ငှက်ပျောသီးနှင့် ကျန်းမာရေး


နေ့စဉ် စားသုံးနေသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့တွင် ကျန်းမာရေး အတွက် အထောက် အကူ ပြုနေသော အာဟာရ ဓာတ်များ များစွာ ပါဝင် နေပါသည် ။

ထိုသစ်သီးနှင့် ဟင်းသီး ဟင်းရွက်များ ထဲမှ ငှက်ပျောသီးနှင့် ကျန်းမာရေး အကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (Fame) နှင့် မြဝတီ အဖွဲ့ တွေ့ ဆုံ မေးမြန်းမှု များကို ဖော်ပြလိုက်ရ ပါသည်-

မေး။ ။ ဆရာခင်ဗျား ငှက်ပျောသီးကို လူသားတွေ ဘယ်တုန်းကတည်းက စတင် စားသုံးခဲ့ကြသလဲ ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဖြေ။ ။ ငှက်ပျောသီး ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အပါအဝင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူမျိုး ဘာသာမရွေး အားလုံး စားသုံးတဲ့ ထိပ်ဆုံးက အသီးအနှံ တစ်ခုပါ။ ကျွန်တော်တို့ရဲ့ လူ့သမိုင်းကြောင်း ကို ပြန်ကြည့်တဲ့ အခါမှာ ငှက်ပျောသီး စားသုံးခဲ့တဲ့ အလေ့အကျင့်ဟာ လွန်ခဲ့တဲ့ ဘီစီ ၅ဝဝဝ (နှစ်ပေါင်း ၇ဝဝဝ) ကျော် ခန့်က စပြီး စားသုံးခဲ့ကြတယ် ဆိုတာကို အထောက်အထားတွေ အရ ခိုင်ခိုင်မာမာ သိရပါတယ်။ ငှက်ပျောသီး စိုက်ပျိုးတဲ့ မူရင်း ဒေသကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ တွေပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငှက်ပျောသီးကို တိုင်းဒေသကြီးနဲ့ ပြည်နယ် အတော်များများမှာ စိုက်ပျိုးကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသက နေပြီး စတင်ခဲ့တဲ့ ငှက်ပျောသီး ဟာ တဖြည်းဖြည်းနဲ့ အရှေ့ အလယ်ပိုင်းဒေသ အဲ့ဒီက တစ်ဆင့် ဥရောပနိုင်ငံနဲ့ အမေရိကတိုက် ဘက်ကို ပျံ့နှံ့ သွားတယ်လို့ သိရှိ ရပါတယ်။ ငှက်ပျောသီးရဲ့ အင်္ဂလိပ် နာမည်ကတော့ Banana လို့ ခေါ်ပါတယ်။ အဲ့ဒီ စကားလုံးက အာရပ် ဘာသာစကား ဘန်နင် (Banan) ဆိုတဲ့ စကားလုံး ကနေ ဆင်းသက်လာ တာ ဖြစ်ပြီး လက်ချောင်း လေးများလို့ အဓိပ္ပာယ် ရပါတယ် ။ ငှက်ပျောသီးရဲ့ ပုံသဏ္ဌာန်ဟာ လက်ချောင်းလေးတွေ နဲ့ တူလို့ အဲ့ဒီလို ခေါ်ဝေါ် ခဲ့တယ်လို့ သိရပါတယ်။

မေး။ ။ ငှက်ပျောသီးကို စားရင် ဘယ်လိုမျိုး အာဟာရဓာတ်တွေ ရပါသလဲ ဆရာ။

ဖြေ။ ။ ငှက်ပျောသီးမှာ အဓိက အနေနဲ့ ရေဓာတ်က ၇၅ ရာခိုင်နှုန်း ပါဝင် ပါတယ်။ သူ့ရဲ့အသား (Dry matter) ကတော့ ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ သာမန် အနေတော် ငှက်ပျောသီး တစ်လုံးဟာ အရွယ်သေး ရင် တော့ ၁ဝဝ ဂရမ်လောက် ရှိပြီး အရွယ်ကြီးရင်တော့ ၁၅ဝ ဂရမ်လောက် အထိ ရှိပါတယ်။ ငှက်ပျောသီး ၁ဝဝ ဂရမ်ကို စားရင် ကယ်လိုရီအားဖြင့် ၉ဝ ကယ်လိုရီ ရပါတယ်။ ဒါကြောင့်မို့ ကယ်လိုရီ တန်ဖိုး အားဖြင့် မြင့်မားတဲ့ အစားအစာ တစ်ခုလို့ ပြောလို့ ရပါတယ်။ လူတစ်ယောက်ဟာ ငှက်ပျောသီးကိုသာ စားမယ်ဆိုရင် ဆန်တို့၊ ဂျုံတို့ မစားဘဲနဲ့လည်း နေနိုင်ပါတယ် ။ ငှက်ပျောသီးကို ခွာလိုက်တဲ့ အခါမှာ အမျှင်လေးတွေ တွေ့ရမှာပါ။ အဲ့ဒီ အမျှင်လေးတွေကလည်း စားလို့ ရပါတယ်။ တမင်တကာလည်း စားပေးစေချင် ပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီအမျှင်ဓာတ်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုလို့ ဖြစ်ပါတယ်။ ငှက်ပျောသီး အသားမှာ အဓိက ပါဝင်တာ ကတော့ ကာဗို ဟိုက်ဒရိတ်တွေ ဖြစ်ပါတယ် ။ စတာ့ခ်ျ အနေနဲ့ အဓိက အများဆုံး ပါပါတယ်။ အဲ့ဒီ စတာ့ခ်ျတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ ရောက်တဲ့ အချိန်မှာ ဂလူးကို့စ်နဲ့ ဖရပ်တို့စ် အဖြစ် ပြိုကွဲပြီးတော့မှ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာကို ထမ်းဆောင်ပေးတာ ဖြစ်ပါတယ်။ ပရိုတင်းကတော့ အနည်းငယ်ပဲ ပါပါတယ် ။ အဆီဓာတ်ကလည်း အနည်းငယ်ပါတယ် ဆိုရုံ လေးပဲ ပါပါတယ်။ သူ့မှာ အဓိက ဗီတာမင် အနေနဲ့ ဗီတာမင် ဘီစစ်နဲ့ ဗီတာမင် စီတွေ ပါပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင် ဘီတူး၊ နိုင်ယာစင်၊ ဖောလစ်အက်စစ် တွေလည်း အနည်းငယ်စီ ပါရှိတာကို တွေ့ရပါတယ်။ သတ္တုဓာတ်တွေ အနေနဲ့ အဓိက အများဆုံး ပါတာက ပိုတက်စီယမ်ပါ။ ပိုတက်စီ ယမ်ဟာ ကမ္ဘာမှာ ရှိတဲ့ အသီးတွေ အနက် ငှက်ပျောသီးမှာ ပါဝင်မှုဟာ အများဆုံး ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာက K40 လို့ခေါ်တဲ့ ပိုတက်စီယမ်တွေ ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။ ပြီးရင် ဒုတိယ အများဆုံး သတ္တုဓာတ် အနေနဲ့ မဂ္ဂနီစီယမ် ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ ဓာတ် တစ်ခု ဖြစ်ပါတယ် ။ နောက် အနည်းငယ်စီ ပါဝင်တဲ့ သတ္တုဓာတ်တွေက သံဓာတ်၊ သွပ်ဓာတ်၊ ထုံးဓာတ် စသည်တို့ ပါဝင် တာကို တွေ့ရပါတယ် ။ ဒါကြောင့်မို့ ငှက်ပျောသီး တစ်လုံးကို စားမယ်ဆိုရင် အာဟာရ တန်ဖိုး ပြည့်ပြည့် ဝဝ ပါ လို့ အရွယ်မရွေး စားသုံးသင့်တဲ့ အသီးတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ငှက်ပျောသီး စားရင် ကျန်းမာရေးအတွက် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို သိပါရစေ။

ဖြေ။ ။ လူတစ်ယောက်ဟာ ငှက်ပျောသီးကို တစ်ပတ်မှာ သာမန်အားဖြင့် လေးလုံးကနေ ခြောက်လုံးအထိ စားခဲ့မယ် ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ကတော့-

(၁) သွေးတိုးရောဂါကို ကာကွယ်၊ ကုသရာမှာ အသုံးဝင်ခြင်း၊

(၂) ဝမ်းမှန်စေခြင်း၊

(၃) ကင်ဆာရောဂါ တချို့ကို ကာကွယ်ပေးခြင်း၊

(၄) အရိုးများ ခိုင်မာစေခြင်းတို့ပဲ ဖြစ်ပါတယ်။

(၁) သွေးတိုးရောဂါကို ကာကွယ် ကုသရာမှာ အသုံးဝင်ခြင်း

သွေးတိုးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် ကုသတဲ့ အခါမှာလည်း အသုံးပြုနိုင် ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ငှက်ပျောသီးမှာ ပိုတက်စီယမ် အများကြီး ပါဝင်နေလို့ပါ။ ၁ဝဝ ဂရမ်လောက် ရှိတဲ့ အနေတော် ငှက်ပျောသီး တစ်လုံးမှာတောင် ပိုတက်စီယမ်ဟာ 385 mg ပါပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတဲ့ ပိုတက်စီယမ်တွေကို ဖြည့်ပေးတဲ့ အကောင်းဆုံး အာဟာရ တစ်ခုလို့ ပြော လို့ ရပါတယ် ။ သွေးတိုးရောဂါ ရှိတဲ့ သူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် အငန်ဓာတ်တွေ များနေလေ့ ရှိပါတယ်။ ဆိုဒီယမ်ဆိုတဲ့ ပစ္စည်းက ရေကို ဆွဲငင်တဲ့ သတ္တိရှိလို့ အငန်ဓာတ်တွေ များလာရင် သွေး ထဲမှာ သွေးရည်တွေ များလာတယ် ။ သွေးပေါင်ချိန်တွေလည်း တက်လာတယ်။ နှလုံးက အလုပ် ပိုလုပ်နေ ရပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ပိုတက်စီယမ် ပါဝင်တဲ့ အစားအစာတွေ စားလိုက်မယ် ဆိုရင် ပိုတက်စီယမ်တွေဟာ ဆိုဒီယမ်တွေကို ဆီးကနေ တစ်ဆင့် စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်မှာ လျော့ပါး သွားအောင် လုပ်ပေးနိုင်တယ်။ ဆိုဒီယမ်တွေ ထွက်သွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်တွေပါ လိုက်သွားတဲ့ အတွက်ကြောင့် သွေးပေါင်ချိန် ကျလာ နိုင်ပါတယ်။ ဒါကြောင့်မို့ ငှက်ပျောသီးဟာ ပုံမှန်စားမယ် ဆိုရင် သွေးတိုးရောဂါ မဖြစ်အောင်၊ သွေးတိုးရောဂါ ရှိတဲ့သူတွေ စားမယ် ဆိုရင်လည်း သွေးပေါင်ချိန် ကျဖို့အတွက်ကို အထောက် အကူ ဖြစ်စေတဲ့ သဘာဝ အာဟာရ တစ်မျိုး ဖြစ်ပါတယ်။

(၂) ဝမ်းမှန်စေခြင်း

ဒုတိယ အချက်အနေနဲ့ ငှက်ပျောသီးကို အခွံခွာလိုက်တဲ့ အခါမှာ အခွံမှာ ပါသွားတဲ့ အမျှင်တွေကို စတီးဇွန်းလေးနဲ့ ခြစ်ပြီး စားရင် ဝမ်းမှန်တာကို တွေ့ရပါတယ်။ အမျှင်ဓာတ်တွေ အပြင် ချွဲစေတဲ့သတ္တိ ပါရှိလို့ ဝမ်းမှန်ရခြင်းပါ။ ငှက်ပျောခွံပေါ်ကို တက်နင်းရင် ချော်လဲရခြင်းဟာ အဲ့ဒီ ချောစေတဲ့ ဓာတ် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ် ။ ဒါကို စားလိုက်ရင် အူထဲမှာ ချောစေတဲ့ ဂုဏ်သတ္တိကြောင့် ဝမ်းကို ရှောရှောရှူရှူ ထွက်သွား နိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။ အသက်ကြီးလို့ ဝမ်းချုပ်တတ်တဲ့ သူတွေအတွက် အထူး သင့်လျော် ပါတယ်။ တစ်ဖက်ကလည်း ကလေးငယ်တွေ ဝမ်းသွားတဲ့ အခါမှာလည်း ငှက်ပျောသီးကို ကျွေးလို့ ရပါတယ်။ ငှက်ပျောသီးဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့ ကလေးတွေကို အာဟာရဓာတ် အဖြစ်နဲ့ ကျွေးတဲ့အခါမှာ အင်မတန် ကောင်းမွန်တဲ့ အာဟာရ ဓာတ်တစ်မျိုး ဖြစ်ပါတယ် ။ ကျွေးတဲ့အခါမှာတော့ အခွံစိမ်းတဲ့ ငှက်ပျောသီး ကိုသာ ကျွေးရပါမယ်။ မှည့်နေတဲ့ ငှက်ပျောသီးကို မကျွေးရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခွံစိမ်းတဲ့ ငှက်ပျောသီးမှာ ပါဝင်တဲ့ အော်လီဂိုဆက်ကရိုက် ဓာတ်ပစ္စည်းတွေကသာ ဝမ်းကို ရပ်အောင် လုပ်ပေး သွားနိုင်တဲ့ အာနိသင် ရှိလို့ ဖြစ်ပါတယ်။

(၃) ကင်ဆာရောဂါ တချို့ကို ကာကွယ်ပေးခြင်း

တတိယ အနေနဲ့ ကြည့်မယ်ဆိုရင် သူဟာ တချို့သော ကင်ဆာရောဂါတွေကို ကာကွယ်ရာမှာ အများကြီး အထောက်အကူ ပြုတာ တွေ့ရပါတယ်။ ငှက်ပျောသီး ပုံမှန် စားရင် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ ၊ ကျောက်ကပ် ကင်ဆာတွေကို ကာကွယ် ပေးနိုင်စွမ်း ရှိတယ်လို့ သုတေသန စာတမ်းတွေ အရ သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ အမျှင်လေးတွေဟာ အူမကြီး ကို ရောက်ရင် အူမကြီးထဲမှာ ရှိတဲ့ မကောင်းတဲ့၊ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ပေါင်းပြီး ဝမ်းနဲ့ အတူ အပြင်ကို ထုတ်ပေးနိုင်တဲ့ သတ္တိ ရှိပါတယ်။ အူမကြီးမှာ ကင်ဆာဖြစ်တဲ့ နံပါတ် (၁) အကြောင်းရင်း က ဝမ်းချုပ်လို့ ဖြစ်ပါတယ် ။ ဝမ်းမချုပ်အောင် နေခြင်းဟာ အူမကြီး ကင်ဆာ ကာကွယ်ခြင်း ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ ဝမ်းမှန်စေလို့ အူမကြီး ကင်ဆာ ကာကွယ်ဖို့ အတွက် များစွာ အထောက်အကူ ပြုပါတယ်။

(၄) အရိုးများခိုင်မာစေခြင်း

နောက်တစ်ခု အနေနဲ့ သူဟာ အရိုးတွေကို ခိုင်မာအောင် လုပ်ပေးနိုင်တဲ့ သတ္တိ ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အသက်ကြီးလာတဲ့ အခါမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရိုးပွရောဂါကို ကာကွယ်ချင်တယ် ဆိုရင် ငှက်ပျောသီးပါ ထည့်စားဖို့ လိုပါတယ်။ အရိုးတွေကို ဘာလို့ ခိုင်မာအောင် လုပ်ပေးနိုင်လဲ ဆိုရင် ပထမ အချက် အနေနဲ့ ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝ အော်ဂဲနစ် ထုံးဓာတ်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီတော့ ငှက်ပျောသီးကို ပုံမှန်စားရင် သဘာဝ ထုံးဓာတ် ရမယ်။ ဒုတိယအချက် အနေနဲ့ ခန္ဓာကိုယ်ကနေ ထုံးဓာတ်တွေ စုပ်ယူမှု ကောင်းဖို့ အတွက် အူထဲမှာ အကျိုးပြု ဗက်တီးရီးယားတွေ လိုပါတယ်။ အဲ့ဒီ ဗက်တီးရီးယား တွေက အစာကို ချေဖျက်ပြီးတော့ သူ့မှာ ပါဝင်တဲ့ ထုံးဓာတ်တွေကို သွေးထဲထည့်ပေး ပါတယ်။ အဲ့ဒီတော့ ဒီအကျိုးပြု ဗက်တီးရီးယားတွေ ရှိနေခြင်းဟာ ကျွန်တော်တို့ အတွက် အကျိုး ရှိပါတယ်။

မေး။ ။ ဆီးချိုရောဂါသည်တွေ အနေနဲ့ ငှက်ပျောသီး စားလို့ ရ၊ မရ သိချင်ပါတယ် ဆရာ။

ဖြေ။ ။ ကျွန်တော့်ဆီကို ဆီးချိုသွေးချိုရောဂါ ဖြစ်တဲ့လူနာ အများစုက ငှက်ပျော သီးစားလို့ ရ၊ မရ ဆိုတာ မကြာခဏ မေးလေ့ ရှိပါတယ်။ ဒါကို ဖြေရရင်တော့ ငှက်ပျောသီး ဆိုတာက ကျွန်တော် ပထမ ပြောခဲ့ သလိုပါပဲ။ ၁ဝဝ ဂရမ်မှာ ကယ်လိုရီ ၉ဝ လောက် ရတယ်။ ဒါကြောင့် ကယ်လိုရီများတဲ့ အတွက် ငှက်ပျောသီးက ဆီးချိုသွေးချို သမားတွေအတွက် နည်းနည်းပါးပါးပဲ စားလို့ ရပါတယ်။ အများကြီး စားလို့ မရပါဘူး။ သူ့မှာ ပါဝင်တာက စတာ့ခ်ျတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်တွေ တက်လာ စေနိုင်ပါတယ်။ ဆီးချိုသွေးချို တက်နေချိန်မှာ လုံးဝ ရှောင်ကြဉ်ရမှာ ဖြစ်ပြီး ပုံမှန် အနေအထား ရောက်မှသာ တစ်နေ့ကို ငှက်ပျောသီး တစ်ခြမ်းလောက် ဒါမှမဟုတ် နှစ်ရက်ကို တစ်လုံးလောက်သာ စားသင့်ပါတယ် ဆိုတာလေးကို ပြောချင်ပါတယ်။

မေး။ ။ ဒီနေ့ခေတ်မှာ ငှက်ပျောသီးကို မြန်မြန် မှည့်စေတဲ့ ဆေးတွေ အသုံးပြု နေကြတာ တွေ့ရပါတယ် ဆရာ။ အဲ့ဒါနဲ့ ပတ်သက်လို့လည်း ဗဟုသုတအဖြစ် ပြောပေးပါ။

ဖြေ။ ။ ငှက်ပျောသီး ရောင်းတဲ့သူ တော်တော်များများကတော့ မြန်မြန် မှည့်အောင် ဆေးစိမ်လေ့ ရှိကြပါတယ်။ အဲ့ဒီ ဆေးကို အက်သီဖွန်လို့ ခေါ်တယ်။ အက်သီဖွန်ဆိုတာ ကတော့ Plant growth hormone ပါ။ တစ်နည်းအားဖြင့် အပင်တွေကို ကြီးထွားအောင်၊ ရင့်မှည့်အောင် ပြုလုပ်ပေးတဲ့ ပစ္စည်းလို့ အဓိပ္ပာယ် ရတယ်။ အဲ့ဒီ ဟော်မုန်းကို တရုတ်ကုမ္ပဏီက ထုတ်တာပါ။ သူ့ရဲ့ မူရင်းက Rhone-Poulenc လို့ ခေါ်တဲ့ပြင် သစ်ကုမ္ပဏီက ထုတ်တာပါ။ တရုတ် ကုမ္ပဏီနဲ့ ဖက်စပ် ထုတ်ထားတာပါ။ ဒီမှာ ရေးထားတာတော့ တရုတ်စာသား ပါပဲ။ အဲ့ဒီ တစ်ပုလင်းမှာ အက်သီဖွန် 400 g ပါပါတယ်။ သူ့ရဲ့ ပြင်းအားက ဘယ်လောက် ရှိလဲဆိုရင် ၄ဝ ရာခိုင်နှုန်း ပြင်းအား ရှိတယ်။ အဓိပ္ပာယ်က ရေ 100 ml မှာ သူက 40 g ပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အညွှန်းမှာ သူတစ်ဆကို ရေအဆ ၅ဝဝ နဲ့ ရောရမယ်။ အင်မတန် အားပြင်းတဲ့ အတွက် ဒီအတိုင်း ကိုင်ရင် လက်တွေ စားသွား နိုင်တယ်။ ပါးစပ်ထဲ ဝင်ရင် သေနိုင်တဲ့အထိ အသက် အန္တရာယ်ကို ထိခိုက် နိုင်တာကြောင့် ဘာမှ မလုပ်ခင် ရေနဲ့ ရောရမယ်။ ပြီးရင် လက်အိတ်နဲ့သာ ကိုင်တွယ် ရပါမယ်။ နောက်တစ်ခုက ထုတ်တဲ့ အချိန်က စပြီး နှစ်နှစ်ပဲ ခံပါတယ်။ နှစ်နှစ်ပြီးရင် တဖြည်းဖြည်းနဲ့ ပျက်စီး သွားတဲ့ အတွက်ကြောင့်မို့ မသုံးသင့် ပါဘူး။ ရေဖျော်ပြီးရင် ချက်ချင်း သုံးပါတဲ့။ အကြာကြီး မထားပါနဲ့။ အက်သီဖွန် ဆေးရည်ထဲကို စိမ်လိုက်တဲ့ အခါမှာ အဲ့ဒီ ငှက်ပျောသီးရဲ့ အခွံကနေ တစ်ဆင့် အထဲကို စိမ့်ဝင် သွားတယ်။ အဲ့ဒီလို စိမ့်ဝင်သွားတဲ့ အက်သီဖွန်ဟာ ဓာတ်ပြိုကွဲသွားပြီး အီသိုင်လင်းဓာတ်ငွေ့ ထွက်လာပါတယ်။ ထွက်လာတဲ့ အီသိုင်လင်းက အဆင့် နှစ်ဆင့် အလုပ် လုပ်ပါတယ်။ ပထမအဆင့် အနေနဲ့ ငှက်ပျောသီး အသားထဲမှာ ရှိတဲ့ အမိုင်းလေ့စ် အင်ဇိုင်းကို လှုံ့ဆော် လိုက်ပါတယ်။ အဲ့ဒီအခါမှာ ငှက်ပျောသီးထဲမှာ ရှိတဲ့ မမှည့်ခင်က ရှိတဲ့ စတာ့ခ်ျတွေ ကနေ Simple Sugar လို့ခေါ်တဲ့ ဖရပ်တို့စ် အဖြစ် ပြောင်းသွားတယ်။ ဒါကြောင့် ငှက်ပျောသီးက မှည့်လာတယ်။ အနံ့၊ အရသာလည်း ပိုကောင်း လာတယ်။ စားလို့လည်း ပို အရသာ ရှိလာတယ်။

မေး။ ။ကမ္ဘာ့ ငှက်ပျောသီး ထုတ်လုပ်မှု အခြေအနေကိုလည်း သိပါရစေ ဆရာ။

ဖြေ။ ။ကမ္ဘာပေါ်မှာ ငှ်ပျောသီး ထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ဗဟုသုတ အနေနဲ့ ပြောပြရရင် FAO ရဲ့ ထုတ်ပြန်ချက် အရ တစ်နှစ်မှာ မက်ထရစ် တန်ချိန် ၇၂ ဒသမ ၅ သန်းလောက် ရှိတယ်လို့ သိရပါတယ်။ အဲဒီ အထဲမှာ ထုတ်လုပ်မှု အများဆုံး နိုင်ငံက အိန္ဒိယနိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို တန်ချိန် ၂၁ သန်းလောက် ထုတ်လုပ် ပါတယ်။ ဒုတိယ အများဆုံး နိုင်ငံက တရုတ်နိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို တန်ချိန် ရှစ်သန်း၊ တတိယ အများဆုံးက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပြီး တစ်နှစ်ကို တန်ချိန် ၇ ဒသမ ၅ သန်းနဲ့ စတုတ္ထ အများဆုံး နိုင်ငံကတော့ ဘရာဇီး ဖြစ်ပြီး တစ်နှစ်ကို တန်ချိန် ခုနစ်သန်းလောက် ထုတ်လုပ်ပါတယ်။ ဒါကြောင့် ဒီလေးနိုင်ငံ ရဲ့ ပေါင်းလဒ် ဟာ ကျန်တဲ့ နိုင်ငံအားလုံးရဲ့ ပေါင်းလဒ်နဲ့ တူတယ်။ ထုတ်လုပ်မှု အများစုကို ကိုယ့်နိုင်ငံမှာ စားသုံးကြတဲ့ အပြင် တချို့နိုင်ငံ ကျတော့ တခြားနိုင်ငံတွေ ကိုပါ တင်ပို့ ရောင်းချပါတယ်။ အိန္ဒိယနိုင်ငံ ကျတော့ ထုတ်လုပ်မှု မှန်သမျှကို သူတို့ ပြည်တွင်းမှာသာ စားတဲ့ အတွက် နိုင်ငံခြားကို တင်ပို့ရောင်းချခြင်း မရှိပါဘူး။

မေး။ ။ဆရာ့ အနေနဲ့ မြဝတီ သတင်းစာဖတ် ပရိသတ်ကြီးကို တခြား ဘာများ ပြောချင်ပါသေးလဲ ဆရာ။

ဖြေ။ ။ငှက်ပျောသီး ဆိုတာက အာဟာရ တန်ဖိုးလည်း အလွန် မြင့်မားတဲ့အပြင် ကျန်းမာရေးအတွက် အထူး သင့်လျော်တာကြောင့် ကလေးပဲ ဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ် အမျိုးသား၊ အမျိုးသမီးမရွေး၊ အရွယ် သုံးပါး မရွေး စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ