Myths about menstrual cycle ရာသီလာခြင်း အရိုးစွဲအယူအဆများ


၁။ ဆရာရှင့် သမီးတို့မိန်းကလေးတွေ ရာသီလာစဉ် ခေါင်းလျှော် ရေချိုးခြင်းပြုပါက အသက်ပါသေစေနိုင် တယ်လို့ လူကြီးတွေကပြောနေကြလို့ အမျိုးသမီးများရာသီလာစဉ် ဘယ်လိုမျိုးနေထိုင်ရမလဲ ဆိုတာကိုဖြေကြားပေးပါအုန်းဆရာ ။

၂။ ဆရာ သမီးအသက်က ၂၁ နှစ်ပါ။ ဓမ္မတာအကြောင်းမေးချင်လို့ပါ။ ဓမ္မတာလာနေတဲ့အချိန် ခေါင်းလျှော်လို့ရပါသလား။ လူကြီးများနှင့် တချို့သောအမများက သေတတ်သည်၊ ရူးသွားတတ်သည်တို့ ပြောနေလို့ပါ။ သမီးက ခေါင်းချွေး ထွက်တတ်ပြီး ၂ ရက်တခါ ခေါင်းလျှော်နေကြမို့ period အတွင်း လျှော်ဖို့ကြောက်နေမိပါတယ် ။ အမေကလဲ ဆူလို့ ခိုးလျှော်နေရတာ မို့ ဆေးပညာအ ရသေချာလည်းသိချင်ပါတယ် ။ ဆိုးကျိုးလားလို့ မသိပေမဲ့ အဲ့လိုလျှော်ပြီး ဓမ္မတာပြီးချိန်တန်လို့ပြီးသွားပေမဲ့ ၂ ရက်လောက်နေတော့ ပြန်လာပါတယ်။ ဆရာကိုအရမ်းလည်း လေးစားပါတယ်။ အရေးအသားထဲ အမှားပါသွားလျင်လဲ ခွင့်လွှတ်ပါဆရာ။

၃။ ကျွန်မ ရန်ကုန်မှာနေပါတယ်။ ဓမ္မတာ ပုံမှန်တော့လာပါတယ်။ ဒါပေမယ့် နည်းနေလို့ပါ။ နှစ်ရက်လောက်နဲ့ နည်းနေလို့ပါ။ အလွန်ဆုံး သုံးရက်ပဲလာပါတယ်ရှင့်။ ဒါပုံမှန်ပဲလားဆိုတာသိချင်လို့ပါရှင့်။ ရာသီနည်းရင် ဘာများ ဖြစ်တတ်ပါသလဲရှင့်။ နောက်ပြီး ဓမ္မတာအတွင်း ခေါင်းလျှော်လို့ကောရပါသလား သိပါရစေရှင့်။

၎။ ဆရာရှင့် သမီးက အသက် ၁၇ နှစ်ပါ။ menstruation ဖြစ်နေတုံး ခေါင်းလျှော်ရင် ဘာဖြစ်နိုင်လဲဆိုတာကို အငြင်းပွားနေကြလို့ပါ။ အကုန်လုံးက ဝါးတားတားနဲ့ပါ။ ဘယ်သူမှသေချာမသိပါ။ သမီးသူငယ်ချင်းတွေလဲ သေချာ သိသွားအောင် ရှင်းပြပေးပါရှင့်။

မိန်းကလေးတိုင်း အရွယ်ရောက်ကတည်းကနေ သွေးဆုံးတဲ့အချိန်အတွင်းမှာ ရာသီလာတာ လစဉ်ဖြစ်ရတယ် ။ လတိုင်း (အမှန်ကနေ့တိုင်း) ဟော်မုန်းတွေကပြောင်းလဲလာနေတယ်။ အတိအကျပြောရရင် ဒီဟော်မုန်းတွေဟာ ကိုယ်ဝန်ရစေဘို့ ပြင်ဆင်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ် ။ လအစကနေ တရက်ချင်း သားအိမ်အတွင်းဆုံးအလွှာက ပါးရာနေထူလာတယ် ။ လလည်ရက်လောက်မှာ မျိုးဥအိမ်ကနေ မျိုးဥထွက်လာမယ် ။ ကျားသုက်ပိုးနဲ့ မတွေ့ရရင် ပျက်စီးသွားမယ် ။ လကုန်ရက်မှာ ထူလာခဲ့တဲ့ သားအိမ်အတွင်းဆုံးလွှာက ပျက်စီးပြီး သွေးအနေနဲ့ဆင်းလာတာကို ရာသီလာ တယ်လို့ ခေါ်တာဖြစ်တယ် ။ အဲတာထဲမှာ သွေးအပြင်၊ အချွဲနဲ့ အသားစလေးတွေပါ ပါနေတယ် ။

အပျိုဖြစ်တဲ့အသက်ဟာ ၉ နှစ်ကနေ ၁၆ နှစ်အတွင်းမှာဖြစ်တယ်။ သွေးဆုံးချိန်ဟာ ၄၅ နှစ်ကနေ ၅ဝ မှာ ဖြစ်တယ် ။ ရာသီလာရက်ဟာ ၂ ရက်ကနေ ၇ ရက်အထိကြာနိုင်တယ် ။ နည်းနည်း ၊ အသင့်အတင့်နဲ့ များများဆင်းနိုင်တယ် ။ တလမှာ စုစုပေါင်း သွေးထုထည် ဇွန်းလေး ၁ ဇွန်းကနေ ၄ ဇွန်း (၂ဝ-၆ဝ မီလီလီတာ) ရှိတယ် ။ ရာသီလာတော့မယ်ဆိုရင် ခံစားရမှာတွေရှိတယ် ။ ဘယ်ဟာဖြစ်ဖြစ် တယောက်နဲ့တယောက်မတူပါ ။ တယောက်တည်းမှာလဲ တလနဲ့တလ မတူတတ်ပါ ။ စိုးရိမ်စရာမဟုတ်ပါ ။ ရာသီမှာ လမှန်ဖို့ကသာအရေးကြီးတယ် ။ အရောင်နဲ့ အနည်းအများ အရေးမကြီးပါ ။

ရာသီနဲ့ဆက်ပြီးခံစားရတာတွေကို PMS လို့ခေါ်တယ် ။ ဆီးစပ်၊ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးနာတယ် ။ အသင့်အတင့်ကနေ ဆိုးဆိုးဝါးဝါးနာနိုင်တယ် ။ စိတ်လှုပ်ရှားမှု နဲ့ စိတ်ပြောင်းလဲမှု ရှိတတ်တယ် ။ ခေါင်းကိုက် ၊ ခေါင်းမူး ၊ ရင်ပြည့်တာနဲ့ အန်ချင်တာတွေဖြစ်နိုင်တယ် ။ ပင်ပန်းအားနည်းတာ ၊ ရင်သားတင်းတာ ၊ နာတာလဲ ရှိနိုင်တယ် ။ အိပ်ရေးပျက်တတ်တယ် ။ စိတ်မူပြောင်းတာလဲ ရှိတတ်တယ် ။ ဥပမာ ဝမ်းနည်းတာ ၊ စိုးရိမ်တာ ။

ရာသီ ဘာလို့မမှန်ဖြစ်ရသလဲ ။ အရင်ဆုံး (အိမ်ထောင် ရှိရှိ-မရှိရှိ) ကိုယ်ဝန်ကို အရင်စဉ်းစားရမယ် ။ ကလေးနို့တိုက်တာလည်း ပါတယ် ။ မျိုးဥထွက်တာ မူမမှန်ရင်လဲဖြစ်တယ် ။ ဆီးချိုကို မထိန်းနိုင် ချိန်မှာဖြစ်မယ် ။ (ကွတ်ရှင်းဆင်ဒရုမ်း) ရောဂါ ၊ လည်ပင်းကြီးရောဂါ ရှိရင်လဲ မမှန်ဖြစ်မယ် ။ သတိထားဘို့တခုက (PCOS) မျိုးဥအိမ်ထဲမှာ အကျိတ်လေးတွေရှိတာ ။ အစာမစားချင်တာနဲ့ မစားဘဲနေတာ (ဥပမာ မော်ဒယ်တွေ) ၊ ကိုယ်အလေးချိန်များလွန်းတာ ၊ ကိုယ်လက် လေ့ကျင့်ခန်း များလွန်းတာ (ဥပမာ အားကစားသမားတွေ) ၊ မျိုးပွါးလမ်းကြောင်းခွဲစိတ်ထားတာ ၊ စိတ်ဖိအား များတာတွေကနေလဲ ရာသီမလာတာ၊ မမှန်တာဖြစ်တတ်တယ် ။

ရာသီလာနေစဉ်ဆက်ဆံရင် ကိုယ်ဝန်သေချာပေါက်မရဘူး ဆိုတာလဲ % ပြည့်မမှန်ပါ ။ မျိုးဥထွက်တာ မတူကြပါ ။ သွေးဆင်းတိုင်းလည်း ရာသီ ဟုတ်ချင်မှ ဟုတ်ပါမယ် ။ ရောဂါလည်းဖြစ်နိုင်တယ် ။ ပျက်တာလည်းဖြစ်နိုင်တယ် ။ ဆေးတွေကနေလည်းဖြစ်နိုင်တယ် ။ သန္ဓေကပ်တာလည်း ဖြစ်နိုင်တယ် ။

မှားတဲ့အယူအဆ နမူနာတွေ = ရာသီလာနေစဉ် ရေမကူးရ ။ ခင်ပွန်းနဲ့အတူမနေရ ။ ခေါင်းမလျှော်ရ ။ ရာသီစလာတဲ့ မိန်းကလေး စုပ်ယူတဲ့ပစ္စည်းမသုံးရ ။ အားကစားမလုပ်ရ ။ ကလေးမွေးဘူးမှသာ ရာသီအဆင်းများတယ် ။ အအေးမိတတ်လို့ ရေမချိုးနဲ့ ။

ရာသီလာနေချိန်မှာ ဘာတွေသတိထားသင့်သလဲ
ရာသီလာစဉ်သုံးတဲ့ပစ္စည်းတွေ သန့်ရှင်းပါစေ ။ ၃-၄ နာရီမှာတခါ အသစ်လဲပေးပါ ။ လက်ကို ခါတိုင်းထက်ပိုဆေးပါ။  နားနိုင်သမျှနားနေပါ ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ကို လုံလောက် မျှတအောင်စားသောက်ပါ ။ ခံစားနေရတာတွေရှိရင် ဆရာဝန်ညွှန်တဲ့ဆေးသောက်ပါ ။ အကြံပြုချက်တွေကို လိုက်နာပါ ။ ဗိုက်နာတာသိပ်ဆိုးရင် ၊ ကိုယ်ပူရင် ၊ ဝမ်းပျက်ရင် ၊ အန်ရင် ၊ ခေါင်းထဲမျာပေါ့နေပြီး စိတ်ရှုတ်ထွေးရင်၊ အရေပြားမှာ အနီကွက်တွေထွက်လာရင် ဆရာဝန်ပြပါ ။ မှတ်ချက် = ဒီဆေးပညာစာထဲမှာ ခေါင်းမလျှော်ရလို့ မပါပါ ။  အချဉ်းသီးမစားရလို့မပါပါ ။

တချို့ဟာတွေကို မမှန်ပါဘူးလို့ အသားလွတ်ငြင်းရတာခက်လို့ နည်းနည်းပါးပါး မှန်တယ်ပဲ ထားပါအုံး ကောင်းတဲ့ အကြံဥာဏ်ကိုတော့ လက်မလွတ်ပါနဲ့ ။ အစားအသောက် ကောင်းကောင်းစားတာ ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ၊ စိတ်ကိုအပြုသဘောဆောင်တာတွေက မလွဲမသွေလိုပါတယ် ။ နိုင်ငံတိုင်း နဲ့ ယဉ်ကျေးမှုတိုင်းမှာရှိတယ် ။ မရိုးနိုင်အောင် ဆန်းပြားတာတွေလဲ ကြားရတယ် ။ စိတ်ကူးယဉ် ပုံပြင်တွေထက် ထူးခြားတာတွေလဲပါတယ် ။ အရိုးစွဲအယူအဆများ စာအုပ်က အဲလိုအယူမှားတွေကို အဓိပ္ပါယ်မရှိတာတွေလို့ ဆိုလိုက်ပါတယ် ။

မိခင်တွေ၊ အဒေါ်အမတွေ၊ ဆရာမတွေကနေ မှန်တာတွေကိုသာ သင်ပေးကြပါလို့ အကြံပြုလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ