Amenorrhea ရာသီမလာခြင်း


အမျိုးသမီးတွေ အပျိုဖြစ်ပြီးနောက် သွေးမဆုံးခင်အထိ လစဉ်ရာသီဆင်းတယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီ မလာစေနိုင်တဲ့အကြောင်းတွေများတယ်။ အသက် ၄ဝ-၄၅ ဆိုရင် သွေးဆုံးတော့မလို့လား စဉ်းစားရမယ် ။ မျိုးဥအိမ်ကနေ (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ သွေးဆုံးပြီလို့သတ်မှတ်တယ်။ ကလေးနို့တိုက်နေချိန်မှာလည်း ရာသီမလာတတ်ပါ။ ရာသီထိန်တာ ရာသီမလာတာ ရောဂါလက္ခဏာ တခုသာ ဖြစ်တယ်။ ရာသီမလာစေတဲ့ အခြေခံ တခုခု ရှိမယ်။ ရာသီမလာခြင်း (၂) မျိုး ရှိတယ် ။ မွေးကတည်းက ရာသီမလာတာနဲ့ အရင်ကလာဘူးပြီး နောက်မှာမလာတာ။

၁။ မွေးကတည်းက ရာသီတခါမှ မလာသေးခြင်း
မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီတခါမှ မလာတာကို ခေါ်တယ် ။ အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ် ။ လူကသိပ်ပိန်နေသူတွေ၊ အားကစား လုပ်သူတွေ ၊ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘားကစားတဲ့ မိန်းကလေးတွေမှာ ရာသီလာတာ နောက်ကျတတ်တယ်။ အဲဒါတွေ မဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။ မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ ဗဂျိုင်းနား အခန်း ၂ ကန့်ဖြစ်နေတာနဲ့ အပျိုမှေး ပိတ်နေတာ။ ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ (ဟိုက်ပိုသဲလ်မတ်စ်) ရောဂါ ၊ မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊ အဝလွန်တာ၊ လည်ပင်းကြီးဟော်မုန်းနည်းတာ၊ လည်ပင်းကြီးဟော်မုန်းများတာ။ Turner’s syndrome လိင် (ခရိုမိုဇုမ်း) ရောဂါ ဖြစ်နေတာ၊ (ခေါင်းကိုက်၊ နို့ရည်ထွက်၊ လူက ပိုဝလာ၊ ဝက်ခြံပေါက်၊ လိင်စိတ်ပြောင်းလဲ၊ စကားသံ နိမ့်လာ၊ မျက်နှာမှာ အမွှေး ပိုပေါက်၊ မျက်စိကြည့်ရ မကောင်း ဖြစ်လာတာတွေရှိမယ်။)

၂။ အရင်က လာပြီးနောက်မှ ရာသီမလာခြင်း
ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားရမယ်။ သွေးဆုံးချိန်စောတာလဲ ထည့်တွက်ရမယ်။ တချို့ သန္ဓေတားဆေး-တားနည်းတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။ Busulfan, Chemotherapy, Chlorambucil, Cyclophosphamide, Phenothiazines ဆေးတွေကြောင့် လဲ ဖြစ်နိုင်တယ် ။ ဘဝလူနေမှုပုံစံကြောင့် ဖြစ်နိုင်တာတွေလဲ ရှိတယ်။ စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်  ၊ ကလေးနို့တိုက်နေချိန်၊ ကိုယ်လက် လှုတ်ရှားမှု သိပ်များနေသူ။ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊ အစာအာဟာရ ချို့တဲ့သူ၊ အဆီ 15% - 17% body ထက်နည်းနေသူ၊ ချက်ချင်း ပိန်ကျသွားသူတွေမှာ ပိုဖြစ်လာနိုင်တယ် ။

အခြေခံရောဂါရှိသူတွေဆိုရင် မျိုးဥအိမ်ကြောင့် ၄ဝ%၊ (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေ ရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ ကိုယ်မွှေးတွေပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)။ (ဟိုက်ပိုသဲလမတ်စ်) ကြောင့် ၃၅%၊ (ပစ်ကျူထရီ) ကြောင့် ၁၉%၊ သားအိမ်ကြောင့် ၅%၊ ကိုယ်ဝန်ပျက်-ဖျက်လို့ သားအိမ်ခြစ်ရာကနေ သားအိမ်ထဲ အမာရွတ်၊ တခြားအကြောင်းတွေကြောင့် ၁% ဖြစ်တာ တွေ့ရတယ်။

ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာ၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာ လုပ်တယ်။ ကိုယ်ဝန်ရှိ-မရှိ စစ်သင့်တယ်။ သွေးထဲက ဟော်မုန်းအခြေအနေတွေကို စစ်မယ်။ Estradiol, (FSH), (LH), Prolactin, Testosterone နဲ့ Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။
လည်ပင်းကြီးဟော်မုန်း အခြေအနေတွေကိုလဲ စစ်မယ်။ (TSH) များနေရင် ဟော်မုန်းနည်းရောဂါ ဖြစ်နေမယ်၊ မျိုးဥအိမ်အလုပ် စစ်ဆေးခြင်း၊ တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။ CT scan, MRI ဦးခေါင်းကို ရိုက်တာတွေ၊ သားအိမ်အတွင်းသားစ ထုတ်ပြီးစစ်ဆေးတာ၊ သားအိမ်ထဲကို ကရိယာနဲ့ကြည့်တာနဲ့ မျိုးဗီဇစစ်တာတွေလဲ လိုရင်စစ်မယ်။

ရာသီလာမမှန်တာ အမျိုးသမီး ၃ဝ% လောက်မှာ ဖြစ်တယ်။ ရာသီ မမှန်ဘူးဆိုယုံနဲ့မပြီးပါ။ ရာသီမလာတာ၊ စောတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေ အားလုံးကို မမှန်စာရင်း သွင်းတယ်။ ရာသီမှန်ဘို့ရာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ မှန်ရမယ်။ ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)၊ (ပစ်ကျူထရီ-ဂလင်း) နဲ့ မ-မျိုးဥအိမ်အင်္ဂါတွေ ကောင်းနေရမယ် ။ ရေရှည်မှာ နောက် ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေးမရနိုင်တာ နဲ့ Osteoporosis အရိုး အားနည်းတာတွေ ဖြစ်တယ် ။ ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ် ။ ဘာလို့ရာသီမလာသလဲ သိရင် ကုသပေးနိုင်တယ် ။

ရောဂါအဆန်းအပြားတွေ ထည့်ရေးရပေမဲ့ အများဆုံးဖြစ်တာတွေကို ရွေးထုတ်ပါမယ်။ ကိုယ်ဝန်ရှိခြင်း၊ စိတ်ဖိအား များခြင်း၊ အစားအသောက် နည်းလွန်းခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း များလွန်းခြင်း၊ အပျိုဖြစ်စကာလ၊ သွေးဆုံးစောခြင်း နဲ့ ဟော်မုန်းပါ တားဆေးတွေ ဖြစ်တယ်။

လူနေမှု အကြောင်းခံတွေကို အရင်ပြင်ပါ။ ကိုယ်ဝန်ရှိ-မရှိစစ်ပါ။ အစာအာဟာရ မျှတ လုံလောက်အောင် စားသုံးပါ။ ကိုယ်လက်လှုတ်ရှားမှု အတင့်တင့်အောင်သာ လုပ်ပါ။ စိတ်ဖိအားတွေ စနစ်တကျ လျှော့ချပါ။ တကယ်လို့ (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း များနေသူဆိုရင် ဟော်မုန်း အစားထိုးကုသနည်း လုပ်ရမယ်။ Polycystic Ovary Syndrome က မျိုးဥပိမ်မှာ အကျတ်ကလေးတွေရှိနေတာ အဖြစ်မနည်းလှပါ ။ စာတပုဒ် ရေးထားပါတယ် ။ Inflammatory Bowel Disease အစာလမ်းရောဂါတခုနဲ့လဲ ရာသီ မမှန်တာက ဆက်စပ်နေ တတ်တယ်။ လူက ပိန်လာတယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။ ဟော်မုန်းပါ ကိုယ်ဝန်တားဆေးသုံးပါ။ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကို သုံးရမယ်။ အမေရိကားမှာ ၁့၅ သန်းသော အမျိုးသမီးတွေက တားဆေးကို ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် သုံးနေကြတယ်။ ရာသီလာချိန် နာတာသက်သာဘို့၊ ဝက်ခြံပေါက်တာ သက်သာဘို့၊ ရာသီလ-ရက် မှန်ဘို့အတွက် သုံးကြတာ ဖြစ်တယ်။ Hirsutism ဟော်မုန်းရောဂါ၊ ရာသီလာချိန်မှာ (မိုင်ဂရင်း) ခေါင်းမူးရောဂါ ဖြစ်တတ် တာ နဲ့ သားအိမ်-အကျိတ် ရောဂါတွေအတွက်လဲ ပေးတယ် ။

တားဆေးကို အပျိုတွေသုံးပေမဲ့ အပျိုရည် မပျက်စေပါ။ ကိုယ်နံ့ကိုလဲ မပြောင်းစေပါ။ (ဖီရိုမုန်း) ထုတ်မပေးလို့ လိင်ဆွဲဆောင်မှုကိုလဲ မကဲစေပါ။ လိင်စိတ်ပိုတာလဲ မဖြစ်ပါ။ ကိုယ်ဝန်တားဆေး၊ တချို့မှာ ရာသီမလာတာဖြစ်တယ်၊ ၃ လခံထိုးဆေးကနေ အဖြစ်များတယ်။ တားဆေးမဟုတ်ပဲ တခြားဆေးတွေ ကနေလည်း ရာသီမလာဖြစ်နိုင်တယ်။ စိတ်ရောဂါဆေးတွေ၊ ကင်ဆာဆေးတွေ၊ စိတ်မကျဆေးတွေ ၊ သွေးတိုးကျဆေးတွေ ၊ အလာဂျီဆေးတွေဖြစ်တယ်။ စိတ်-ရုပ် ဖိအားများတာကြောင့်လည်းဖြစ်နိုင်တယ်။ အဝလွန်သူ၊ ပိန်လွန်းသူ။ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ၁ဝ% နည်းရင် ဖြစ်နိုင်တယ်။ စားချင်စိတ်မရှိတဲ့ရောဂါ ဖြစ်နေသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း သိပ်များသူတွေ မှာလည်းဖြစ်နိုင်တယ်။ အမျိုးသမီး အားကစားမယ်တွေ ၅-၂၅% မှာအဲလိုဖြစ်ကြတယ်။

ဟော်မုန်းမူမမှန်ရောဂါတွေကနေလည်း ရာသီမလာပဲနေတတ်တယ်။ PCOS မျိုးဥအိမ် အကျိတ်လေးတွေများခြင်းရောဂါ၊ လည်ပင်းကြီးဟော်မုန်းလွန်ကဲခြင်းနဲ့ နည်းခြင်း၊ ဦးနှောက် အကျိတ်ရောဂါတွေ ကနေလည်းဖြစ်နိုင်တယ်။ ခန္ဓာဗေဒအရချို့ယွင်းချက်တခုခုရှိနေရင်လည်း ရာသီမလာဖြစ်နိုင်တယ်။ သားအိမ်ခြစ်ရာကနေ တချို့မှာ သားအိမ်အတွင်းမှာ အမာရွတ်ဖြစ်တယ်။ ဗိုက်ခွဲမွေးတာနဲ့ သားအိမ်အကျိတ်ခွဲစိတ်ကုသရာကနေလည်း တချို့မှာဖြစ်နိုင်တယ် ။ မွေးရာပါမျိုးပွါး လမ်းအင်္ဂါ ချို့ယွင်းနေသူမှာလည်း ရာသီမလာတာဖြစ်နိုင်တယ်။

ဖြစ်စေတဲ့အကြောင်းရင်းကိုကုသရမယ်။ ကိုယ်ဝန်လည်းမဟုတ်ပဲ ရာသီထိန်နေသူကို Progesterone challenge test (ပရိုဂျက်စတီရုန်း) စမ်းသပ်နည်း လုပ်နိုင်တယ်။
• Medroxyprogesterone acetate (Provera) 10 mg နေ့စဉ်၊ ၅-၇-၁ဝ ရက်။ (သို့)
• Progesterone in oil 100-200 mg ထိုးဆေး တကြိမ်။ (သို့)
• Norethindrone (Aygestin) 5 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized 400 mg နေ့စဉ် ၇-၁ဝ ရက်။ (သို့)
• Progesterone micronized gel (4 or 8%) ဗဂျိုင်းနာထဲထည့် ၆ ရက်။

ဆေးပေးပြီးနောက် ၂ ပတ်နေရင် သွေးဆင်းလာမယ်။ ၂-၇ ရက်ကြာဆင်းမယ်။ မိန်းကလေးမှာရှိတဲ့ (အီစထိုဂျင်) ဟော်မုန်း အနည်းအများအပေါ်မှာမူတည်တယ်။

Dr. Tint Swe
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ