ဝမ်းချုပ်သူအတွက် တုတ်ကောက်တစ်ချောင်း


မြတ်ဆရာပူဇော်ပွဲတစ်ခုတွင် အသက် ၇၅ နှစ်ဝန်းကျင်ရှိ ဆရာကြီးနှစ်ဦး ဆုံမိကြသည် ။ တစ်ဦးက ပိန်ပိန်ပါးပါး ကျန်းမာ ရေးကောင်းသည် ။ ကျန်တစ်ဦးက ဝဝဖိုင့်ဖိုင့် ကျန်းမာရေးသိပ် မကောင်း။ သူတို့နှစ်ဦး တပည့်များ၏ အကန်တော့ခံကြပြီး နောက် စပ်မိစပ်ရာ စကားပြောဖြစ်ကြသည် ။

ဆရာကြီး(ပိန်)။ ။ခင်ဗျားကို မတွေ့တာ ကြာပြီဗျာ။ အခု ပြန်တွေ့တော့ ရုတ်တရက် မှတ်တောင်
မမှတ်မိဘူး ။ ခင်ဗျား ဒီကျောင်းရောက်ခါစရက်တွေကို ကျွန်တော် မှတ်မိသေးတယ် ။ ကျွန်တော်က ခင်ဗျားအရင် တစ်နှစ် ကတည်းက ဒီကျောင်းရောက်နေတာလေ။ အဲဒီတုန်းက ပိန်ပိန်၊ အသားဖြူဖြူ၊ သွက်သွက်လက်လက်နဲ့ ရန်ကုန်မြို့ကနေ နယ်မြို့လေးကို ပထမဆုံးတာဝန်ကျလို့ ရောက်လာတာ။ ခင်ဗျားမိဘများက ကားလေးနဲ့ လိုက်ပို့ကြတာ။ နယ်မှာ အစားအသောက်ဆင်းရဲမှာစိုးလို့ ယူလာလိုက်တဲ့ စားစရာနဲ့ အသုံးအဆောင်တွေလည်း မနည်းဘူးနော် ။ ကျုပ်တို့က မြို့မ အဆင့်ရှိတဲ့ အထက ကျောင်းခွဲလေး ။ ဒီမှာ ခင်ဗျား နှစ်နှစ် ကြာ တာဝန်ထမ်းသွားခဲ့တာ မှတ်မိနေတယ်ဗျာ။

ဆရာကြီး(ဝ)။ ။ အေးဗျာ ကျွန်တော်ကတော့ ခင်ဗျားကို မြင်မြင်ချင်း မှတ်မိပါတယ်။ ငယ်ငယ်
တုန်းကအတိုင်း ပိန်ပိန်ရှည်ရှည်၊ သွက်သွက်လက်လက်ရှိနေ တဲ့အတွက် မပြောင်းမလဲ ကျောင်းတုန်းကအတိုင်းပါလားလို့ ထင်မိတယ်ဗျာ။ ခင်ဗျားက အခုလည်း ဒီမြို့မှာပဲလား။ ကျွန်တော်ကတော့ ဒီမြို့မှာ နှစ်နှစ်တာဝန်ထမ်းပြီး ရန်ကုန်ပြန် ရောက်၊ နောက်ထပ် တစ်နှစ်လောက်ကြာတော့ ကျောင်းဆရာ အလုပ်က ထွက်လိုက်တယ်ဗျာ။ တကယ်တော့ ထွက်ရမယ့်အ ကြောင်းကလည်း ပေါ်လာတာ။ ဖခင်ကြီးက ရုတ်တရက် လေဖြတ်သွားတော့ အလုပ်ကိုဦးစီးဖို့က ကျုပ်က သားအကြီး ဆိုတော့ တာဝန်ယူဖို့ ဖြစ်လာတာပေါ့ဗျာ။ တကယ်တော့ ပညာရေးတက္ကသိုလ်ကို အမှတ်မီလို့သာ တက်ခဲ့ပေမယ့် ကျုပ် က နဂိုကတည်းက ကျောင်းဆရာအလုပ်ကို သိပ်စိတ်ပါတာ မဟုတ်ဘူးလေ။ ကျုပ်တို့မျိုးရိုးကလည်း ဆန်ကုန်သည်မျိုးရိုး၊ ပွဲရုံလုပ်ငန်းကိုပဲ နားလည်တယ်ဆိုပါတော့ဗျာ။ စီးပွားရေး လောကထဲ ရောက်သွားတော့လည်း ကျောင်းဆရာလခဆိုတာ ဘာမှမဟုတ်ပါလားလို့ ကျုပ်အစကထင်မိတယ်။ သေစာရှင်စာ လောက်ရတဲ့လခနဲ့ တုံးလုံးစာတောင်မရှိတဲ့ လစာငွေလေးနဲ့ လုပ်နေကြတာ မိုက်လို့ပဲ။ ငါစောစောထွက်မိတာ မှန်တယ်လို့ ထင်မိသေးတယ်။

ဆရာ(ပိန်)။ ။အခုရောဗျာ အဲဒီအတွေးက။

ဆရာ(ဝ)။ ။အခုတော့ ဒီဆရာကန်တော့ပွဲမှာ ပြန်ဆုံ ရတဲ့ ဆရာတို့တွေကိုကြည့်ပြီး ဒီအတွေး
ဟာ လုံးဝမှားတယ်ဆိုတာ သိလာရတယ်။ လူ့ဘဝရဲ့ အဓိပ္ပာယ် နဲ့ ချမ်းသာခြင်းအစစ်အမှန်ကိုလည်း သိလာရတယ်ဗျာ။

ဆရာ(ပိန်)။ ။ဆရာရေ ကျွန်တော်တို့ကတော့ ဒီမြို့လေး က မိဘဇာတိဆိုတော့ အခြားမြို့လည်း
မပြောင်းတော့ဘူး။ အထက်တန်းဆရာဘဝနဲ့ပဲ ပင်စင်ယူ။ သားသမီး တွေအားလုံးကလည်း ဝန်ထမ်းတွေဖြစ်ပြီး တခြား မြို့တွေနယ်တွေရောက်နေကြပြီ။ မြို့ထဲက ဈေးနဲ့နီးတဲ့ မိဘအိမ် ကို ရောင်းချပြီး မြို့သစ်မှာ ခြံကျယ်ကျယ်လေးဝယ် သီးနှံပင် လေး ဘာလေးစိုက်ပျိုးပြီး ပင်စင်စားဘဝကို အေးအေးဆေး ဆေးအချိန်ကုန်ဖို့ စဉ်းစားထားပါတယ်။ လောဘလည်း မရှိ ပါဘူး။ ကျန်းမာဖို့အတွက် မနက်တစ်ခါ၊ ညနေတစ်ခါ လမ်း လျှောက်ထွက်တယ်။ ဒါနဲ့ပဲ ကျန်းမာနေတယ်ထင်တာပါပဲဗျာ။ ကံကောင်းချင်တော့ ထူးထူးခြားခြား ရောဂါကြီးကြီးမားမား လည်း ဒီနေ့အထိတော့ မရှိသေးပါဘူးဗျာ။

ဆရာ(ဝ)။ ။ အဲဒါပြောတာပေါ့ဆရာ။ ဒီနယ်မြို့လေးမှာ ကျန်းမာနေကြတဲ့ ဆရာတို့ကို တွေ့လိုက်
ရတဲ့အခါ ချမ်းသာခြင်းအတွက်ပဲ ဘဝတစ်လျှောက်လုပ်ခဲ့မိတဲ့ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေဟာ ပြောင်းသွားတယ်ဆိုတာ ကိုပေါ့။ အခု ကျွန်တော့်မှာက အဝလွန်ပြီး အသည်းအဆီဖုံး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ရှိတဲ့အပြင် မနှစ်ကစပြီး ဆီးချိုရောဂါပါဝင်လာလို့ ထမင်းကိုတောင် အတိုင်းအတာနဲ့ စားနေရတဲ့ဘဝ ရောက်နေပြီ။ နေ့စဉ် ကျွန်တော်သောက်နေရ တဲ့ ဆေးတွေကလည်း ၁ဝ မျိုးလောက်ရှိတယ်။ နေ့စဉ် နှစ်ကြိမ် သွေးပေါင်ချိန်၊ ဆီးချိုတိုင်း၊ ဆရာဝန်ကလည်း နှစ်ပတ် တစ်ကြိမ် ပြ စစ်ဆေးနေရသဗျ။ ဆရာတို့ ကျန်းမာနေတဲ့သူတွေ တွေ့ရ တော့ အားရသဗျား။ အခုအချိန်မှာ ဆရာတို့ဘဝမျိုး ရမယ် ဆိုရင် ကျုပ်ရဲ့စည်းစိမ်အကုန်နဲ့တောင် လဲလိုက်ချင်ပါတယ် ဗျာ။

ဆရာ(ပိန်)။ ။ ဆရာရေ ဆရာက အဲသည်လိုပြောတော့ လည်း စိတ်မကောင်းဖြစ်မိသဗျ။ အဓိက
ကတော့ကျုပ်တို့နယ်မြို့လေးတွေမှာက ဆရာတို့ ရန်ကုန်မြို့ ကြီးထက် လေကောင်းလေသန့် ရှူရသဗျာ။ ကားစီးသွားစရာ နေရာကလည်း မရှိတော့ နေ့စဉ် နိစ္စဓူဝ ကိစ္စကြီးငယ်ရှိရင် လမ်းလျှောက်ပြီးသွားရသဗျ။ လမ်းလျှောက်ခြင်းအကျိုးက ကျန်းမာရေးကို ကောင်းစေတယ်လို့ စာထဲမှာဖတ်ဖူးတယ်။ နောက်ထပ်အကျိုးကတော့ ဝမ်းမှန်စေတာပဲဗျ။ ဝမ်းတစ်လုံး ကောင်း ခေါင်းတစ်လုံးမခဲ ဆိုတာလိုထင်ပါ့။ ကျွန်တော့်မှာ ခေါင်းကိုက်ရောဂါဆိုတာ ဒီနေ့အထိ မရှိသေးဘူးဆရာရေ။

ဆရာ(ဝ)။ ။ ဆရာပြောတာ အမှန်ပါဆရာ။ ကျွန်တော် ရောဂါတွေမဖြစ်ခင်က မူလအစကပွဲရုံမှာ
အလုပ်များအထိုင်များပြီး ဝမ်းချုပ်ရာက စခဲ့တာပဲ။ ဝမ်းချုပ် တာမှ တော်ရုံဝမ်းနုတ်ဆေးနဲ့ကို မတိုးတော့ဘူး။ သူများတွေ ငါးလုံးစားရင် ဝမ်းနှစ်ကြိမ် သုံးကြိမ်သွားတဲ့ ဝမ်းနုတ်ဆေးကို ကျုပ် ကိုးလုံးဆယ်လုံးစားမှ တစ်ကြိမ်ပဲ သွားတယ်။ နေ့စာက အချိန်မမှန်။ ညစာတွေ ဧည့်ခံပွဲတွေမှာ အသောက်အစားက လည်း နည်းနည်းရှိ။ အဆီအအိမ့်တွေ အစားများ၊ အရသာရှိ တာတွေ အစားများနဲ့။ နောက်ဆုံးတော့ လူကလည်း အခုပုံ အတိုင်း ဝလာတော့တာပါပဲ။

ဆရာ(ပိန်)။ ။ဆရာပြောတော့မှ ဆရာကြီးရွှေဥဒေါင်း ရေးတဲ့ ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏
မူလအစဖြစ်လေသလောဆိုတဲ့ ဆောင်းပါးစာကို ကျွန်တော် သွားသတိရမိတယ်ဗျာ။ ဝမ်းမချုပ်အောင် ဘာမှမလုပ်နဲ့။ မနက်တစ်ခါ ညနေတစ်ခါ လမ်းလျှောက်ကြည့်ပါလားဆရာ။ လျှောက်နိုင်သမျှ လျှောက်ပေါ့။

ဆရာ(ဝ)။ ။ လမ်းလျှောက်ဖို့ ကြိုးစားကြည့်ဖူးတယ် ဆရာရေ။ ကျွန်တော့်ဒူးတွေက မခိုင်တော့
ဘူး။ အထူးသဖြင့် ဘော်ဒီဝိတ်ကို မသယ်နိုင်တော့ဘူး။ ဒူးနာ တာနဲ့ ကျွန်တော် လမ်းမလျှောက်နိုင်တာကြာပြီ။

ဆရာ(ပိန်)။ ။ဆရာ ဒီအတိုင်း မလျှောက်နိုင်ဘူးဆိုလို့ တော့ ထိုင်နေလို့တော့မဖြစ်ဘူး။ ဆရာ
ကြိုးစားပြီး လျှောက်ကြည့်ပါ။ ဒူးနာရောဂါဆိုတာ ပိန်တာ၊ ဝတာချည်းတော့ မဆိုင်ဘူး ဆရာကြီး။ အသက်အရွယ်တစ်ခု ရောက်လာရင် ဒူးနာလာတာပဲ။ ကျီးပေါင်းရောဂါလို့ ခေါ်တာ ပေါ့ ဗျာ။ သစ်ပင်များရင့်လာရင် အပွေးတွေတက်လာသလိုပေါ့။ ဒူးဆစ်နဲ့ ဂုံညင်းတစ်ဝိုက်မှာ ကျီးပေါင်းတွေတက်လာပြီး ပွတ် တိုက်မိတော့ နာတဲ့သဘောပါ။ နာတာကို ပေပြီးလျှောက်မှ ကျီးပေါင်းက သက်သာနိုင်တယ်။

ဆရာ(ဝ)။ ။ ဆရာတို့ ပိန်တဲ့လူလည်း ဒူးနာတာပဲ လား။ ဒါကြောင့် ဆရာ့လက်ထဲမှာ တုတ်
ကောက်ကိုင်ထားတာကို။

ဆရာ(ပိန်)။ ။ဆရာရေ တုတ်ကောက်က အမှန်တော့ မလိုတော့ပါဘူး။ အကျင့်ပါနေလို့ ကိုင်
ထားတာပါ။ နောက်တစ်ခုက လမ်းမှာ ခွေးလေခွေးလွင့်များ တွေ့ရင်လည်း မောင်းလို့ရသဗျ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်က ဆိုရင်တော့ ဒီတုတ်ကောက်က လိုသဗျ။

ဆရာ(ဝ)။ ။ လွန်ခဲ့တဲ့ နှစ်နှစ်က ဘာများဖြစ်လို့ပါလဲ ဆရာ။

ဆရာ(ပိန်)။ ။ ဒီလိုဆရာရေ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျုပ်က အငြိမ်မနေတတ်တော့ ခြံထဲက
ပန်းအိုးနဲ့သီးပင်စားပင်လေးတွေကို ရေလောင်း၊ နေရာရွှေ့ လုပ်ရင်း နံဘေးက ရေသွယ်မြောင်းထဲ ခြေချော်ကျသဗျ။ ဒူး တစ်ဖက်နာသွားတာ ဆေးခန်းပြ၊ ဆေးစည်းနဲ့ တစ်လ လောက် လမ်းမလျှောက်နိုင်ဘူး။ နာတဲ့ဒူးတစ်ဖက်ကို ညှာပြီး လျှောက်ရင်းနဲ့ ကျန်တဲ့ဒူးတစ်ဖက်ကပါ လိုက်နာလာသဗျ။ အဲဒါနဲ့ နေ့စဉ်လမ်းလျှောက်တဲ့ အလုပ် ပျက်သွားခဲ့တယ်။ ခင်ဗျား ပြောသလိုပဲ လမ်းမလျှောက်နိုင်တာနဲ့ ပထမဆုံး ဝင်လာတဲ့ရောဂါက ဝမ်းချုပ်တာပဲဗျို့။ ဝမ်းချုပ်ရာကစပြီး လူက နေမကောင်း၊ ထိုင်းမှိုင်း၊ အစားအသောက်မဝင် ဆက် တိုက်ဖြစ်လာတော့တာပဲ။

ဆရာ(ဝ)။ ။ နောက်တော့ ဘယ်လို ပြန်ကောင်းလာ သလဲ။

ဆရာ(ပိန်)။ ။အခု ကျွန်တော့်လက်ထဲမှာကိုင်လာတဲ့ တုတ်ကောက်ပေါ့ဆရာ။ ဟုတ်တယ်။
ဒီတုတ်ကောက်အားကိုးနဲ့ ကျွန်တော့်ဒူးနာ ပြန်ကောင်းလာ တာဆရာရေ။

ဆရာ(ဝ)။ ။ ဟုတ်လား၊ ဆေးစွမ်းတဲ့ တုတ်ကောက်ပဲ။ ဆရာ့တုတ်ကောက် ကျွန်တော့်ကို ခဏ
ငှားပေးပါလား။

ဆရာ(ပိန်)။ ။ မငှားပါဘူးဗျာ၊ အပြီးအပိုင်ပေးလိုက်ချင် တာပါ။ ဆရာယူသွားပါ။ ကျွန်တော်က
အခု မလိုအပ်တော့ဘူးလေ။

ဆရာ(ဝ)။ ။ ဆရာရေ စာတွေဖတ်တော့ လွန်ခဲ့တဲ့နှစ် က ကွယ်လွန်သွားတဲ့ က္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Apple ကွန်ပျူတာ ကုမ္ပဏီကြီးရဲ့ CEO စတိ(ဗ်)ဂျော့ မသေခင်ပြောခဲ့တဲ့ သံဝေဂ စကားကို သွားသတိရမိတယ်။ သူဟာ ကင်ဆာရောဂါဝေဒနာ ကိုခံစားနေရင်း ဆေးရုံပေါ်မှာ အထူးကြပ်မတ်ကုသတဲ့ အခန်း ထဲမှာ ရေးခဲ့တဲ့အမှာစကားပါ။
ဘယ်လောက်ပင်ချမ်းသာပေမယ့် အခုအချိန်မှာ သူ အသက်ဆက်ဖို့ တပ်ထားရတဲ့ စက်ကိရိယာတွေက လင်းနေတဲ့ အစိမ်းရောင်မီးပွင့်လေးတွေနဲ့ တီတီနဲ့မြည်နေတဲ့ နှလုံးခုန် စက်ရဲ့ အချက်ပေးသံကလွဲလို့ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ ရှိမနေတော့တဲ့အခါမှာ တွေးမိတာက...လူတွေက ကောင်းနေ တဲ့ အချိန်မှာ မဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါက ကျန်းမာရေးဆိုတဲ့ စာအုပ်ပဲတဲ့။ အမှန်တော့ အဆင့်အတန်း တစ်ခုရောက်အောင် စီးပွားရှာခဲ့ပြီးပြီဆိုရင် ကျန်တဲ့အချိန်မှာ ကျန်းမာရေးကိုဂရုစိုက်ပြီး နေ့စဉ်ကျန်းမာအောင် နေထိုင်စား သောက်ဖို့ကိုပဲ ဂရုပြုသင့်တယ်လို့ သူကဆိုလိုပါတယ်။ စတိ(ဗ်)ဂျော့ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတော့ အသက်က ၅၆ နှစ်ပဲ ရှိသေးတယ်။ နှမြောစရာအလွန်ကောင်းတဲ့ ပညာရှင်သူဌေးကြီးပါ။

ဆရာ(ပိန်)။ ။ ဆရာကြီးလည်း စိတ်မလျှော့ပါနဲ့။ ကျန်း မာရေးလိုက်စားတယ်ဆိုတာ အခါနှောင်း
တယ်လို့မရှိပါဘူး။ အို၊ နာ၊ သေ ဆိုတဲ့သုံးမျိုးမှာ (အို) နဲ့ (သေ)ကို ဘယ်သူမှ ရှောင်လွဲလို့မရဘူး။ အဲ (နာ)တာကတော့ ကျန်းမာရေးလိုက်စားတဲ့သူတွေက ထိုက်သင့်သလောက် ရှောင်လွဲလို့ရနိုင်ပါတယ်။ ဆရာကြီး အခု လမ်းမလျှောက်နိုင် ဘူးမဟုတ်လား။ ရောဂါကြီးတွေကို ဘေးဖယ်ထား၊ ဝမ်းချုပ်တဲ့ ရောဂါကိုတော့ ကျွန်တော့်တုတ်ကောက်လေးက ကူညီနိုင်ပါ လိမ့်မယ်။ ကျွန်တော်က ကျန်းမာရေးလက်ဆောင်အနေနဲ့ ဒီတုတ်ကောက်လေးကို လက်ဆောင်ပေးလိုက်ချင်ပါတယ်၊ ယူသွားစမ်းပါဗျာ။

ဆရာ(ဝ)။ ။ ကျေးဇူးကြီးလှပါတယ် ဆရာရယ်၊ ကျွန် တော် ဒီတုတ်ကောက်လေးအားပြုပြီး
လမ်းလျှောက်ပြန်ကျင့်ပါမယ်။


ကြည်လွင်မြင့်(မုဒြာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ