ရှောင်ရမဲ့ အကြောင်းပြချက် နောက်တစ်ခု ထပ်လိုအပ်နေပြီလား ။ ကလေးရဲ့ အမြင်အာရုံပြသနာ ဖြစ်စေမဲ့ အလားအလာတစ်ခုကို ထပ်ပေါင်းထည့်လိုက်ပါ ။

Aspirin လို သုံးစွဲနေကျဆေးတွေကလည်း အန္တရာယ်ပေးနိုင်ပါသေးတယ်။ လမစေ့ ပေါင်မပြည့်ဘဲ မွေးလာတဲ့ ပြသနာတွေနဲ့ ဆက်နွယ်နေပြီး ကလေးရဲ့ အမြင်အာရုံတွေကိုပါ ထိခိုက်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ကာလအတွင်း ဆေးသောက်တော့မယ်ဆိုရင် သင့် အိုဂျီဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆရာဝန်လက်မှတ်ပြစရာမလိုဘဲ ဝယ်ရတဲ့ ဆေးတွေ ဆေးမြစ် သစ်ရွက် ဆေးရွက် ပြုတ် ပြီးသောက်တာတွေကအစ တိုင်ပင်ပါ ။
ကလေးမွေးလာတဲ့အခါ ဆရာဝန်က သင့်ကလေးရဲ့ မွေးရာပါ တိမ်စွဲတာ နဲ့ တခြားသော မျက်လုံးရောဂါတွေ ပါလာ မလာကို ယေဘုယျ စစ်ဆေးပါ လိမ့်မယ် ။ ဒီရောဂါတွေက ဖြစ်တာ ရှားပေမဲ့လည်း ကြိုတင်သိရှိထားရင် ကလေးရဲ့ အမြင်အာရုံကို ထိခိုက်မှုနည်းစေမှာပါ။ များသော အားဖြင့် ပိုးသတ်ဆေးမျက်စဉ်းအပျော့လေးကို သင့်ဆရာဝန်က ပေးထားခြင်းဖြင့်လည်း ကလေးရဲ့ မျက်လုံးကို မွေးလမ်းကြောင်းမှ ရောဂါပိုးများရဲ့ ထိခိုက်စေခြင်း မှ ကာကွယ်နိုင်စေပါတယ်။

မွေးခါစမှာ ကလေးတွေဟာ အဖြူအမည်းနဲ့ မီးခိုးရောတဲ့ပုံရိပ်တွေပဲ မြင်ရပါတယ်။သူတို့ရဲ့ မြင်လွှာ ( retina) ပေါ်မှာရှိတဲ့ အာရုံကြောဆဲလ်တွေနဲ့ အမြင်အာရုံကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ် အပိုင်းတွေ က သိပ်ကို မဖွံ့ဖြိုးသေးလို့ပါပဲ ။ အရာဝတ္ထုတစ်ခုအပေါ်ကို ပြတ်ပြတ်သားသား အာရုံစိုက်တာ focus လုပ်တာမျိုးကိုလည်း မလုပ်နိုင်သေးပါဘူး ။ဒါကြောင့် ကလေးက သင့်မျက်နှာ အပါအဝင် အရာဝတ္ထုတွေကို အတိအကျ focus မလုပ်နိုင်ရင် စိတ်မပူပါနဲ့ ။လေ့လာချက်တွေအရ ရက်အနည်းငယ်အတွင်းမှာ ကလေး ဟာ အမေမျက်နှာကိုပဲ သူစိမ်းမျက်နှာတွေထက် ပိုပြီး အားစိုက်ကြည့်ပါတယ်။ အမေရဲ့ ဆံပင်အစပ်နား ကနေ မျက်နှာ ဘောင်ခတ်ထားတာကို ကြည့်တာပါ။ ပုဝါစည်းနှောင်လိုက်တာ ရေချိုးခန်းသုံးခေါင်းစွပ် စွပ်လိုက်တဲ့အခါ ကလေးတွေရဲ့ အမေ့အပေါ်ကို စိုက်ကြည့်တဲ့ အလေ့အထပျောက်သွားပါတယ်။ ဒါကြောင့် ကလေးနဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားသင့်သလို ဆံပင်ပုံစံ ခဏခဏပြောင်းတာ မျက်နှာကို မမှတ်မိလောက်အောင် ပြင်ဆင်ခြယ်သတာတွေ မေမေတို့ မလုပ်ကြဖို့ လည်း အကြံပေးကြပါတယ်။
မွေးကင်းစအရွယ် တစ်လခန့်မှာ ကလေးတွေရဲ့မျက်လုံးဟာ အလင်းကို အာရုံခံစားနိုင်စွမ်း သိပ် မရှိသေးပါဘူး ။ သူတို့ဟာ အရွယ်ရောက်လူတွေထက် အလင်းကိုသိရှိနိုင်တဲ့ ကန့်သတ်ချက် ( light detection threshold ) က ၅၀ရာခိုင်နှုန်းပိုမြင့်ပါတယ်။ အလင်းကို သာမန်လောက်နဲ့ အာရုံ မခံနိုင်ဘူးပေါ့။
ဒါ့ကြောင့်မိခင်က သူ့ရဲ့ ပုံပန်းသွင်ပြင်ကို တသမတ်တည်း ထားခြင်းအားဖြင့် သင့်ကလေးက အမေကို မှတ်မိစေပြီး အပြန်အလှန် ဆက်နွယ်ပြုမူစေမှာ ဖြစ်ပါတယ်။ ကလေးရဲ့ ပုခက်ထဲမှာ မီးချောင်းလေး ထွန်းထားပေးလို့လည်း ရပါတယ်။

မွေးစကလေးတွေဟာ တစ်ပတ်အတွင်းမှာ အရောင်တွေကို ခွဲခြားသိမြင်နိုင်ဖို့ ကြိုးစားကြပါတယ်။ မွေးပြီး တစ်ပတ်အတွင်းမှာ သူတို့ဟာ အနီရောင် လိမ္မော်ရောင် အဝါရောင်နဲ့ အစိမ်းရောင်ကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အပြာရောင်နဲ့ ခရမ်းရောင်ကို မြင်နိုင်ဖို့အတွက်ကတော့ အချိန်ပိုယူရပါတယ်။ ဘာလို့လဲဆိုတော့ အပြာရောင်က လှိုင်းအလျား တိုတဲ့ အပြင် မြင်လွှာပေါ်မှာ အပြာရောင်ကို လက်ခံနိုင်မဲ့နေရာ ( color receptors) အနည်းငယ်ပဲ ရှိလို့ပါ။

တစ်ခါတရံမှာ ကလေးရဲ့ မျက်လုံး နှစ်လုံးက အတူတကွ အလုပ်မလုပ်တဲ့အခါလည်း မစိုးရိမ်ပါနဲ့ ။ မျက်လုံးနှစ်လုံးဟာ တစ်ပြေးညီတည်း အသားကျဖို့ တစ်လုံးက အတွင်းကို သို့မဟုတ် အပြင်ကို ပြန်ရွှေ့ တာမျိုး လုပ်ဆောင်ပါတယ်။ ဒါပေမဲ့ တသားတည်း မဖြစ်တာ ပုံစံမကျတာမျိုး အမြဲတမ်းဖြစ်နေရင်တော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်ပါ။

မိမိရင်သွေးရဲ့ အမြင်အာရုံကို လှုံ့ဆော်ဖို့ ဆိုရင် အခန်းကို တောက်ပတဲ့အရောင် နဲ့ အလှဆင်ပါ။ ပရိဘောဂ အသုံးအဆောင်တွေကိုပါ အရောင်လေးတွေနဲ့ အသုံးပြုပါ ။ ကလေးပုခက် အပေါ် ဝန်းကျင်တဝိုက်မှာ အရောင်ပါသော ခြူ အရုပ် စတာလေးတွေကို ချိတ်ဆွဲထားပေးပါ။ အရောင်မျိုးစုံနဲ့ ပုံသဏ္ဍာန်မျိုးစုံဖြစ်ပါစေ။

>>>>> နှစ်လနဲ့ သုံးလအရွယ်ဝန်းကျင်အရောက်မှာ
ကလေးဟာ ပိုမိုတိကျတဲ့ မြင်ကွင်းကို ဖမ်းယူအာရုံစိုက်နိုင်ပါပြီ ။ သူတို့ မျက်လုံးတွေဟာ စည်းချက်ညီစွာ တွဲဖက်လှုပ်ရှားနိုင်ပါပြီ ။ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကိုပါ လိုက်လံကြည့်ရှုနိုင်ပြီး သူမြင်ရတဲ့ အဲ့ဒီ အရာဝတ္ထုဆီ လက်လှမ်းတာ သွားဖို့ကြိုးစားတာမျိုး ပြုလုပ်လာပါတယ်။
နှစ်လကနေ သုံးလ အရွယ်မှာ အရွယ်ရောက်လူတွေထက် အလင်းကိုသိရှိနိုင်တဲ့ ကန့်သတ်ချက် ( light detection threshold ) က ၁၀%ရာခိုင်နှုန်း ပဲပိုမြင့်ပါတော့တယ်။ ဒါကြောင့် သူတို့အိပ်ချိန်မှာ မီးချောင်း အလင်းရောင် စတာတွေကို လျှော့လို့ ရပါပြီ ။

၂လကနေ ၃လ အရွယ် ကလေးအမြင်ကို လှုံ့ဆော်ပေးဖို့ လုပ်ဆောင်ပေးနိုင်တာတွေကတော့
အခန်းထဲက အသုံးအဆောင် အပြင်အဆင်တွေကို မကြာခဏ ပြောင်းလဲပေးပါ ။
အခန်းထဲမှာ ကိုယ်ကလမ်းကို ပတ်လျှောက်ရင်းနဲ့ ပုခက်ထဲကကလေးကို လှမ်းစကားပြောပေးပါ
ပုခက်ထဲမှာ သူတို့နိုးနေတဲ့အခါ ညအိပ်မီးလိုမျိုး မီးမှိန်မှိန်လေး ထွန်းထားပေးလို့ ရပါတယ်
ကလေးကိုသိပ်တဲ့အခါ ပက်လက်သိပ်ပြီး နိုးနေတဲ့အခါ မှောက်ရက်လေးထားစေတာဟာ ကလေးရဲ့ အမြင်အာရုံရော လှုပ်ရှားမှုဖြစ်စေသော စနစ် (motor system)ကိုပါ ကောင်းမွန်စေပါတယ်။
>>>>၄လကနေ ခြောက်လအရွယ်ရောက်တဲ့အခါမှာ ကလေးတွေဟာ မျက်လုံး အတွက် ဦးနှောက်မှာရှိတဲ့ ဗဟိုထိန်းချုပ်မှု ( visual center) စနစ်ကကောင်းစွာ ဖွံ့ဖြိုးလာတာ ဖြစ်တဲ့ အတွက် မျက်လုံးကို ပိုပြီး လျင်မြန်စွာ ရွေ့လျားလာနိုင်ပါတယ်။ ရွေ့လျားနေတဲ့ အရာဝတ္ထုတွေကိုလည်း ကောင်းစွာ ကြည့်နိုင်လာပါတယ်။အရောင်တွေကိုလည်း သေချာကြည့်မြင်နိုင်ပြီး သက်တံမှာပါတဲ့ အရောင်အားလုံးကို ခွဲခြားမြင်နိုင်မှာပါ။ အရာဝတ္ထုတစ်ခုကိုကောက်ခိုင်း နေရာရွှေ့ခိုင်းတဲ့အခါ (ဥပမာ နို့ဘူးကိုကောက်ယူပြီး ပါးစပ်နဲ့ တေ့တာ လိုမျိုး )မျက်လုံးနဲ့ လက် တွဲဖက်လုပ်ဆောင်ခြင်း (eyes -hand coordination) လည်း အားကောင်းလာပါတယ်။

>>>>>>၇လနဲ့ တစ်နှစ်အရွယ်မှာတော့
ကလေးက ရွေ့လျား တွားသွား ခြင်းတွေ အကွာအဝေး ခပ်လှမ်းလှမ်း အထိ လုပ်နိုင်နေပါပြီ ။ အကွာအဝေးကို ကောင်းမွန်စွာ ခန့်မှန်းတတ်လာပြီး ဆုပ်ကိုင်တာ ပစ်ပေါက်တာကိုလည်း လုပ်နိုင်နေပါပြီ။ ခုနပြောတဲ့ Eye Hand coordination skill ကလည်း ကောင်းလာပြီး ကလေးနဲ့ ကြမ်းပြင်ပေါ် မှာ ဆော့ပေးခြင်းက ကလေးရဲ့ လှုပ်ရှားသွားလာမှုကိုပါ ကောင်းလာစေမှာပါ ။ ကလေးဟာ သူ့ရဲ့ ပတ်ဝန်းကျင်ကို စတင်စူးစမ်းနေပြီဖြစ်လို့ ထိစပ်နေပြီ ဖြစ်လို့ မျက်လုံးထိခိုက်တာ အနာတရဖြစ်တာ မျိုးကိုတော့ သတိထားရပါ့မယ်။ လှေကားအတက်အဆင်းမှာ အရန်အတားတွေ လုပ်ထားတာမျိုး ချွန်ထက်တဲ့ အရာတွေကို သိမ်းထားတာမျိုး ခိုက်မိစေမဲ့ ပစ္စည်းတွေကို သိမ်းထားတာတွေ လုပ်ထားသင့်ပါတယ်။

Eye Hand coordination ရဖို့ အတွက်ကတော့ ကလေးကို ကြမ်းပြင်မှာ သင်နဲ့ အတူ ဆော့ကစားစေပါ။ အရာဝတ္ထု (သူကြိုက်တဲ့ အရုပ်တစ်ခုခု)ကို ကလေးနဲ့ ခပ်လှမ်းလှမ်းမှာ ထားပြီး တွားသွားယူစေတာမျိုး ပစ္စည်းတွေ အများကြီး ပေးထားပြီး အဲ့ဒီထဲကမှ ခွဲထုတ်စေတာမျိုးကို လုပ်ဆောင်စေပါ။
မျက်လုံးရဲ့ အရောင် ရင့်သွားတာကို မစိုးရိမ်ပါနဲ့ ။ အရင့်ရောင်ခြယ်တွေဟာ မွေးခါစကကောင်းစွာ မဖွံ့ဖြိုးဘဲ နောက်ပိုင်းမှ ဖွံ့ဖြိုးလာတာဖြစ်တဲ့ အတွက်ပါ ။

>>>>လမစေ့ ပေါင်မပြည့်ခြင်းနှင့် autism
၃၇ ပတ် မတိုင်မီ မွေးတဲ့ ကလေးတွေကို လမစေ့ဘဲ မွေးတဲ့ ကလေးတွေလို့ သတ်မှတ်ပါတယ်။ သူတို့တွေက လစေ့မွေးတဲ့ကလေးတွေထက် အမြင်အာရုံပြသနာရှိပါတယ်။ မြင်လွှာမှာ ပုံမမှန်တစ်ရှုးများစုခြင်း သွေးကြောဖြစ်ပေါ်ခြင်း အမာရွတ်ဖြစ်ခြင်းတွေ (Retinopathy of Prematurity) ကြောင့် အမြင်ဝေဝါးတတ်ပါတယ်။မြင်လွှာကွာကျခြင်း အမြင်အာရုံကွယ်ခြင်းအထိဖြစ်တတ်ပါတယ်။ ပေါင်မပြည့်ကလေးတွေကိုလည်း ထည့်စဉ်းစားရပါမယ်။ သင့်ကလေး လမစေ့ ပေါင်မပြည့်ဘဲ မွေးခဲ့မယ်ဆိုရင် အမြင်အာရုံအတွက်လည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ မျက်လုံး ဟိုဘက်သည်ဘက် ရုတ်တရက်အမြန်ရွေ့လျားခြင်း ( nystagmus) လည်း ဖြစ်နိုင်ပြီး မွေးကင်းစမှာ အမြင်အာရုံကြော မဖွံ့ဖြိုးတာ ၊မွေးကင်းစအတွင်းတိမ် ( congenital cataract) နဲ့လည်း ဆက်နွယ်မှု ရှိလို့ ဖြစ်ပါတယ်။

Autism ( ကလေးဘဝမှ စတင်သော အထီးကျန် စိတ်ဝေဒနာ ) ရောဂါရှိတဲ့ ကလေးတွေဟာ မိခင်နဲ့ မျက်လုံးချင်းဆုံတာ ထိတွေ့မှုရှိတာ နည်းတယ်လို့ဆိုပါတယ်။ကလေးက တခြားလူတွေရဲ့ မျက်လုံးကို ဘယ်လောက်အချိန်ကြာကြာကြည့်လဲ ပေါ်မှာ မူတည်ပြီး ဒီကလေးဟာ autism ဖြစ်နိုင် မဖြစ်နိုင် autismရဲ့ အမူအကျင့်ဆိုင်ရာအစောဆုံးသင်္ကေတအဖြစ် ခန့်မှန်းကြပါတယ် ။ ၃နှစ်အရွယ် autismကလေးတွေဟာ autism မဖြစ်တဲ့ ကလေးတွေထက် တခြား လူတွေရဲ့ မျက်လုံးကို ကြည့်တာ နည်းတယ်လို့ ပြောပါတယ်။ ယှဉ်ပြီးပြောရရင် autism မဖြစ်တဲ့ ကလေးတွေဟာ အသက် ၉လလောက်ကစပြီး တခြားလူတွေရဲ့ မျက်လုံးကို ကြည့်တာ အာရုံစိုက်တာ တဖြည်းဖြည်း အားကောင်းလာတယ်လို့ ဆိုပါတယ်။

ခွန်းညိုသွေး
 Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ