လက်တွေ့အသုံးချဆေးနည်းတိုများ (၁၈)


ဆရာခင်ဗျာ၊ ဆောင်းတွင်းနံနက်စောစောမှာ အလုပ်မသွားမီ ရေချိုးပါတယ်။ အအေးဒဏ်ကို မခံနိုင်လို့ ရေနွေးစပ်ချိုးပါတယ် ။ တချို့ကပြောတော့ ရေနွေးစပ် ချိုးတာကြာရင် မျက်စိကို ထိခိုက်တယ် ဆိုတာ မှန်ပါ သလားဆရာ။

ဆောင်းဥတုမှာ ရေနွေးချိုးတဲ့သူများဟာ နှာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်း၊ ဇက်ကြောတက်ခြင်း၊ ခါးနာခြင်း၊ ဒူးနာခြင်း ဖြစ်လေ့ရှိပါတယ်။ အခန့်မသင့်ရင် မျက်စိကျိန်းစပ်ခြင်း ၊ မျက်စိနီခြင်းများလည်း ဖြစ်နိုင်ပါတယ် ။ အအေးမမိစေရန် ရေအေးကို ရေနွေးစပ်ပြီး ချိုးနိုင်သော်လည်း ရေပူဖြစ်အောင် မစပ်သင့်ပါ။ လူငယ် လူလတ်ပိုင်း များမှာ သဘာဝအတိုင်း ရေအေးကိုသာ ချိုးသင့်ပါတယ်။ ရှေးလူကြီးများက စီးဆင်းနေသော မြစ်ရေ ၊ ချောင်းရေကို ချိုးရင် အန္တရာယ်မရှိ ။ ငြိမ်နေသော တွင်းရေ၊ ကန်ရေကိုချိုးရင် ဖျားနာတတ်တယ်လို့ဆိုပါတယ်။ ရေပေးရေးမှ ပေးသော ရေပိုက်များမှ ရေများသည် စီးဆင်းနေသော ရေမျိုးဖြစ်သဖြင့် ရေနွေးမစပ်ဘဲ ချိုးနိုင်ပါသည် ။

မင်္ဂလာပါ ဆရာကြီးရှင့်။ သမီးအသက် ၂၅ နှစ်ရှိပါပြီ။ အိမ်ထောင်ကျကျချင်းမှာ ကလေးရခဲ့ဖူးပါတယ်။ ဒါပေမယ့် ပျက်ကျသွားလို့ သားအိမ်ခြစ်လိုက်ရပါတယ်။ တားဆေးသုံးခါထိုးပြီးတော့ ကလေး လိုချင်လို့ ဆေးဖြတ် ခဲ့ပါတယ် ။ အခုဆို ဆေးဖြတ်တာ တစ်နှစ်ခွဲရှိပါပြီရှင့်။ သမီးတို့ အိမ်ထောင်သက် လည်း နှစ်နှစ်ပြည့်ခဲ့ပါပြီ ။  သမီး ဖောလစ်အက်စစ်နဲ့ Eve-500 သောက်တာလည်း ကြာပါပြီ။ အခုထိ မထူးခြားသေးပါဘူး ဆရာရှင့်။ အမျိုးသားကိုလည်း ခွေးလှေးယားသီးအနက်စေ့ လှော်ကျွေးပါတယ် ဆရာ။ သမီးဓမ္မတာလာတာလည်း မှန်ပါတယ် ဆရာ။ သမီးကို အကြံဥာဏ်လေးများ ပေးပါလို့ လေးစား စွာဖြင့် အကူအညီ တောင်းပါတယ်ရှင့် ။

ရနိုင်ပါတယ်။ ဝလာလား။ ဝလာတယ်ဆိုရင် သားအိမ် လမ်းကြောင်းပွင့်အောင် ဝါးရွက်ပြုတ်သောက်ပါ။ ဝါးရွက် ၁ဝ ရွက်လောက်ကို ကပ်ကြေးနဲ့ ပါးပါးညှပ်၊ ရေနွေးမတ်ခွက် တစ်လုံးခွဲစာနဲ့ သုံးခွက်တစ်ခွက်တင် ကုန်အောင် ပြုတ်ပါ။ တစ်နေ့ မတ်ခွက်တစ်လုံးစာကုန်အောင် ဖြည်းဖြည်းချင်းသောက်ပါ။ ပျားရည်တစ်ဇွန်း ထည့်သောက်ရင် ပိုကောင်းပါတယ်။ ဘယ်ဝါးရွက်မဆို ရပါ တယ်။ ကြခတ်ဝါးရွက်ကတော့ အကောင်း ဆုံးပါ ။ ဘေး ထွက်ဆိုးကျိုး မရှိပါ ။

ကလေးက အသက် ရှစ်လပါဆရာ။ ကလေး စအိုရောင် နေလို့ပါ။ ဆေးနည်းလေး ညွှန်ပေးပါ။

ပျားရည်နှင့် အုန်းဆီ ရောစပ်လိမ်းပေးပါ။

ဆရာရှင့် ကလေးစအိုရောင်တာ ကောင်းသွားပါပြီ။ ဝမ်းက တစ်ပတ်ရှိပြီ။ သွားနေတုန်းပါ။ လေနဲ့ဝမ်း မကွဲဖြစ်နေလို့ပါ။ လေထွက်ရင် ဝမ်းကပါနေလို့ပါ။ ဘာဆေး တိုက်ရမှန်း မသိလို့ပါ ဆရာ။ ကလေးက အသက်ရှစ် လပါ။ ဝမ်းပျက်နေတယ်ထင်လို့ပါ ဆရာ။ ဆေးနည်း လေး ညွှန်ပေးပါဆရာ။

လက်ဖက်ခြောက် တစ်ဇွန်းကို သကြားနှစ်ဇွန်းစပ်၊ ရေနွေးမတ်ခွက် တစ်လုံးမှာ ဖျော်၊ ဆားလှော် အနည်းငယ်ထည့် အအေးခံထား၊ ဇွန်းသေးသေးနဲ့ တဖြည်းဖြည်းချင်း ကုန်နိုင်သလောက် ဝင်အောင် တိုက်ပါ ။ လေ ဝမ်းကွဲလာပါလိမ့်မယ်။ ကလေးကို ဝမ်းပိတ်ဆေး မတိုက်သင့်ပါ။

ဆရာ ကျွန်မသမီးလေး ရေချိုးမှားပြီိး ကိုယ်လေးနည်းနည်းနွေးနေလို့ မြန်မာဆေးနည်းလေးရှိရင် ပြောပေး ပါဦးဆရာ။ ချောင်းလည်း နည်းနည်းဆိုးနေပါတယ် ဆရာ။

ကွမ်းရွက် တစ်ရွက်၊ ချင်းပါးပါးလှီး ခုနှစ်လွှာ၊ ထန်းလျက် သုံးခဲ၊ ရေနွေးမတ်ခွက် တစ်ဝက်နဲ့ ရောကျိုပါ။ ဆားအနည်းငယ်ထည့်ပါ။ ခပ်နွေးနွေး သုံးဇွန်းလောက် တိုက်ပေးပါ။ တစ်နေ့ လေးကြိမ်တိုက်နိုင်ပါတယ်။

ဆရာကြီးရှင့် သမီးလေးက အသက် သုံးနှစ်ပြည့်ပါ တော့မယ်။ စကားကောင်းကောင်း မပြောသေးဘူး။ ဘာလုပ်ပေးရမလဲ ဆရာကြီးရှင့်။

ကြက်ဟင်းခါးရွက် အရည်ညှစ် ကလေးလျှာပွတ်ပေး ပါ။ ခါးလို့ထွေးရင် စကားပြောလာပါလိမ့်မယ်။

ဆရာ သမီးရဲ့လည်ချောင်း နာနေပါတယ်။ ပါးစပ်ဟ ကြည့်လိုက်ရင် ဖြူဖြူအဖတ်တွေ တွေ့ရပြီး အာသီးက ရဲနေပါတယ်။ ဘယ်လိုဆေးတွေ သောက်ရမလဲ ညွှန် ကြားပေးပါဦး။

အာသီးရောင် ရောဂါဖြစ်နေတာပါ။ ရေနွေးကြမ်း အဖန်ရည်မှာ ဆားထည့်ဖျော်ပြီး အာလုပ်ကျင်းပေးပါ။ သင်္ဘောရွက်ပြုတ်ရည်မှာ ပျားရည်တစ်ဇွန်းထည့် သောက်ပါ။ ညအိပ်ရာဝင် ခြေဖဝါးဆားပွတ် ဒူးအထက် ကနေ အောက်ကို ရေလောင်းခြေဆေးပါ။ စပါးကြီး သည်းခြေ ငရုတ်ကောင်းစေ့လောက်ကို ရေနွေးနဲ့ဖျော်
အာလုပ်ကျင်းပေးရင် နာတာရှည်အာသီးရောင် ရောဂါ ပျောက်ပါတယ်။

ဆရာ ကလေးက တစ်နှစ်နဲ့ နှစ်လပါ။ နှာရည်ယိုပြီး ချောင်းဆိုးနေပါတယ် ဆရာ။ ဆေးနည်းလေး ညွှန်ကြား ပေးပါဦး။

ကွမ်းရွက်နဲ့ ဆားကိုထုပ် မီးဖုတ်ပါ။ အဲဒီ ဆားမီးဖုတ်ကို သံပရာရည်နဲ့ဖျော် လျက်ခိုင်းပါ။ နှာရည်ယိုပျောက်ဖို့ အတွက် ကွမ်းရွက်မီးကင် အရည်ညှစ်၊ အုန်းဆီနဲ့ရော ကလေးငယ်ထိပ်မှာ လိမ်းပေးပါ။

ဆရာရှင့်၊ ကျွန်မက အသက် ၃၇ နှစ်ပါ။ ပြီးခဲ့တဲ့လက သွေးဆင်းတာ တစ်မနက်ပိုင်းမှာ ဆင်းပြီး ရပ်သွားပါ တယ်။ နောက်ရက်မှာ အဖြူဆင်းလာပါတယ်။ တစ်
ပတ်ကျော်ဆင်းနေပါတယ်။ အဖြူဆင်းတာ အန္တရာယ် ရှိပါသလား။ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

အဖြူဆင်းတာအတွက် မီးကွင်းဂမုန်းရွက်ကို သုပ်စားပါ။ အပူအစပ်တွေ ရှောင်စားပါ။ ရက်ရှည် အဖြူဆင်းနေရင် အုန်းသီးအနုမှ အုန်းစိမ်းရည်သောက်ပါ။ သွန်မချပါနဲ့ အုန်းသီးမှာ ပိုက်တပ်ပြီး သောက်ပါ။ လေသလပ်ရင် အုန်းရည် ချဉ်တတ်ပါတယ်။ အုန်းစိမ်းရည်ဟာ ဝမ်းတွင်းက အပူတွေကိုငြိမ်းစေပြီး မီးယပ်ဖြူဆင်းတာကို သက် သာစေနိုင်ပါတယ်။

ကန်တော့ပါ ဆရာ။ သမီးက ဓမ္မတာခါနီးရင် ရင်သားတွေ နာတတ်ပါတယ်။ အခုတစ်ကြိမ် မှာတော့ တော် တော်ကိုက်လို့ပါ။ ရင်သားတင်မကဘူး လက်မောင်း တွေပါ ကိုက်ခဲနေတာပါဆရာ။ ဘာလုပ်သင့်ပါသလဲ။

ချင်းပါးပါးလှီး ခုနှစ်လွှာ၊ ကွမ်းရွက်တစ်ရွက်၊ ထန်းလျက် ငါးခဲ၊ ရေနွေးမတ်ခွက်တစ်လုံးနဲ့ ရောကျိုပါ၊ ရေနွေးလက်တစ်လုံးလောက် ခန်းသွားအောင်ကျိုပါ။ ဆားလှော် အနည်းငယ်ထည့်ပြီး တဖြည်းဖြည်းကုန်အောင်သောက်ပါ။ ရင်ဘတ်နဲ့ လက်မောင်းတွေကို နလင်ကျော်တုံး သွေးလိမ်းပါ။

ဆရာခင်ဗျာ ကျွန်တော့်သမီးလေးက အသက် ခြောက် လပါဆရာ။ ကလေးဝမ်းမသွားတာ သုံးရက်ရှိပါပြီ။။ ဘယ်လိုလုပ်ရမလဲဆရာ။

မုန်ညင်းဆီကို မီးနဲ့ခပ်နွေးနွေး အပူပေးပြီး ကလေးရဲ့ ဝမ်းဗိုက်ချက်တိုင်ကို ပတ်လိမ်းပေးပါ။ လက်ယာရစ် လိမ်းပေးပါ။ ကွမ်းရိုးရှာ အုန်းဆီနဲ့တို့ပြီး ကလေးရဲ့ စအိုပေါက်ထဲထည့် ကလိပေးပါ။ လေချုပ်ရင် လေထွက် ပြီးနောက် ဝမ်းလိုက်လာပါလိမ့်မယ်။

ဆရာရှင့်၊ ကျွန်မအဒေါ်က အပူများပြီး ညဘက်အိပ်ရင် ခေါင်းချွေးတွေထွက်လို့ ဘယ်လို ပြုလုပ်ရမယ်ဆိုတာ ပြောပြပေးပါရှင့်။

အောက်ကို အပူလည်အောင် ညအိပ်ရာဝင်ခါနီး ခြေဖဝါးဆားပွတ် ဒူးအပေါ်ကနေ အောက်ကို ရေလောင်း ခြေဆေး ညစဉ်ပြုလုပ်ပေးပါ။ အိပ်ရာဝင်ခါနီး ရေအေး
တစ်ခွက်သောက်အိပ်ပါ။ ခေါင်းချွေးထွက် သက်သာ လာပါလိမ့်မယ်။

ဆရာခင်ဗျာ၊ အဆုတ်ကျန်းမာဖို့ တိုင်းရင်းဆေး သောက်လိုပါတယ်။ ကျွန်တော့်အသိ ဦးပဉ္ဇင်းမှာ ရင်ကျပ်ရောဂါ ဖြစ်နေလို့ပါ။ ဦးပဉ္ဇင်း အိန္ဒိယကို ပညာသင်မသွားခင် ပျောက်စေချင်လို့ပါ။

ဘုရားပန်းအိုးထိုးတဲ့ ဇော်ဂျီတောင်ဝှေးပင်ကိုရှာပါ။ အရွက်က အနီရောင်မှာ အစိမ်းရောင်အနားကွပ်နဲ့ အရိုးက ထီးရိုးလို သုံးပေလောက်မြင့်ပါတယ်။ အရွက် ဒါမှမဟုတ် အရိုးပါပြုတ်သောက်ပါ။ မှန်ရောင်သကြားခဲ (ပရဆေးဆိုင်မှာဝယ်) ထည့်ပြုတ်ရင် ပိုကောင်းပါတယ်။ ပြုတ်ရည် တစ်နေ့ကို မတ်ခွက်တစ်လုံးလောက်
သောက်နိုင်ပါတယ်။ စာရေးဆရာဓူဝံ လက်တွေ့ပျောက်တဲ့ နည်းလမ်းဖြစ်တယ်။

ဆရာ သမီးက ကျောက်ကပ်ရောင်နေတာပါ။ ဘာတွေ ရှောင်သင့် ဆောင်သင့်လဲ သိချင်လို့ပါ။ ကျေးဇူးတင်စွာ ဖြင့်။

ပူစပ်တာ၊ လေပွတာ၊ တညင်းသီး၊ ကောက်ညှင်း စေးကပ်တာတွေကို ရှောင်ရပါမယ်။ အင်္ဂလိပ်ဆေး၊ အကိုက်အခဲပျောက်ဆေးများများသောက်တာလည်း ရှောင်ရပါမယ်။ အရောင်ဆိုးဆေးသုံးထားတဲ့အစားအစာတွေ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရယ်ဒီမိတ် အစားအစားတွေ၊ အကင်ဆိုင်က အကင်တွေ၊ အချဉ်ပေါင်းတွေ၊ ဝက်သားတုတ်ထိုးလို ပြန်ပြန်နွှေးရောင်းတဲ့ အစားအသောက်တွေ၊ မှိုတက်တယ်လို့ သံသယဖြစ်ဖွယ်အစာတွေ၊ ပုပ်ငန်တဲ့ အစာဖြစ်တဲ့ ငါးခြောက်၊ ငါးပိ
ကောင်၊ ငံပြာရည် စတာတွေ၊ အနီရောင်ရှိတဲ့ ခြေလေးချောင်းသား၊ ပဲပင်ပေါက်၊ ပဲတီချဉ်၊ မျှစ်၊ မျှစ်ချဉ်၊ ငါးချဉ်၊ လက်လုပ်ချဉ် စတာတွေအပြင် မလတ်ဆတ်တဲ့
ရေခဲရိုက်ထားတဲ့ အစားအစာတွေ အားလုံးရှောင်ရပါမယ်။ ကျောက်ကပ်ရောင်တာ ကောင်းသွားရင်တောင် သုံးလကြာတဲ့ထိ မစားရပါ။ စားသင့်တဲ့အစာက ငါးကို ပေါင်းစားပါ။ ကကတစ်ငါးဆိုရင် ကျောက်ကပ်ရောင်တာ ကောင်းစေတယ်။ ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းစားပါ။ ပဲများများစားပါ။ ရှောက်သီးနဲ့ ခါကြက်ဥ ဖျော်ရည်သောက်ပါ။ ငါးဆန်ပြုတ်သောက်ပါ။ ကျောက်ဖရုံသီးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် ဟင်းချိုချက်သောက်ပါ။ ကျောက်ဖရုံသီးဟာ ကျောက်ကပ်ကို
သန့်စင်စေပါတယ်။ ပန်းသီးကို ဖျော်ရည်လုပ်သောက် ပါ။ ငှက်ပျောသီး ဖီးကြမ်းကို မီးကင်စားပါ။ နဂါးမောက် သီးအနီရောင်က ကျောက်ကပ်နဲ့တည့်တယ်။ လိမ္မော်သီး၊ စပျစ်သီး၊ ကမ္ဗလာသီးတွေ စားပါ။ ရေကို ကျိုချက်ပြီး ရေကျက်အေးလုပ်သောက်ပါ။ ရေခဲရေ မသောက်သင့်ပါ။

ဆရာရှင့်၊ ကျွန်မကို ကူညီပေးပါ။ ကျွန်မ လက်သန်း ဓားရှပါတယ်။ အသားပဲ့သွားပါတယ်။ ကျွန်မ သူများ နိုင်ငံရောက်နေတာပါ။ ဆေးခန်းမသွားနိုင်တော့ မေးခိုင်ပိုး ကာကွယ်ဆေးလည်း မထိုးရပါဘူး။ အရက်ပြန်နဲ့ ဆေးရည်အနီရောင် (သူများပေးတာ)ထည့်ပြီး အကိုက်အခဲပျောက်ဆေး သောက်ထားပါတယ်။ အလုပ်နားရင် သူဌေးကလစာဖြတ်လို့ အလုပ်လည်း မနားရဲဘူး။ အခု ပြည်စတည်နေပါပြီ။ ဘယ်လိုလုပ်သင့်ပါသလဲရှင့်။

ပျားရည် ရှိပါသလား။ ပျားရည်စစ်စစ်က အနာမရင်းဘူး။ အရက်ပြန်က အနာရင်းတယ်။ မေးခိုင်ပိုးမဝင်နိုင်အောင် သံပရာသီးအရည် ညှစ်ချလိုက်ပါ။ နည်းနည်း
စပ်တာ အောင့်ခံပါ။ ပြီးရင် ပျားရည်စိမ့်ဝင်အောင်လိမ်းပြီး ပတ်တီးပတ်ထားပါ။ ရေမထိပါစေနဲ့။ နနွင်းမှုန့်ရှိရင် ကော်ဖီဇွန်းတစ်ဇွန်းလောက် မန်းဆေးအဖြစ် သောက်ပါ။ ညှော်မမိပါစေနဲ့။

ဆရာကြီးရှင့် ကျွန်မတို့ ဇနီးမောင်နှံက မလေးရှားမှာ နေပါတယ်။ အိမ်ထောင်ကျတာ ငါးနှစ်ကျော်ပါပြီ။ ကလေးမရသေးပါရှင့်။ ပြီးခဲ့တဲ့လက ဆေးစစ်ကြည့် တော့ အမျိုးသားက ကလေးလုံးဝမရနိုင်တာမဟုတ် ဘဲနဲ့ သုက်ကောင်အားနည်းတယ်လို့ အဖြေထွက်ပါတယ်။ ကျွန်မကတော့ အားလုံးကောင်းပါတယ်တဲ့။ အဲဒါ ဒီကဆရာဝန်တွေက အမျိုးသားအတွက် ဆေးမပေးပါဘူး။ ကျွန်မကိုပဲ ဆေးပေးပါတယ်ဆရာ။ အမျိုး သားအတွက် ဆေးနည်းလေးများရှိရင် ပေးပါလား ဆရာ။ ကျွန်မတို့ ဇနီးမောင်နှံက ကလေးတအား လို ချင်နေလို့ပါ။ ကျွန်မ အသက်က ၃၄ နှစ်ပါ။ အမျိုးသားအသက်က ၂၈ နှစ်ပါ ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

ခွေးလှေးယားသီးအစေ့ကို နွားနို့နဲ့ပြုတ်ပြီး ပြန်လှော်စားရင် အမျိုးသားသုက်ပိုး အားကောင်းပါတယ် ။ မြန်မာနိုင်ငံမှာ ခွေးလှေးယားစေ့ (အယဉ်) အပင်တွေကို အခု စီးပွားဖြစ် စိုက်ပျိုးနေကြတာမို့ နေရာ အတော်များများမှာ အားဆေးအဖြစ် ရောင်းချနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံကို မှာယူရင် ရနိုင်ပါတယ်။ ခွေးလှေးယားသီးအစေ့ ကို နွားနို့နဲ့ပြုတ်ပြီး အဆိပ်အတောက် ကင်းစင်အောင် သုဒ္ဓပြုလုပ်တာ အာယုဗေဒကျမ်းလာနည်းပါ။ များများစားရင် တောက်တတ်ပါတယ်။ နှလုံးခုန်ချိန်များပြီး အန်တတ်ပါတယ်။ တစ်ကြိမ်စားရင် သုံးစေ့မှ ငါးစေ့ တစ်နေ့ နှစ်ကြိမ်ထက်ပိုမစားသင့်ပါ ။ အိန္ဒိယအာယုဗေဒဆေးကျမ်းများမှာတော့ သုက်ပွားပြီး အားတိုးစေဖို့ ခွေးလှေးယားသီး(အရိုင်း) အစေ့ကိုပဲ ညွှန်တာလည်း တွေ့ရပါတယ် ။ သုတေသနပြုကြည့်မှ အယဉ်နဲ့ အရိုင်းအာနိသင်ကွဲပြားမှုကို သိရမှာဖြစ်ပါတယ်။

ဆရာကြီးခင်ဗျာ။ ညာဘက်နား လေခိုသလို ခံစားရပါ တယ်။ ဆေးနည်းလေး ကူညီပါဦး။

ရွက်ကျပင်ပေါက် မီးကင်အရည်ညှစ် နားထဲထည့်ပါ။ (တစ်နည်း) မုန်ညင်းဆီတွင် ချင်းတက်ပါးပါးလှီး သုံးလွှာလောက်ထည့် မီးနဲ့ချက်ပါ။ အဲဒီဆီနဲ့ နားကျပ်တံသုံးပြီး နားကျပ်ပေးပါ။ နားပြန်ကြားရတတ်ပါတယ်။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ