ကင်ဆာအကြောင်းသိကောင်းစရာ


ကင်ဆာရောဂါကုထုံးတွေရဲ့သမိုင်းကြောင်းကိုချီပြီးပြောရမယ်ဆိုရင်တော့ ကင်ဆာကုသရေးမှာ အစောဆုံး ပေါ်ပေါက်လာခဲ့တဲ့ကုသန်းကတော့ ခွဲစတ်ကုသခြင်းဖြစ်ပါတယ် ။ အခုအချိန်ထိအောင်ကိုပဲ ကင်ဆာခွဲစိတ်ကုသခြင်းဟာ အောင်မြင်တဲ့ကင်ဆာကုထုံးတစ်ခုအဖြစ်ရပ်တည်နေဆဲပါ။ ဖြစ်ခါစ (Early stage) ကင်ဆာရောဂါတွေဆိုရင် ခွဲစိတ်ကုသ ခြင်းနဲ့လုံးဝပျောက်ကင်းသွားနိုင်တာဖြစ်ပါတယ် ။
နောက်ထပ်ကင်ဆာကုသခြင်းကတော့ ဓာတ်ရောင်ခြည်ပေးပြီးကုသခြင်း (Radiotherapy) ဖြစ်ပါတယ် ။ ကင်ဆာခွဲစိတ်ကုသခြင်းနောက်ပိုင်း ပေါ်ပေါက်လာတဲ့ကင်ဆာကုထုံးတစ်ခုဖြစ်ပါတယ် ။ ဓာတ်ရောင်ခြည် ကုထုံးရဲ့ သဘောသဘာဝ ကတော့ ကင်ဆာဆဲလ်တွေရဲ့ မျိုးဗီဇ DNA ကို သတ်ပစ်လိုက်တာပါပဲ ။ ဓာတ်ရောင်ခြည်ဖြတ်သန်းမှုဧရိယာထဲမှာပါဝင်တဲ့ကင်ဆာဆဲလ်များသာမကပုံမှန်ဆဲလ်များလည်းသေဆုံးသွားနိုင်တာဖြစ်ပါတယ်။ ယနေ့ကင်ဆာကုသရေးမှာ ဓာတ်ရောင် ခြည်ကုထုံးများကို ကင်ဆာရောဂါထိန်းချုပ်မှု (Local control) များအတွက်သုံးစွဲနေကြတာဖြစ်ပါတယ်။

အထက်ပါကုသနည်းနှစ်မျိုးက ထပ်ခါထပ်ခါခွဲစိတ်လို့၊ ဓာတ်ရောင်ခြည်ပေးလို့မရနိုင်တဲ့ကန့်သတ်ချက်တွေ ရှိပါတယ် ။ တစ်ကိုယ်လုံးမှာပျံ့နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ဖို့နေရာမှာလည်း အားနည်းချက်တွေ ရှိပါတယ် ။ ဒီလိုနဲ့ ၂၀ရာစုအစောပိုင်းမှာ ကင်ဆာဆဲလ်များ အပါအ၀င် ဆဲလ်ကလာပ်စည်းတွေ ကို သေကြေစေမယ့် Cytotoxic therapy တွေကိုဖော်ထုတ်လာကြပါတယ် ။ ယနေ့ ကင်ဆာဆေးသွင်း ကုခြင်း Chemotherapy ခေါ်တဲ့ ကုထုံးပဲဖြစ်ပါ တယ် ။ သွေးကြောထဲကနေထိုးသွင်းရပြီး တစ်ကိုယ်လုံး ကိုပျံ့နှံ့သွာစေတာမို့ အာနိသင်လည်းရှိ ၊ အန္တရာယ်လည်းများတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ ဒါတွေကတော့ ယနေ့ကာလမှာ အဓိကသုံးစွဲနေကြတဲ့ကင်ဆာကုထုံးများပဲဖြစ်ပါတယ်။

ကင်ဆာဆေးမသွင်းခင် ဘာတွေပြင်ဆင်ထားရမလဲ

ကျယ်ပြန့်တဲ့မေးခွန်းတစ်ခုပါ ။ အကျဉ်းချုံးပြောရရင်တော့ လူနာရဲ့အသက်အရွယ် ၊ နောက်ခံရောဂါ အခြေအနေ များ အပေါ်မှာ မတည်တယ်ဆိုရမှာပဲ ။ နောက်တစ်ချက်က အသုံးပြုဖို့ရွေးချယ်ထားတဲ့ ကင်ဆာဆေးများအပေါ်မူတည်ပြီး ပြင်ဆင်ဖို့ဖြစ်ပါတယ် ။
အသက်ငယ်ရွယ်တဲ့လူငယ်လေးတွေမှာကင်ဆာကုတော့မယ်ဆိုရင် နောက်တစ်ချိန်မှာ သားသမီးရယူနိုင်ဖို့ သုတ်သွေးကို ကြိုတင်ထုတ်ယူစုဆောင်းထားတာမျိုးအထိပြင်ဆင်ထားဖို့လိုပါတယ် ။ ဒီမှာတော့ မလုပ်နိုင်သေးဘူးဆိုပေ မယ့် တစ်ချိန်မှာလုပ်ကြရတော့မှာပါ ။ လူနာရဲ့နောက်ခံရောဂါတွေကိုကြိုတင်လ့လာထားပြီး ဘယ်အင်္ဂါတွေမှာဖြင့် ဒဏ်ရာ တွေရှိတယ် ဆိုတာကို သိရှိထားဖို့လိုပါတယ် ။
အသုံးပြုမယ့်ကင်ဆာဆေးများရဲ့ထူးခြားတဲ့ဘေးထွက်ဆိုးကျိုးများအပေါ်မူတည်ပြီး လူနာအဖို့ ပြင်ဆင် ထားစရာ တွေလည်း ရှိပါတယ် ။  ဥပမာ-ရင်သားကင်ဆာလူနာများဆိုရင် နှလုံးညှစ်နှုန်းကို မဖြစ်မနေ စစ်ဆေးထားဖို့လိုပါတယ် ။ ရင်သားကင်ဆာများမှာ မပါမဖြစ်သုံးရတဲ့ Doxorubicin ဆိုတဲ့ဆေး ဟာ နှလုံးကိုဒုက္ခပေးတတ်လို့ပါ ။
အရေးကြီးဆုံးကတော့ကင်ဆာဆေးသွင်းလိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာပြီဆိုတာနဲ့ အဲဒီပြဿနာ ဟာ ကင်ဆာဆရာဝန်က ကြိုတင်အသိပေးထားပြီးသား ပြင်ဆင်ထားပြီး သား ပြဿနာဖြစ်နေ ဖို့လိုပါတယ် ။ ဒါမှသာ ကင်ဆာဆရာဝန်ဘက်က တာဝန်ကျေမှာဖြစ်ပါတယ် ။

ကင်ဆာလူနာတွေဘယ်လိုအစားအသောက်တွေကိုစားသောက်သင့်ပါသလဲ။

ခန္ဓာကိုယ်မှာအရေးကြိးတဲ့ အာဟာရတွေကအများသိကြတဲ့အတိုင်း ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ။ ကင်ဆာရောဂါစတင်စွဲကပ်လာပြီဆိုတာနဲ့ ကိုယ်အလေးချိန်ကျလာတတ် ပါတယ်။ ဥပမာ- အစာအိမ်ကင်ဆာလူနာများရဲ့ ၈၀ရာခိုင်နှုန်းဟာ ရောဂါမသိခင်မှာကိုပဲ ကိုယ်အလေးချိန် ကျဆင်းလာကြတာဖြစ်ပါတယ် ။ ဒီတော့ ကင်ဆာလူနာများဟာ ပုံမှန်လူများထက် အစာအာဟာရတွေ လိုအပ်နေကြတာပါ။

ကင်ဆာရောဂါကြောင့်လည်းကောင်း၊ ကင်ဆာကုထုံးတွေကြောင့်လည်းကောင်း၊ ကင်ဆာလူနာများမှာ အာဟာရ ချို့တဲ့နေတတ်ကြပါတယ် ။ Malnutrition ခေါ်တာပေါ့လေ ။ အထူးသဖြင့် အသားဓာတ်က ကင်ဆာလူနာများမှာသိသိသာသာကို ကျဆင်းနေတတ်ကြပါတယ် ။ တချို့ကင်ဆာဆေးများဟာ ကိုယ်ခန္ဓာထဲမှာ အလုပ်မလုပ်နိုင်တော့ဘဲ စုပုံပြီး အဆိပ် အတောက်ဖြစ်လာစေပါတယ် ။ ဒါကြောင့်မို့ ကင်ဆာလူနာများကိုသန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားသောက်မျိုးစုံကို စား သောက်ပြီး အထူးသဖြင့် အသားဓာတ်ပါဝင်တဲ့ အစားအသောက်များကို ပိုမိုစားသောက်သင့်ကြောင်း အကြံပေးလိုပါတယ် ။

ကင်ဆာလူနာများအတွက် Depression မရဖို့ ဘာကအရေးကြီးပါသလဲ ။

လူဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ ဓာတ်ကြီးတွနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ကင်ဆာဆာရာဝန်တွေဆေးကုပေးတယ်ဆိုတာ ဥတုကိုပဲ ပြင်ဆင်ပေးနိုင်တာပါ ။ ဘယ်လိုလူမျိုးမှာ ကင်ဆာဖြစ်မယ်ဆိုတာ လည်း အတိအကျမပြောနိုင်ဘူး ။ ကံတရားနဲ့အများကြီးသက်ဆိုင်နေတယ် ။ အနောက်တိုင်းပညာရှင်တွေကတော့ မျိုးဗီဇ များရဲ့ random mutation လို့ခေါ်ကြပါတယ် ။ မျိုးဗီဇအစီအစဉ်တွေ ပြုပြင်ပြောင်းလဲပြီး ကင်ဆာတွေဖြစ်လာကြတာမို့ပါ။ အာဟာရဆိုတာကလည်းအပေါ်ကဖြေဆိုခဲ့သလို လူနာကိုယ်တိုင်ကပဲ ဖြည်းဆည်းရမှာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ၀ိုင်းကူပေးကြတာပေါ့ ။
နောက်ဆုံးကျန်တဲ့ စိတ်ဆိုတဲ့ Factor ဟာလည်း ကင်ဆာကုသရေးမှာအလွန်အရေးကြီးပါတယ် ။ စိတ်ဖိစီးမှုများ တာဟာ ကင်ဆာနဲ့သွယ်ဝိုက်ဆက်စပ်နေသလို စိတ်ဓာတ်ကျပြီး မစားမသောက်၊ အိပ်ယာထဲဗုံးဗုံးလဲသွားတာဟာလည်း ကင်ဆာလူနာများအတွက် သက်တမ်းတိုစေမယ့် အကြောင်း တစ်ချက်ပါ ။ တစ်ခုတော့ရှိပါတယ် ။ နာတာရှည် နာကျင်မှုဝေဒ နာများ (Chronic pain) ကြောင့် တချို့ကင်ဆာလူနာတွေစိတ်ဓာတ်ကျဆင်းနေကြတာရှိပါတယ်။ ဒီလိုအခြေအနေမျိုးဆို ရင်တော့ ဆရာဝန်များအနေနဲ့ လူနာရဲ့ နာကျင်မှုဝေဒနာကို ထိန်းချုပ်ပေးနိုင်မယ်ဆိုရင်ဖြင့် စိတ်အားပြန်လည် တက်ကြ လာနိုင်တာမျိုးဖြစ်ပါတယ် ။

ကင်ဆာဆေးသွင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ပြောပြပေးပါဦးဆရာ။

ကင်ဆာဆေးများအားလုံးလိုလိုဟာ Cytotoxic ခေါ်တဲ့ အဆိပ်ဓာတ်တွေဖြစ်တဲ့ အတွက်ကြောင့် ဘေး ထွက်ဆိုး ကျိုးတွေ အနည်းနဲ့အများရှိနေတတ်ပါတယ် ။ ဒါကြောင့် ကင်ဆာဆေးများကို ကျွမ်းကျင်တဲ့ ဆရာဝန် ၊ သူနာပြုတွေရှိတဲ့ နေရာမှာ သွင်းသင့်တယ်လို့ပြောကြတာပါ ။  ကင်ဆာဆေးများကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးများဟာ လတ်တလော ချက်ချင်းဖြစ်တာရှိသလို၊ လပိုင်းလောက်ကြာသွားမှဖြစ်တာမျိုးလည်းရှိပါတယ်။ နှစ်နဲ့ချီကြာပြီးတော့မှ ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။
ကင်ဆာကုသဆေးများဟာ လျင်မြန်စွာပွားများနေတဲ့ ဆဲလ်ကလာပ်စည်းတွေကို အဓိကတိုက်ခိုက်တာမို့ ခံတွင်း၊ အစာအိမ်၊ အူလမ်းကြောင်းတစ်လျှောက်ကဆဲလ်တွေ၊ သွေးကြောထဲကသွေးဆဲလ်တွေကို အဓိကထိခိုက်စေတာဖြစ်ပါ တယ် ။ ဒါ့ကြောင့် ကင်ဆာဆေးတွေသွင်းပြီးတိုင်း ပါးစပ်မှာ အနာတွေပေါက်တယ် ၊ ၀မ်းတွေလျှောတယ် ၊ သွေးအားတွေ ကျပြီးသွေးတွေသွင်းရတယ် စသဖြင့်ဘေးထွက်ဆိုးကျိုးတွေကြုံနေရတာဖြစ်ပါတယ် ။
အဲဒီပြဿနာတွေအပြင် ကိုယ်တွင်းကလီစာတွေဖြစ်တဲ့ အဆုတ်။ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ ကိုယ်အင်္ဂါတွေကိုလည်း အနည်းနဲ့အများ အသုံးပြုတဲ့ကင်ဆာဆေးဝါးအပေါ်မူတည်ပြီး ထိခိုက်စေနိုင်ပါတယ် ။

ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းရပါသလဲဆရာ။

အလွန်ပြင်းထန်တဲ့ဆေးဝါးတွေဖြစ်တဲ့အတွက် ကင်ဆာဆေးများကိုအသုံးပြုတော့မယ်ဆိုတာနဲ့ ကြိုတင်ပြင်ဆင်မှု တွေပြုလုပ်ထားရပါတယ် ။ သွေးအားကောင်းမကောင်း ၊ လတ်တလော အဖျားဝင်နေတာ ရှိမရှိ ၊ ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကောင်းမကောင်း စသည်ဖြင့် စစ်ဆေးထားပြီး အားလုံးစိတ်ချရ ပြီဆိုတော့မှ ကင်ဆာဆေးများသွင်းရတာ ဖြစ်ပါ တယ် ။ ဒီလိုစနစ်တကျသွင်း တာတောင် မျှော်လင့် မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသေးတယ် ။ အမှန်တော့ ကင်ဆာဆေးသွင်းပြီး ကုသတဲ့ ဆရာဝန်ဟာ ကင်ဆာဆေးများရဲ့ဘေးထွက်ဆိုးကျိုးအမျိုးမျိုးကိုသိရှိပြီး ပြဿနာကုစားနည်း များကိုပါ ကျွမ်းကျင်နေဖို့လိုပါတယ် ။ ပြဿနာဖြေရှင်းနည်းတွေကတော့ ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးအခြေအနေပေါ် မူတည်ပြီး ကုသမှုအမျိုးမျိုးနဲ့ ဖြေရှင်းကြရတာဖြစ်ပါတယ် ။

ယခုလိုပြောကြားပေးသောဆရာ့ကို ကျန်းသုခ Health Guide မှ အထူးကျေးဇူးတင်ပါတယ်။

Dr လွှမ်းမိုးဟန် (ဆေးကုသမှုပါရဂူ - ပထမတန်း)
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ