အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ


လူတစ်ယောက်နဲ့ တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပါဘူး ။ တချို့လူတွေက တစ်ညမှာ ခြောက်နာရီ အိပ်ရုံနဲ့ အိပ်ရေးဝတတ်ပေမယ့် တချို့ကျတော့ ရှစ်နာရီနဲ့အထက်အိပ်မှ အိပ်ရေးဝတတ်ပါတယ် ။ ကျွမ်းကျင်သူတွေကတော့ တစ်ညမှာ အိပ်စက်ချိန် ခုနစ်နာရီမှ ကိုးနာရီရှိဖို့ အကြံပေးထားပါတယ် ။ အိပ်ရာကနေ လန်းလန်းဆန်းဆန်းနိုးလာပြီး တစ်နေ့လုံးလည်း တက်ကြွ လန်းဆန်းနေတယ်ဆိုရင် သင့်မှာကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုဆိုင်ရာ အလေ့အထ ရှိတယ်လို့ ပြောနိုင် ပါတယ် ။

၁။ လေ့လာခြင်းနှင့် မှတ်ဉာဏ်
အိပ်စက်မှုဟာ ဦးနှောက်ကနေ မှတ်ဉာဏ်ဆီကို သတင်းအချက်အလက် အသစ်တွေ ပို့ပေးနိုင်အောင် ကူညီပါတယ် ။ စာမေးပွဲ၊ အလုပ်အသစ်စတဲ့ စိန်ခေါ်မှုတခုခုမလုပ်ခင် ညမှာကောင်းကောင်း အိပ်စက် ထားသူတွေဟာ ညမှာ အိပ်ရေးမဝထားသူတွေထက် ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင် ပါတယ် ။ လေ့လာမှုများစွာက တစ်ညလုံး အိပ်ရေးဝဝအိပ်ပြီးတဲ့အခါ လူတွေမှာ ပြဿနာ ရင်ဆိုင်နိုင်တဲ့ စွမ်းအားသစ်နဲ့ အမြင်သစ်တွေ ရရှိအောင်မြင်ကြောင်း ဆိုပါတယ် ။

၂။ ကိုယ်အလေးချိန်
အကြာကြီးအိပ်ပျက်တာဟာ ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်သိုလှောင်မှုများခြင်းနဲ့ စိတ်ဖိစီးမှုဟော်မုန်းကော်တီဇုန်း ထွက်ရှိမှုများခြင်းကြောင့် ကိုယ်အလေးချိန်မြင့်တက် စေနိုင် ပါတယ် ။ ကော်တီဇုန်းဟော်မုန်းများတာဟာ ဝမ်းဗိုက် အဆီများခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အိပ်ရေးပျက်ရင် ဆာလောင်မှု ဖိနှိပ်ပေးတဲ့ Leptin ဟော်မုန်းနည်းသွားပြီး ဆာလောင်မှုဖြစ်စေတဲ့ Ghrelin ဟော်မုန်း အထွက်များစေတဲ့အတွက် ပိုစားဖြစ်တာပါ ။

၃။ ဘဝအရည်အသွေး
ကြာရှည်အိပ်ရေးပျက်ခြင်းနဲ့ ခဏတာအိပ်ရေးပျက်ခြင်းတွေဟာ စိတ်မရှည်မှု၊ ဒေါသ၊ အာရုံစူးစိုက် အားနည်းခြင်း ၊ စိတ်တိုစိတ်ဆတ်ခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ အချိန်မဖြုန်းချင်ရင် အိပ်စက်အနားယူသင့်ပါတယ်။ အိပ်ရေးပျက်တာဟာ ပင်ပန်းစေသလို အလုပ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။

၎။ ကိုယ်ခံစွမ်းအား
အိပ်ရေးပျက်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ပြောင်းလဲစေပါတယ်။ အိပ်ရေးပျက်တာများလို့ ကိုယ်ခံစွမ်းအား ကျရင် အအေးမိခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးကွေးခြင်း စတာတွေ ဖြစ်လွယ်တတ်ပါတယ်။

၅။ နှလုံးနှင့် အဆုတ်ကျန်းမာရေး
အကြာကြီး အိပ်ရေးပျက်တာက နှလုံးနဲ့ အဆုတ်ကျန်းမာရေးအပေါ် ဘယ်လောက်များများ ထိခိုက်စေတယ် ဆိုတာ အတိအကျတော့ မသိသေးပါဘူး။ ဒါပေမယ့် အိပ်ရေးပျက် တာများ ရင် သွေးဖိအားမြင့်တက်ခြင်း နဲ့ နှလုံးခုန်နှုန်း ပုံမမှန်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးမဝတာကြောင့် စိတ်ဖိစီးမှုဟော်မုန်း များခြင်းနဲ့ ရောင်ရမ်းမှုဖြစ်စေပြီး ဒီအကြောင်းရင်း နှစ်ချက်ဟာ နှလုံးရောဂါထခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။

၆။ ဘေးကင်းလုံခြုံမှု
အိပ်ရေးဝတာဟာ မတော်တဆ ထိခိုက်မှု ဘေးအန္တရာယ်ကို ကာကွယ်ပေးပါတယ်။ အိပ်ရေးပျက်ပါများရင် သတိ လစ်ဟင်းမှုတွေ ဖြစ်လာပြီး လိမ့်ကျခြင်း၊ လဲကျခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ မတော်တဆ ထိခိုက်မှုတွေ အဖြစ်များ ပါတယ်။ အိပ်ရေးမဝခြင်းနဲ့ အိပ်ငိုက်ခြင်းတို့ကြောင့် နှစ်စဉ် အမေရိကန်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းကျော် ဖြစ်ပွားနေကြောင်း အမျိုးသားအဝေးပြေးယာဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ