“ချိုသောအစားအစာနှင့်သွားပိုးစားရောဂါတို့ဆက်သွယ်မှု၏ နောက်ကွယ်မှ ကြောက်မက်ဖွယ် ရက်စက်မှုများ”


အခုရက်ပိုင်းလူးကပ်စ် လေးတစ်ယောက်အရမ်းပျော်နေသည်။ ဟိုတစ်လောက သူတို့ဆီကို သဘောကောင်း လှတဲ့ ကိုကို၊မမများလာသွားပြီးနောက် လူးကပ်စ်တို့ စားနေကြအစားအသောက်များ အရမ်းပြောင်းလဲသွားသည်။ သူအကြိုက်ဆုံးမုန့်အချိုများကို အလျှံအပယ်စားသောက်လာရသည်။ အထူးသဖြင့် သူကြိုက်လှသည့်ကပ်စေးတော်ဖီများကို အဝစားခွင့်ရသည်။ တစ်ခုတော့ရှိသည် လူးကပ်စ်တို့ သူငယ်ချင်းတွေ လူတိုင်းတော့မစားရပါ ၊တစ်ချို့တွေကြတော့ ပေါင်မုန့်၊ချောကလက်စတာတွေစားရသည်။ သို့သော်လူးကပ်စ်၏အပျော်များမှာ ရေရှည်မခံခဲ့ပါ ။ ခြောက်လလောက်အကြာမှာ လူးကပ်စ် ပါးစပ်အတွင်းမှ နာကျင်မှုတစ်ခုစလာသည် ၊ထိုနာကျင်မှုသည် တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာသည် ။ နောက်ဆုံးဘာမှမစားနိုင်အောင် ဖြစ်လာတော့သည်။ လူးကပ်စ်ထိုသို့ဖြစ်လာသောအခါ သဘောကောင်းလှသည့် ကိုကို၊မမ၊ဦးဦးတို့က ဝမ်းသာ အားရနှင့်အောင်မြင်ပြီဖြစ်ကြောင်းပြောဆိုနေ ကြသည် ။ ဘာကြောင့် အချိုတွေအရမ်းကျွေးခဲ့သလဲ၊ဘာကြောင့် လူးကပ်စ် သွားကိုက်ဝေဒနာတွေ ခံစားနေရသလဲ ။

ကိုကို၊မမ၊ဦးဦးတို့ကကြီးမားတဲ့အောင်မြင်မှုကြီးဟေ့လို့ ပြောနေကြတာလဲ ဆိုတာကိုတော့ လူးကပ်စ်လိုစိတ်ရောဂါဝေဒနာရှင် တစ်ယောက်အဖို့ဘယ်လိုမှ စဉ်းစားနိုင်စွမ်းမရှိခဲ့ပါပေ။
သွားပိုးစားရောဂါနှင့် ချို၍စေးကပ်သောအစာများ၏ဆက်သွယ်မှုကို စမ်းသပ်ခဲ့သည့် သုတေသန လုပ်ငန်းသည် ကမ္ဘာ့ဆေးပညာသမိုင်းတွင် ဒုတိယ အရက်စက်ဆုံး သုတေသနဟူ၍ကမ္ဘာကျော်ခဲ့ပါသည်။ ကမ္ဘာပေါ်တွက်အရက်စက်ဆုံးသုတေသနသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမန်များက စစ်သုံပန်းများ ၏ ကိုယ်အင်္ဂါများကို အရှင်လတ်လတ်လှီးဖြတ် စမ်းသပ်မှုဖြစ်ပါသည်။ ထိုသုတေသန အပြီးတွင်မူ ယခုသွားပိုးစားရောဂါနှင့် ချို၍စေးကပ်သောအစားအစာများ၏ ဆက်သွယ်မှုကို ရှာဖွေခဲ့သည့် “ ဗိုက်ပ်ဟုမ်း “ စမ်းသပ်မှု ( Vipeholm Experiments) သည် အရက်စက်ဆုံး ၊လူမဆန်ဆုံးစမ်းသပ်မှုဖြစ်ခဲ့ပါသည်။

ဖြစ်စဉ်အစအဆုံးမှာဤသို့ဖြစ်ပါသည်။ ၁၉၃၉ - ၄၀ ဝန်းကျင်လောက်အထိ သွားပိုးစားရောဂါနှင့် ချိုစေးသောအစားအစာများဆက်စပ်မှုများကို သိပ္ပံနည်းကျ မသိရှိကြပါဘူး။ ၁၉၄၀ ကျော်ကာလတွေမှာ ဆွီဒင်နိုင်ငံမှာ အချိုတွေအစားများလို့သွားပိုးစားတယ်ဆိုတဲ့ အယူအဆစတင်ပေါ်ပေါက်လာပါတယ်၊ အဓိက ကတော့ ကလေးမိဘတွေအကြားပြောဆိုမှုများလာကြပါတယ်။ ဒီအခြေအနေကို ကိတ်မုန့်တိုက်ကြီးများက လုံးဝမကြိုက်ကြပါဘူး။ ဒါကြောင့် သူတို့ ထုတ်တဲ့မုန့်တွေနဲ့ သွားပိုးစားရော ဂါတွေ ဟာဆက်စပ်မှု လုံးဝမရှိပါဘူးဆိုတဲ့သက်သေပြနိုင်အောင်ကြိုးစား လာကြပါတယ် ။ ဒီလိုသုတေသနပြုနိုင်ဖို့ ငွေတွေအလုံအလောက်လှူမယ် ၊ အစားအသောက်၊ချောကလက် တန်ပေါင်းများစွာလှူမယ်ဆိုပြီး သုတေသန အဖွဲ့များကိုကမ်းလှမ်းလာပါတယ်။ ဒီအခြေအနေမှာ Gustaffson နှင့်အဖွဲ့ ( Gustaffson et .al) က၁၉၄၅ခုနှစ်မှာ စမ်းသပ်ဖို့ လက်ခံကြပါတယ်။ စမ်းသပ်ခံလူအုပ်စုရွေးချယ်ရာမှာ တော့ ဆွီဒင်နိုင်ငံ လန်း( Lund ) မြို့အစွန်မှာရှိတဲ့ ဗိုက်ပ်ဟုမ်း ( Vipeholm)ဆိုတဲ့စိတ်ရောဂါကုဆေးရုံမှာရှိတဲ့ စိတ်ဝေဒနာရှင် များနှင့် ဥာဏ်ရည်မမီ သူများကို စမ်းသပ်ဖို့ရွေးချယ်လိုက်ကြပါတယ် ။ ဒီလိုရွေးချယ်တဲ့ရည်ရွယ်ချက်ကတော့

၁ ။ လူစုပြီးသားဖြစ်တယ်၊
၂ ။ စိတ်ဝေဒနာသည်တွေဖြစ်လို့ ဘာမှမတုံပြန်နိုင်ပဲ လုပ်သမျှခံရမယ်။
၃ ။ အဲ့ဒိခေတ်အချိန်အခါက ဥာဏ်ရည်မမီသူများဟာ သွားပိုးစားရောဂါကို ခုခံနိုင်တဲ့ အစွမ်းရှိတယ်လို့ လွှဲမှားစွာ ယုံကြည်ကြခြင်း စသည်တို့ဖြစ်ပါတယ်။

ဒီ သုတေသနကို ၁၉၄၅ မှာ စတင်ရန်ဆုံးဖြတ်ကြပေမယ့် တကယ့်လက်တွေ့စမ်းသပ်မှုကိုတော့ ၁၉၄၇ မှာမှ စတင်ခဲ့ကြတာပါ။ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ နှစ် ကြားနှစ်နှစ်ကို ဗီတာမင်ကာလလို့သတ်မှတ်ပြီး စမ်းသပ်ခံရမည့်သူမျာကို ဗီတာမင်များတိုက်ကျွေးပါတယ်။ ရည်ရွယ်ချက်ကတော့ အဲ့ဒီအချိန်က ဗီတာမင် အားဆေးများစားရင် သွားပိုးစားမှုကို ကာကွယ်နိုင်တယ်လို့ထင်ကြလို့ပါပဲ။ ဒီသုတေသနဟာ

 စကတည်းက ယဉ်သကိုးလို့ပြောရမှာပါ ဘာလို့လဲဆိုတော့ ဘက်လိုက်မှုတွေရှိနေခဲ့တယ်။ သုတေသနအတွက် ထောက်ပံပေးတဲ့ မုန့်တိုက်ကြီးများက အချိုနဲ့ သွားပိုးစားရောဂါဟာ ဆက်စပ်မှု မရှိဘူးဆိုတဲ့အဖြေကိုလိုချင်တာပါ။ ဒါကြောင့်သုတေသန အဖွဲ့က သွားပိုးစားရောဂါကို ခံနိုင်ရည် ရှိတယ်လို့ထင်တဲ့ အုပ်စုကိုရွေးထားတာရယ် ၊ စမ်းသပ်မှုမစခင် သွားပိုးစားရောဂါကို ခံနိုင်ရည်ရှိမည် ထင်တဲ့ ဗိုက်တာမင်များကို ကြိုတိုက်ထားတာမျိုးလုပ်ထားတာပါ၊ တကယ်တော့ စစ်မှန်တဲ့ သုတေသနဆိုတာ ဒီလိုစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာဘက်လိုက်မှုမျိုးတွေရှိမနေရပါဘူး။သို့သော် တကယ့်လက်တွေ့သုတေသန အဖြေကတော့သူတို့လိုချင်တာနဲ့ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။
၁၉၄၇ ခုနှစ်သုတေသန စတဲ့အခါမှာ စိတ်ဝေဒနာရှင်များနဲ့ ဥာဏ်ရည်မမီသူ ၄၃၆ ယောက်ကို ထိန်းသိမ်းအုပ်စု တစ်ခု နှင့် စမ်းသပ်ခံအုပ်စုခြောက်ခုခွဲလိုက်ပါတယ်။ စမ်းသပ်ခံ အုပ်စုတွေကတော့
၁ ။ ကြံသကြားအုပ်စု
၂ ။ ပေါင်မုန့်အုပ်စု
၃။ ချောကလက်အုပ်စု
၎။ သကြားကိုညောင်စေးကျအောင်ကျိုကျွေးသည့်အုပ်စု
၅။ သွားမှာကပ်အောင်အထူးပြုလုပ်ထားသည့် တော်ဖီ ၈ ခုကျွေးသည့်အုပ်စုနှင့်
၆။ သွားမှာကပ်အောင် အထူးပြုလုပ်ထားသည့်တော်ဖီ ၂၄ ခုကျွေးသည့်အုပ်စု ဆိုပြီးဖြစ်ပါတယ်။

ဒီအုပ်စုတွေကို ပုံမှန်ထမင်းကျွေးရာမှာလည်း အချိုကိုပုံမှန်ထက်ပိုကျွေးခဲ့ပါတယ်။ ဒါ့အပြင် ထမင်းစားချိန်တစ်ချိန်နှင့်တစ်ချိန်ကြားကို သရေစာအဖြစ် သက်ဆိုင်ရာ အုပ်စုအလိုက်မုန့်များကိုကျွေးခဲ့ပါတယ် ။
စမ်းသပ်ကာလ နှစ်နှစ်အတွင်းမှာ စမ်းသပ်ခံလူနာများရဲ့ သွားများပျက်စီးကုန်ပါတယ် ။ ချောကလက် အုပ်စုနှင့် ရိုးရိုးကြံသကြားအုပ်စုတိုမှာ ပျက်စီးမှုအနည်းဆုံးဖြစ်ခဲ့ပြီး သွားမှာ ကပ်အောင် အထားပြုလုပ် ထားတဲ့ တော်ဖီ ၂၄ ခုအဖွဲ့မှာတော့ သွားအားလုံးနည်းပါးပျက်စီးကုန်ပါတယ် ။ ဒီနေရာမှာ သူတို့သတိထားမိသွားတာက အစားအစာများမှာ ချိုသောအစားအစာများထက် ချို၍စေးကပ်သော အစားအစာများက သွားပိုးစားရောဂါကို ပိုမိုဖြစ်ပွားစေတယ်ဆိုတာပါပဲ ။

ဒီလိုအဖြေတွေထွက်လာတော့ ရလဒ်ကိုမကျေနပ်လို့ အထူးပြုလုပ်ထားခြင်းမရှိတဲ့ပုံမှန်အချိုကဲ အစားအစာများနောက်ထပ်နှစ်နှစ်စမ်းသပ်ပါတယ်။ အဲ့ဒီအခါမှာ လည်းစမ်းသပ်ခံ လူ ၆၆၀ မှ၅၀ ရဲ့သွားများဟာ အကုန်ပျက်စီးသွားပါတယ်။ ဒီသုတေသန ရလဒ်ကို မုန့်ကုမ္ပဏီကြီးများက မကျေနပ်လို့ ရလဒ်မထုတ်ပြန်အောင် တားဆီးကြပေမယ့် ၁၉၅၃ မှာ ကမ္ဘာကိုကြေငြာလိုက်ရပါတော့တယ်။
ဒီသုတေသနရဲ့ ရလဒ် အနှစ်ချုပ်ကတော့
၁။ ချို၍စေးကပ်သောအစားစာများနှင့် သွားပိုးစာရောဂါဟာ ကြီးမားတဲ့ဆက်စပ်မှုရှိသည်
၂။ ထမင်းစားချိန် တစ်ခုနှင့်တစ်ခုကြား သရေစာ များစားသောက်မှုဟာ သွားပိုးစားရောဂါဖြစ်ပွားမှုနှုန်းမြင့်များစေသည်။
တို့ဖြစ်ကြပါတယ်။

ဒီသုတေသနဟာ ဆေးပညာအတွက်၊သိပ္ပံပညာအတွက် အလွန်အဖိုးထိုက်တန်တဲ့သုတေသ နဖြစ် ခဲ့ပါတယ် ။ သို့ရာတွင် လူသားဆန်မှုပေတံနှင့်တိုင်းကြည့်ပါက သူဟာသူနဂိုကတည်းက စိတ်ဝေဒနာများကြောင့် ဒုက္ခရောက်နေရသူများကို အတင်းအကျပ်နောက်ထပ် ဒုက္ခရောက်အောင် ပြုလုပ် သလိုဖြစ်နေတာကြောင့် အလွန်ရက်စက်ပြီးနောက်ထပ်တစ်ခုမရှိသင့်တော့တဲ့ သုတေသန အဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီ “ဗိုက်ပ်ဟုမ်း” စမ်းသပ်မှုရဲ့ အစွန်းတစ်ဘက် ရက်စက်မှုများ ရှိနေပါတယ် ။ သင့်ပတ်ဝန်းကျင် မှာပင်ရှိပါတယ် သင်ကိုယ်တိုင်ရောပါနေမလား။ ဒါကတော့ အချိုစားရင် သွားပိုးစားရောဂါဖြစ်တယ်လို့လူတိုင်းသိကြပြီးနောက် မြန်မာ မိဘ အများစုမှာ မိမိတို့ကလေးငယ်၏ ပါးစပ်ထဲမှာ သွားပိုးစားရောဂါတွေ့ပြီဆိုတာနဲ့ အချိုကျွေးမှုကို လုံးဝရပ်ဆိုင်းလိုက်ပါတော့တယ်။ ဒါဟာလည်း အလွန်ကြောက်စရာကောင်းတဲ့ရက်စက်မှုပါ။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အထူးသဖြင့် ဦးနှောက်နဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှုအတွက် အချိုဓါတ်ဟာမရှိမဖြစ်လိုအပ်ပါတယ်။

ဒါကြောင့်ကလေးငယ်တွေကို အချိုလုံးဝဖြတ်ပစ်တာ ဟာကြောက်စရာကောင်း လှတဲ့ရက်စက်မှု မျိုးဖြစ်ပါတယ် ။ တကယ်တော့ အချိုစားရင်သွားပိုးစားတယ်ဆိုတဲ့အသိဟာ မပြည့်စုံတဲ့ အသိမျှ သာဖြစ်ပါတယ် ။ မပြည့်စုံတဲ့အသိဆိုတာ အန္တရာယ်ကြီးပါတယ်။ အမှန်တော့ သွားပိုးစားရောဂါဆိုတာ အချက်လေးချက်ပြည့်စုံမှဖြစ်နိုင်တာပါ။ ဒါတွေက
၁။ သွား နှင့် တံတွေး ရှိရမယ်။
၂။ တံတွေး နှင့် သွားမှာကပ်နေတဲ့ သွားချေးထဲမှာ မိုက်ကရိုဖလော်ရာ လို့ခေါ်တဲ့ သဘာဝပိုးမွှားများရှိရမယ်။
၃။ ပိုးမွှားတွေ အချဉ်ဖောက်ဖို့ ချိုသောအစားအစာများရှိရမယ်။
၎။ ချိုသောအစားအစာများသွားမှာ ကပ်နေရမယ့်  အချိန် လုံလုံလောက်လောက်ရှိရပါမယ်။

သွားနှင့်တံတွေး + သဘာဝပိုးမွှား + အစားအစာ + အချိန် တို့ဟာ သွားပိုးစားရောဂါဖြစ်ရန် ကွင်းဆက်သဖွယ်အရေးကြီးပါတယ်။ ဒီအထဲက တစ်ခုခု မရှိခဲ့သော် သွားပိုးစားရောဂါ လုံးဝမဖြစ်နိုင်ပါ။
ဒါဆို ဒီကွင်းဆက်ထဲက ဘာအချက်ကိုဖယ်ထုတ်မလဲစဉ်းစားကြည့်ရအောင်။ သွားမရှိရင်သွားပိုးစားမရှိဆိုပြီးတော့ သွားနဲ့ တံတွေးကို ဖယ်ရှားမလား ၊ ဘယ်ရမနိုင်မလဲဗျာ ၊ သွာတွေအကုန်နှုတ်ပစ်လို့မရသလို တံတွေးကိုလည်း အားလုံးကုန်အောင်စုပ်ထုတ်လို့မရနိုင်ပါဘူး။ ဒါဆို သဘာဝပိုးမွှားတွေသေကုန်အောင် ပိုးသတ်ဆေးတွေသောက်ရမလား ။ မလုပ်လိုက်ပါနဲ့ဗျာ လိုအပ်တဲ့ပိုးမွှားတွေ သေကုန်ရင် မလိုလားတဲ့ မှိုကဲ့သို့ရောဂါတွေ ဝင်လာမည့်အပြင် မျှခြေ တစ်ခုပျက်သွားပြီး တစ်ခြားမလိုလားတာတွေဖြစ်ကုန်မှာပေါ့။ ဒါဆို ချိုပြီးစေးကပ်သော အစာတွေ အကုန်ဖြတ်မလား ၊ မရဘူးဗျ ကဆီဓါတ်ဆိုတာ နေ့စဉ်လိုအပ်တဲ့အဟာရပါပဲ ။

ကလေးတွေအတွက်ဆိုအချိုဆိုတာ အလွန်လိုအပ်ပါတယ်။
ကဲဒါဆိုရင်တော့ ဒီစားကြွင်းစားကျန်တွေ သွားမှာ ကပ်နေမယ့် အချိန်ကို လုံးဝမရှိအောင် တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် ကြိုးစားရုံပါပဲ။ မိဘတွေအနေနဲ့ မိမိတို့ကလေးငယ်တွေ သွားပိုး မစားအောင် ဒါတွေလုပ်ပေးရုံပါပဲ ။
၁။ အချိုကိုပမာဏ လျှော့စရာမလိုပါ။ အချိန်နှင့်ကျွေးတဲ့အကြိမ်အရေအတွက်ကို ကန့်သတ်ရမည်။
ဆိုလိုတာက ချိုချဉ်ထုပ်ကြီးကိုင်တနေကုန်စားနေတာမျိုး၊ ညအိပ်ချိန်မှာ တော်ဖီ၊ သကြားလုံးငုံအိပ်တာမျိုးကို လုံးဝတားမြစ်ပါ။
၂။ ကျွေးစရာရှိတာကို အဝကျွေးပြီးရင် ချက်ချင်းရေလုပ်ကျင်းခိုင်းပါ၊ သရေစာများကို တစွတ်စွတ် ကျွေးတာမျိုးလုံးဝရှောင်ပါ။
၃။ မနက်စာအပြီး ၊ အိပ်ခါနီး မငြီးသေချာ သွားတိုက်ပေးပါ။
ဒါဆိုလုံးဝလုံလောက်ပြီ ဖြစ်ပါတယ်။
သွားပိုးစာရောဂါနဲ့ အချိုတို့ဆက်စပ်မှုဟာ လွယ်လွယ်ရှာတွေ့ခဲ့ရတာမဟုတ်ပါဘူး၊ဗိုက်ပ်ဟုမ်း စိတ်ရောဂါကုဆေးရုံမှာရှိတဲ့ စိတ်ဝေဒနာရှင်များ ရဲ့ ခန္တာကိုယ်နဲ့ ရင်းပြီးရှာခဲ့ကြရတာပါ။ ဒါကြောင့် သူတို့ကို ရိုသေအလေးအမြတ်ပြုတဲ့ အနေနဲ့ သွားပိုးစားရောဂါများမဖြစ်ရလေအောင် မိမိကိုယ်ကို နှင့် မိမိတို့မိသားစုအပေါ် ဂရုစိုက်ကြပါစို့ခင်ဗျား။

ဒေါက်တာမင်းသန့်အောင် (သွားဆရာဝန် - မိတ္ထီလာ )
HealthGuide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ