Pap smear သားအိမ်ဝကင်ဆာ စမ်းသပ်နည်း


ကျမအသက် ၂၉၊ ကလေး ၂ နှစ်ခွဲမိခင်ပါ။ Pap smear က ၂ဝ၁၂ ကစစ်ထားတာ ၃ နှစ်ကျော်လို့ထပ်စစ်ရင်းက သားအိမ်ခေါင်းရောင်တာတွေ့တာပါ ။ OG ကအောင့်တာတွေ မရှိရင် ဆေးမသောက်နဲ့ နောက် ၃ နှစ်ကြာမှ ပြန်စစ်လို့ ပြောပါတယ် ။ Pap smear ဘယ်နှစ်လနေရင် ပြန်စစ်သင့်ပါသလဲရှင့် ။

Pap smear (ပက်-စမီးယား) ဆိုတာ သားအိမ်ဝ (ခေါင်း) ကင်ဆာစမ်းသပ်နည်းဖြစ်တယ်။ သားအိမ်ဝမှာ မူမမှန်တဲ့ (ဆဲလ်) တွေ ဖြစ်နေ-မနေ သိအောင်လုပ်တယ်။ Pap test လို့လည်းခေါ်တယ်။ ၁၉၂၈ ကတည်းကစပေါ်တယ်။ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ အစမ်းခံရတာမနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ မကောင်းတာလေး နည်းနည်းတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။

မြန်မာပြည်မှာ အမျိုးသမီး ၁ဝဝဝ ကို Pap smear လုပ်ပြီး၊ စစ်တမ်းကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အဝ ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇ဝ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

အဖြေကို တပတ်စောင့်ရတယ်။ အဖြေက မကောင်းဘူးထွက်ပေမယ့် သားအိမ်ဝကင်ဆာလို့ တန်းမပြောနိုင်သေးပါ။ ပိုဝင်နေတာ၊ ကိုယ်ဝန်တာ သားအိမ်ဝအဖုံး (ဒိုင်ယာဖရန်) သုံးထားတာ၊ ရာသီဖြစ်စဉ်အပြောင်းအလဲတချို့တွေကနေ အဖြေမူမမှန်တာတွေ့နိုင်တယ်။ နမူနာယူတုံးက လုံလောက်အောင် ဆဲလ်အရေအတွက်ပါမလာရင် ပြန်စစ်ရတယ်။ သွေးဆုံးအမျိုးသမီးတွေလို (အီစထိုဂျင်) ဟော်မုန်းနည်းနေရင် ဟော်မုန်းဆေးပေးပြီး ထပ်စစ်ရနိုင်တယ်။

တချို့အတွက် Colposcopy မွေးလမ်းကြောင်းထည့်ကြည့်ကိရိယာနဲ့စစ်ဆေးတာလိုနိုင်တယ်။ ဆရာဝန်က မှန်ဘီလူးသုံးပြီး ကြည့်မယ်။ ဆက်စစ်ဆေးဖို့လိုသူဆီက Biopsies အသားစထုတ်ယူမယ်။ Precancerous abnormal cells ကင်ဆာ မဖြစ်ခင်အဆင့် တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ စမ်းလို့ မကောင်းတာတွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ်စမ်းလို့ သေချာမှ ကင်ဆာခေါ်တယ်။

Pap tests ပုံမှန်မဟုတ်တဲ့အမျိုးသမီး၊ HIV positive ရှိနေတဲ့အမျိုးသမီး၊ ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားတဲ့ အမျိုးသမီး၊ စတီရွိုက်ဆေးတာရှည်သောက်နေတဲ့အမျိုးသမီး၊ diethylstilbestrol (DES) နဲ့တွေ့ဘူးတဲ့အမျိုးသမီးတွေက စစ်ဆေးတာ ပိုလိုကြတယ်။

အသက် ၂၁ နှစ်ထေက်ငယ်သူတွေကိုစစ်ဆေးဘို့မလိုပါ။ ၂၁ နှစ်ကနေ ၆၅ နှစ်အတွင်း အမျိုးသမီးတွေ ၃ နှစ်တခါ စစ်ဆေးသင့်တယ်။ ၃ဝ ကနေ ၆၅ နှစ်အမျိုးသမီးတွေ Pap test ကလည်းကောင်းမယ်၊ HPV test ကလည်း ကောင်းနေမယ်ဆိုရင် ၅ နှစ်မှသာတခါစစ်ဘို့လိုမယ်။

Pap smear မှားတတ်သောအမှားများ
1. Pap Smear ပုံမှန်စမ်းစရာမလိုဘူးလို့ထင်မှတ်ခြင်း။
2. Pap Smear မလုပ်မီ ၂၄-၄၈ နာရီအတွင်း အတူနေခြင်း၊ ဗဂျိုင်းနားကိုဆေးရည်နဲ့ဆေးခြင်း၊
3. Pap Smear စမ်းသပ်ရက်ကို ရာသီရက်မှာပေးမိခြင်း။
4. Pap Results အဖြေပြန်တောင်းရမှန်းမသိခြင်း။
5. Previous Abnormal Pap Smears အရင်စစ်တုံးက မူမမှန်အဖြေရှိခဲ့တာကို ဆရာဝန်ကိုမပြောမိခြင်း။
6. Abnormal Pap Smear Results မူမမှန်အဖြေရပြီး ဆက်လုပ်စရာကိုမလုပ်ခြင်း။

သားအိမ်ဝကင်ဆာရှိနေသူဆိုရင် မွေးလမ်းကနေ ပုံမှန်မဟုတ်တဲ့ (ကြားရက်မှာ) သွေးဆင်းနိုင်တယ်။ အတူနေစဉ် သွေးဆင်းနိုင်တယ်။ မွေးလမ်းဆေးကြောရင်းသွေးဆင်းနိုင်တယ်။ တခုခုလည်းဆင်းနိုင်တယ်။ နာတာက လက္ခဏာ မဟုတ်ပါ။ သားအိမ်ဖြစ်ဖြစ် သားအိမ်ဝဖြစ်ဖြစ် ကင်ဆာကြောင့် သားအိမ်တခုလုံးထုတ်ထားပေမယ့် Pap tests စစ်နေဘို့ လိုအပ်တယ်။ သားအိမ်အဝချန်ထားပြီး သားအိမ်ထုတ်ရင်လည်း စစ်နေဘို့လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ