အစားအစာတွင် ပါဝင်သော အမျှင်ဓာတ်နှင့် ကျန်းမာရေး


အစားအစာတွင် ပါဝင်သော အမျှင်ဓာတ်နှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာခင်မောင်လွင်(Fame)နှင့် မြဝတီအဖွဲ့ တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

မေး ။ ။ ဆရာခင်ဗျာ။ ကျွန်တော်တို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ လူတွေအတွက် ဘယ်နည်းဘယ်ပုံ အကျိုးပြု နေကြတယ် ဆိုတာ ဆွေးနွေးချင်ပါတယ် ဆရာ။ ပထမဆုံး အနေနဲ့ ဒီအမျှင်ဓာတ်ရဲ့အဓိပ္ပာယ် ဖွင့်ဆိုချက်လေးကို အရင်ဆုံး သိပါရစေ။
ဖြေ ။ ။ အင်မတန် ကောင်းတဲ့ ခေါင်းစဉ်လေးပါ။ ကျွန်တော်တို့ လူတွေ နေ့စဉ် စားသုံးနေတဲ့ အာဟာရ ဓာတ်တွေကို အုပ်စုတွေ ခွဲကြည့်ရင်-
(၁) ကာဗိုဟိုက်ဒရိတ်ဓာတ်၊
(၂) ပရိုတင်းဓာတ်၊
(၃) အဆီဓာတ်၊
(၄) ဗီတာမင်ဓာတ်၊
(၅) သတ္တုဓာတ်၊
(၆) ရေဓာတ်၊
(၇) အမျှင်ဓာတ် ဆိုပြီး အုပ်စုကြီး ခုနစ်ခု ရှိတဲ့အနက် အမျှင်ဓာတ်ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဓာတ်တစ်မျိုးလို့ ပြောနိုင်ပါတယ်။

''အမျှင်ဓာတ်ဆိုတာ များသောအားဖြင့် Starch မဟုတ်တဲ့ ပေါ်လီဆက်ခရိုက်တစ်မျိုး ဖြစ်ပြီး စားလိုက်ရင် ကျွန်တော်တို့ရဲ့ အူနဲ့ အစာလမ်းကြောင်း တစ်လျှောက်မှာ အလွယ်တကူ မကြေညက်နိုင်တဲ့ အာဟာရဓာတ် တစ်မျိုးလို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်''
မေး ။ ။ အစားအစာမှာ ပါဝင်တဲ့ အမျှင်ဓာတ်က တစ်မျိုးတည်းလား ဒါမှမဟုတ် အမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိတယ် ဆိုတာလည်း သိပါရစေ။
ဖြေ ။ ။ အမျှင်ဓာတ် ဆိုတာကတော့ အားလုံးကိုစုပြီး ပေးထားတဲ့ နာမည် ဖြစ်ပါတယ်။ အဓိက အားဖြင့် အုပ်စု နှစ်စု ခွဲထားပါတယ်။
(၁) အပင်ကရတဲ့ အမျှင်ဓာတ်
(၂) သတ္တဝါကရတဲ့ အမျှင်ဓာတ် ဆိုပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ စားနေတဲ့ အစား အစာတွေထဲမှာ ပါဝင်နေတဲ့ အမျှင်ဓာတ်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ အပင်ကနေ ရရှိတာ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကို ရေမှာ ပျော်ဝင်နိုင်မှုပေါ် မူတည်ပြီး ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ ရေမှာ မပျော်ဝင်တဲ့ အမျှင်ဓာတ် ဆိုပြီး ထပ်ခွဲ ထားပါတယ်။
ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်အနေနဲ့-
ဥပမာ- ပန်းသီးမှာပါတဲ့ အမျှင်ဓာတ်တချို့ ဖြစ်ပါတယ်။
ရေမှာ မပျော်ဝင်တဲ့ အမျှင်ဓာတ်တွေ ကတော့- ဥပမာ-ဟင်းရွက်စိမ်းတွေမှာ ပါတဲ့ အမျှင်ဓာတ်မျိုးကို ပြောတာပါ။ အဲဒီလို ရေမှာ ပျော်ဝင်ခြင်း၊ မပျော်ဝင်ခြင်း ဂုဏ်သတ္တိပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး ပေါ်မှာ အကျိုး သက်ရောက်မှုလည်း ကွာခြား သွားပါတယ်။
သတ္တဝါကနေရတဲ့ အမျှင်ဓာတ်တွေကတော့ ပုစွန်အခွံ၊ ကဏန်းအခွံတွေမှာ ပါတဲ့ ခိုင်တင်နဲ့ ခိုက်တိုဆန်တို့ပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အဏုဇီဝ မှိုလေးတွေရဲ့ ဆဲလ်နံရံမှာလည်း တွေ့နိုင်ပါတယ်။ ကိုလာဂျင်တို့၊ ဂျလတင်တို့ ကလည်း အမျှင်ဓာတ်တွေ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီ အမျှင်ဓာတ်တွေဟာ ကျွန်တော်တို့ လူတွေရဲ့ ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပြုပါသလဲ ဆရာ။
ဖြေ ။ ။ ဒီကနေ့ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခြင်း မရှိတဲ့ ရောဂါတွေ ဖြစ်တဲ့ အဝလွန်ရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါတွေဟာ ပိုပြီး အဖြစ်များ လာတာကို တွေ့ရပါတယ်။ အဲ့ဒီ ရောဂါဖြစ်ပွားနေတဲ့ သူရဲ့ အစားအသောက်တွေကို လေ့လာကြည့်တဲ့ အခါမှာ အမျှင်ဓာတ် စားသုံးမှု သိသိသာသာ လျော့နည်း နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အမျှင်ဓာတ် စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အနေနဲ့-
(၁) ဆီးချိုသွေးချိုရောဂါ အမှတ် (၂)ကို ကာကွယ် ကုသရာ၌ အထောက်အကူ ပြုခြင်း၊
(၂) အဝလွန်ရောဂါကို ကာကွယ် တိုက်ဖျက်ရာမှာ အထောက်အကူ ပြုခြင်း၊
(၃) သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးရောဂါ ကာကွယ် ကုသရာမှာ အထောက်အကူ ပြုခြင်း၊
(၄) အူနဲ့ အစာလမ်းကြောင်း တစ်လျှောက် ရောဂါများ မဖြစ်ပွားအောင် အထောက် အကူ ပြုခြင်း၊
(၅) ပရိုဘိုင်အိုတစ် ဗက်တီးရီးယားများ ပွားများစေရန် အထောက်အကူ ပြုခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

မေး ။ ။ ဆီးချိုသွေးချို ရောဂါသည်တွေ အနေနဲ့ အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေ စားရင် ဘယ်လိုများ အကျိုးရှိတယ် ဆိုတာ သိပါရစေ။
ဖြေ ။ ။ အမျှင်ဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေဟာ ဆီးချိုသွေးချို ရောဂါသည်တွေကို ဂလူးကို့စ်တွေ အရမ်းတက်မလာအောင် ထိန်းချုပ်ရာမှာ သိပ်ကို ထိရောက်ပါတယ်။ ပထမဆုံး အနေနဲ့ ကျွန်တော်တို့ ထမင်းစားတဲ့ အခါ ထမင်းချည်း သက်သက် အမျှင်ဓာတ် မပါဘဲ စားခဲ့ရင် အစာအိမ် ကနေ မြန်မြန် ခြေဖျက်၊ အူနံရံကနေ မြန်မြန် စုပ်ယူပြီး အသည်းကို မြန်မြန် ရောက်ပါတယ်။ အသည်းကနေ နောက်ဆုံး ဂလူးကို့စ် အဖြစ် ပြောင်းလဲ လိုက်တဲ့အခါ သွေးထဲမှာ ဂလူးကို့စ်တွေ ရုတ်ခြည်း တက်လာပါတယ်။ အဲဒီအချိန်မှာ ဂလူးကို့စ်တွေကို ဆဲလ်တွေထဲ ဝင်ဖို့ အင်ဆူလင်တွေ အများကြီး လိုလာ ပါတယ်။ အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယမှာ ရှိတဲ့ ဘီတာဆဲလ်လေးတွေကို အင်ဆူလင် မြန်မြန် ထုတ်ပေးဖို့ အတင်း ခိုင်းတဲ့အခါ ဘီတာဆဲလ်လေးတွေ ကလည်း ဆီးချိုဝေဒနာသည်တွေမှာ အလုပ် ကောင်းကောင်း မလုပ်နိုင်တော့ သွေးထဲမှာ ဂလူးကို့စ်ဓာတ်တွေ မတရား များလာတတ်ပါတယ်။ အဲဒီအခါမှာ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ သွေးကြောတွေ ပျက်စီးတာ၊ ကျောက်ကပ် ပျက်စီးတာ၊ မျက်စိ ထိခိုက်တာ၊ နှလုံး ထိခိုက်တာ၊ လေဖြတ်တာ၊ သတိလစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ထမင်းစားတဲ့အခါ အမျှင်ဓာတ်တွေ ပါတဲ့ အစားအစာတွေ ဥပမာ-အရွက်တွေ များများ စားခဲ့ရင် ပထမဆုံး အနေနဲ့ အစာအိမ်မှာ ခြေဖျက်ရတဲ့ အချိန် ပိုကြာ သွားပါတယ်။ ပြီးရင် အူနံရံကနေ စုပ်ယူမှု နှေးသွားတဲ့ အတွက် သွေးထဲကို ဂလူးကို့စ်တွေ ရုတ်တရက် အများကြီး တက်လာတာတွေ မဖြစ်တော့ပါဘူး။ တဖြည်းဖြည်းချင်းသာ တက်လို့ အင်ဆူလင်လည်း တစ်ခါတည်း အများကြီး မလိုတာကြောင့် ဆီးချို ဝေဒနာရှင်တွေ အတွက် များစွာ အထောက်အကူ ပြုပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အစားအစာတွေရဲ့ သွေးထဲမှာ ဂလူးကို့စ် တက်စေနိုင်တဲ့ အညွှန်းကိန်းကို လျှော့ချ စေနိုင်ပါတယ်။ အမျှင်ဓာတ်ကို များများ တွဲစားလေလေ အစားအစာတွေရဲ့ Glycemic index လျော့နည်းလေလေ ဖြစ်ပါတယ်။

နောက်တစ်ခုက အမျှင်ဓာတ် မပါတဲ့အတွက် အစားအစာတွေ အစာအိမ်ထဲမှာ ကြာရှည် မနေရလို့ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်စေပါတယ်။ အမျှင်ဓာတ်တွေ များများ ပါလေလေ အစာခြေဖျက်ချိန် ကြာလေလေ ဖြစ်လို့ ဆာလောင်တဲ့ အချိန်ကို နောက်ဆုတ် ပေးနိုင်စွမ်း ရှိပါတယ်။
ဒါကြောင့် တစ်နေ့တာမှာ စားရတဲ့ ပမာဏ လျော့နည်းသွားတဲ့ အတွက် သွေးချို မတက်အောင် ထိန်းတဲ့ အခါမှာ များစွာ အထောက်အကူ ပြုစေပါတယ်။ အမျှင်ဓာတ်မှာ တောင်မှ Viscosity လို့ ခေါ်တဲ့ စေးပျစ်နှုန်း များလေလေ ပိုကောင်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်တွေဟာ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို သာမန် လူတွေထက် ပိုပြီး စားပေး သင့်ပါတယ်။

မေး ။ ။ အဝလွန်ရောဂါကို ကာကွယ် တိုက်ဖျက်ရာမှာရော ဘယ်လိုများ အကျိုးရှိပါသလဲ ဆရာ။
ဖြေ ။ ။ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေဟာ ကယ်လိုရီ မပေးသလောက် ရှိတဲ့အတွက် အဝလွန်ရောဂါ ရှိသူတွေ အတွက် အထူး သင့်တော်ပါတယ်။ ကယ်လိုရီ များတဲ့ အစားအစာတွေကို အမျှင်ဓာတ်နဲ့ တွဲစားရင် ပမာဏကို လျှော့ချနိုင်လို့ ကယ်လိုရီ အဝင်နည်းမှာ ဖြစ်ပါတယ်။ နောက်ပြီး အမျှင်တွေဟာ အစာခံနိုင်တဲ့ အတွက် တော်တော်နဲ့ မဆာပါဘူး။ အစာစားချင်တဲ့စိတ် မဖြစ်လို့ စားတဲ့ ပမာဏကို လျော့နည်း စေပါတယ်။ အူနံရံကနေ အဆီဓာတ်တွေ စုပ်ယူမှုကို ဟန့်တားနိုင်လို့ ခန္ဓာကိုယ် အဆီဓာတ်တွေ လျှော့ချရာမှာ အထောက်အကူ ပြုပါတယ်။

မေး ။ ။ သွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးရောဂါတွေ ကိုရော ဘယ်လိုများ ကာကွယ် ပေးပါသလဲ ဆရာ။
ဖြေ ။ ။ သွေးကြောကျဉ်း ရောဂါဆိုတာ သွေးထဲမှာ အဆီတွေ လိုတာထက် ပိုပြီး များလာလို့ ဖြစ်လာရတာပါ။ အထူးသဖြင့် LDL လို့ ခေါ်တဲ့ မကောင်းတဲ့ အဆီတွေပေါ့။ အမျှင်ဓာတ် အများစုဟာ အဆီဓာတ်တွေနဲ့ ပေါင်းစပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့ အဆီကို အူနံရံကနေ စုပ်ယူမှုကို လျော့နည်းစေလို့ သွေးထဲမှာ အဆီ မြင့်တက်လာမှုကို လျော့နည်း စေပါတယ်။ ဥပမာ- ပုစွန်ခွံ ကနေရတဲ့ ခိုက်တိုဆန် ဆိုရင် သူရဲ့ ၁၂ ဆ အလေးချိန်ရှိတဲ့ အဆီပမာဏကို ပေါင်းစပ်ပြီး မစင်ကနေ စွန့်ထုတ်ပေးလို့ စားတဲ့ အစားအစာထဲမှာ ပါဝင်တဲ့ အဆီတွေက သွေးထဲကို မရောက်တော့ပါဘူး။ ဒါကြောင့် သွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးရောဂါတွေကို မဖြစ်ပွားဖို့ ကာကွယ်ပေးတဲ့ အပြင် ဖြစ်နေသူတွေ ကိုလည်း သက်သာအောင် ဆောင်ရွက် ပေးပါတယ်။

မေး ။ ။ အူနဲ့ အစာလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ မဖြစ်ပွားအောင်ရော ဘယ်လိုများ ကာကွယ် ပေးပါသလဲ ဆရာ။
ဖြေ ။ ။ အူနဲ့ အစာလမ်းကြောင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ အူနံရံမှာ အသားပို ထွက်ခြင်း၊ မကြာခဏ ဝမ်းပျက်လေ့ ရှိတဲ့ အိုင်ဘီအက်စ် ရောဂါနဲ့ အူမကြီး ကင်ဆာတွေ ကနေ ကာကွယ် ပေးပါတယ်။ အဲ့ဒီ ရောဂါ အများစုဟာ အမျှင်ဓာတ် ချို့တဲ့ခြင်းနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာ တွေကိုစားခဲ့ရင် အူနံရံမှာရှိတဲ့ ကြွက်သားတွေကို ပုံမှန် လှုပ်ရှားအောင် လှုံ့ဆော်ပေးတဲ့ အတွက် ဝမ်းမှန် စေပါတယ်။ အူလမ်းကြောင်း တစ်လျှောက် အစာဟောင်း ဖြတ်သန်းချိန်ကို လျော့ကျစေတဲ့ အတွက် ဝမ်းမှန် စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ဝမ်းချုပ်ရင် အူမကြီးကင်ဆာ ဖြစ်ဖို့ အလားအလာ များပါတယ်။ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ အူနံရံ တစ်လျှောက်ကို တံမြက်စည်း လှဲသလို သန့်စင်ပေးတဲ့ အတွက် အူနံရံ တစ်လျှောက်မှာ အညစ်အကြေးတွေ တွယ်ကပ် မနေနိုင်အောင် သန့်ရှင်း ပေးပါတယ်။
အထူးသဖြင့် ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ တွယ်ကပ် မနေနိုင်တော့လို့ အူမကြီးကင်ဆာ ဖြစ်ပွားခြင်း ကနေ ကာကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။

မေး ။ ။ ပရိုဘိုင်အိုတစ် ဗက်တီးရီးယားတွေ ပွားများစေဖို့ရော ဘယ်လိုများအထောက်အကူ ပြုပါသလဲ ဆရာ။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ အူထဲမှာ ကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အကျိုးပြု ဗက်တီးရီး ယားတွေ ရှိပါတယ်။ သူတို့ကို ပရိုဘိုင်အိုတစ်လို့ ခေါ်ပါတယ်။ အဲဒီ ဗက်တီးရီးယားတွေ ပွားများရှင်သန်ဖို့ အတွက် သူတို့ကြိုက်တဲ့ အစားအစာတွေကို ပရီဘိုင်အိုတစ်လို့ ခေါ်ပြီး နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။
မေး ။ ။ တစ်နေ့တာ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်တွေ ရဖို့ ဘယ်လိုမျိုး အစားအစာတွေကို စားသင့်တယ် ဆိုတာလည်း သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အနေနဲ့ ထမင်းကို အဓိက စားကြတာ ဖြစ်တဲ့အတွက် ထမင်းစားရင် အမျှင်ဓာတ်တွေ များများ ပါအောင် စားတဲ့ အလေ့အကျင့် လုပ်ပေးဖို့ လိုပါတယ်။ ထမင်းစားတဲ့ အခါ ဟင်းသီးဟင်းရွက် မျိုးစုံကို မဖြစ်မနေ ထည့်စား ရပါမယ်။ ဥပမာ-ကန်စွန်းရွက် ချဉ်ရည်၊ ချဉ်ပေါင်ရွက်၊ ပဲသီးတောင့်၊ ပဲပြား၊ ဘူးညွန့်စတဲ့ အမျှင်ဓာတ် များများပါတဲ့ အရွက်တွေကို ထမင်းနဲ့အတူ စားပေးရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမျှင်ဓာတ်ဆိုတာ အသီးအရွက်တွေမှာပဲ အဓိက ပါလို့ ဖြစ်ပါတယ်။ ထမင်းစားပြီး ရင်လည်း အမျှင်ဓာတ် ပါဝင်မှုများတဲ့ သစ်သီးတွေ စားပေးရပါမယ်။ ဥပမာ-သရက်သီး၊ နာနတ်သီး၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးတွေကို နေ့စဉ် စားပေးသင့်ပါတယ်။ ရာသီအလိုက် ပေါ်တဲ့ သစ်သီးမျိုးစုံ စားပေး ရပါမယ်။ အခွံမာတဲ့ အစေ့အဆန်တွေ ဖြစ်တဲ့ သစ်ကြားစေ့၊ အယ်မွန်စေ့ စတာတွေကိုလည်း သရေစာ အဖြစ် စားပေးနိုင်ပါတယ်။ ဖီးကြမ်း ငှက်ပျောသီး စားရင် ငှက်ပျောသီးခွံမှာ ကပ်နေတဲ့ အမျှင်လေးတွေကို ဇွန်းနဲ့ခြစ်ပြီး စားနိုင်ပါတယ်။ ဆီးချိုသွေးချို ဝေဒနာရှင်တွေ စားရင်တော့ ချိုတဲ့ သစ်သီးတွေ ရှောင်ဖို့ လိုပါတယ်။ အရွက်တွေက ပိုပြီး သင့်တော်ပါတယ်။

မေး ။ ။ လူတစ်ယောက် အနေနဲ့ ကျန်းမာဖို့ နေ့စဉ် အမျှင်ဓာတ် ဘယ်လောက် ပမာဏ စားသုံးဖို့ လိုတယ် ဆိုတာလည်း သိပါရစေ ဆရာ။
ဖြေ ။ ။ အမေရိကန် နိုင်ငံမှာ လေ့လာချက် အရ သူတို့နိုင်ငံက သူတွေ ပျမ်းမျှ အမျှင်ဓာတ် စားသုံးမှုဟာ တစ်နေ့မှာ ၅ ဂရမ်မှ ၁ဝ ဂရမ်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ အမေရိကန် အာဟာရ အဖွဲ့ကြီးရဲ့ အဆိုအရ လူကြီး တစ်ယောက် ကျန်းမာဖို့ အတွက် တစ်နေ့မှာ အမျှင်ဓာတ် အနည်းဆုံး ၂ဝ ဂရမ်ကနေ ၃၅ ဂရမ်အထိ လိုတယ်လို့ ဆိုပါတယ်။ တချို့သော ရောဂါရှိတဲ့ သူတွေ (ဥပမာ-ဆီးချို သွေးချို၊ အဝလွန်၊ သွေးတိုးရောဂါ) ဆိုရင်တော့ ၃၅ ဂရမ်ကနေ ၅ဝ ဂရမ်လောက် အထိ စားသင့်ပါတယ်။ ကလေးတွေ ဆိုရင်လည်း သူရှိနေတဲ့ အသက်ကို ၁ ဂရမ် သတ်မှတ်ပြီး +၅ ဂရမ် စားသင့်ပါတယ်။ ဥပမာ- ၆ နှစ်ကလေးဆိုရင် ၆+၅ = ၁၁ ဂရမ် စားရပါမယ်။

မေး ။ ။ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေကို အတူ ရောစားလို့ ရပါသလား ခင်ဗျာ။
ဖြေ ။ ။ အမျှင်ဓာတ်တွေဟာ ဆေးဝါးတွေရဲ့ စုပ်ယူမှုကို လျော့နည်းစေတဲ့ သတ္တိ ရှိတဲ့အတွက် တချို့သော ဆေးဝါးတွေမှ လွဲပြီး အများစုကိုတော့ တွဲမစား သင့်ပါဘူး။ တချို့ ဆေးဝါးတွေ ဆိုရင် အမျှင်ဓာတ် တွေနဲ့ ပေါင်းစပ်သွားပြီး အူနံရံကနေ လုံးဝစုပ်ယူနိုင်ခြင်း မရှိတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ အူနံရံ ကနေ စုပ်ယူဖို့ မလိုအပ်တဲ့ ဥပမာ- ဝမ်းနုတ်ဆေးလို ဆေးမျိုးဆိုရင်တော့ ပြဿနာ မရှိပါ။ အများစု ကတော့ ဆေးဝါးနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာ ဒါမှမဟုတ် အမျှင်ဓာတ် ပါဝင်တဲ့ ဆေးဝါးတွေကို တခြား ဆေးတွေနဲ့ နှစ်နာရီခြားပြီး သောက်တာတော့ အကောင်းဆုံး ဖြစ်ပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကြီးကို ဘာများ ထပ်ပြောချင်ပါသေးသလဲ ဆရာ။
ဖြေ ။ ။ အမျှင်ဓာတ် ဆိုတာ ကျွန်တော်တို့ လူသားတွေ နေ့စဉ် စားသုံးသင့်တဲ့ အာဟာရ ဓာတ်တစ်ခု ဖြစ်ပါတယ်။ အမျှင်ဓာတ်ကို အသက် တစ်နှစ်ကနေ စလို့ သေဆုံးချိန် အထိ နေ့စဉ်ပုံမှန် စားပေးမယ် ဆိုရင် ဒီကနေ့ ရင်ဆိုင်နေရတဲ့ အဝလွန်ရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေး ကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါနဲ့ အူမကြီးကင်ဆာ အစရှိတဲ့ ရောဂါ အတော်များများ ကနေ ကင်းဝေး စေနိုင်လို့ ဈေးလည်း သိပ်မကြီးတဲ့ အပြင် ကျွန်တော်တို့ နိုင်ငံမှာလည်း ပေါပေါများများ ရနိုင်လို့ အမျှင်ဓာတ် ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ် မပျက်မကွက် စားပေးကြပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ