ဆီးချိုပျောက်ဆေး မပေါ်သေးပါ


၂၁-၄-၂ဝ၁၆ နေ့က မေးပါတယ် ။ ကျမမှာ ဆီးချိုရှိပါတယ် ။ ကျမအသိတယောက်က သူမြန်မာပြည်မှာနေခဲ့ တုန်းက ရှိခဲ့ဖူးတယ်တဲ့ ။ ဒါပေမယ့် မြန်မာဆေးသောက်လိုက်တာ ပျောက်သွားတယ်လို့ပြောပါတယ် ။ ကျမကိုလည်း မြန်မာဆေး သောက်ဖို့ပြောပါတယ်။ ကျမက မြန်မာနိုင်ငံနဲ့ အဝေးမှာ နေတဲ့သူ ဆိုတော့ ဆေးမှာ ရမယ့်ဒုက္ခကို မခံနိုင်တာရယ် တကယ်ပျောက် မပျောက်ဆိုတာကိုလည်း သိချင်လို့ ဆရာ့ကို မေးရတာပါ ။ အမှားများ ပါသွားရင်လည်း ခွင့်လွတ်ပါ ။

ဆီးချိုပျောက်ဆေး မပေါ်သေးပါ ။ ဆောရီး ။

၃-၁၂-၂ဝ၁၆ နေ့ကလည်း မေးပါတယ် ။ ဆရာ ဒီသတင်းမှန်လားလို့ အတည်ပြုပေးပါဦး ။ http://www.snopes.com/diabetes-vaccine/ ဆီးချိုကာကွယ်ဆေးတွေ့ပြီ မဟုတ်ပါ ။ သတင်းမှားသာဖြစ်တယ် ။ ဆီးချိုကာကွယ်ဆေး မပေါ်သေးပါ ။ ဆောရီး ။

(လက်ဇင်း) ကာကွယ်ဆေး သတင်းနဲ့ အတူ ဆီးချိုကာကွယ်ဆေးတွေ့ပြီဆိုတဲ့ သတင်းက ၁၈-၉-၂ဝ၁၆ နေ့က ထွက်ပါတယ် ။ မက်ဆီကိုကလာတာပါ ။ မက်ဆီကိုအစိုးရကနေ စစ်ဆေးပြီး အမှားဆေးပညာသတင်း လုပ်တဲ့ရုံးကို ပိတ်လိုက်ပါတယ် ။ မက်ဆီကို ဖောင်ဒေရှင်းက စမ်းသပ်မှုကို အခြေခံထားပါတယ် ။ အော်တိုခီမိုသာရာပီနည်းလို့ ခေါ်တယ် ။ ဆီးချို လူနာတွေဆီက သွေး ၅ စီစီထုတ်ယူ ၊ သွေးရည် ၅၅ စီစီနဲ့ရော ၊ ရေခဲသေတ္တာထဲ ၅ ဒီဂရီ ဆဲလ်စီယပ်စ်မှာ သိမ်းထားတဲ့နည်းလို့ဆိုပါတယ် ။ လူ့သွေးက ၃၇ ဒီဂရီရှိတာမှာ အပူချိန်ပြောင်းသွာတော့ ဓာတ်ပြောင်းမယ် ။ အဲဒါကို ကာကွယ်ဆေး လုပ်တယ် ။ ဆေးက ရက် ၆ဝ ခံမယ် ။ ကုသမှု တနှစ်ကြာမယ်လို့ဆိုပါတယ် ။ မက်ဆီကိုအစိုးရကနေ အဲဒီရုံးကို ပိတ်လိုက်ပါတယ် ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကာကွယ်ဆေးဆိုတာ မဟုတ်မမှန်ကြောင်း ထုတ်ပြန်ပါတယ် ။

ဆီးချိုရောဂါဟာ (အော်တိုအင်မြူ) ရောဂါတခုဖြစ်တယ် ။ ကိုယ့်ပစ္စည်းကို ရန်သူသတ်မှတ်ပြီး တိုက်ထုတ်နေ တဲ့ ရောဂါတမျိုးဖြစ်တယ် ။ ဆီးချိုအမျိုးအစား (၁) ဆိုတာ ကလေးဘဝမှာဖြစ်တယ် ။ (၂) က အသက်ရမှ သာဖြစ်တယ် ။ သရက်ရွက်ကနေ အမြဲထုတ်ပေးနေတဲ့ သကြားဓာတ်ကို ထိန်းပေးတဲ့ (အင်စူလင်) ဟော်မုန်း မထုတ်နိုင်လို့ စားပြီးတိုင်း တက်လာတဲ့ သကြားဓာတ်ကို မထိန်းနိုင်လို့ ရောဂါဖြစ်တယ် ။ ဆီးချိုရှိသူတိုင်း လူနေမှုပုံစံ ပြောင်းခြင်းနဲ့ ဆေးကိုတသက်လုံး သုံးခြင်းသာ လုပ်နေကြရပါမယ် ။ ဆောရီး ။ ဆီးချိုစစ်လိုက်ရင် တခါနဲ့တခါမတူပါ ။ သကြားဓာတ်မစားရင် ကျနေတယ် ။ တခါတလေ အကျလွန်လို့ အချိုကောက်စားရတယ် ။ အဲဒါက ဆီးချိုပျောက်သွားတာမဟုတ်ပါ ။ သွေးထဲက သကြားဓာတ်ဟာ ထမင်း ၂ နပ်စားသူက ၂ ခါ ၊ ၃ နပ်စားသူက ၃ ခါပြောင်းနေတယ် ။ မစားလို့ကျနေတာ ပျောက်တာမဟုတ်ပါ ။

၆-၄-၂ဝ၁၆ နေ့ကထွက်တဲ့သတင်းမှာ လူ ၁၁ ယောက်မှာ ၁ ယောက် ဆီးချိုရှိနေကြတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်ပါတယ် ။ ၁၉၈ဝ တုန်းက လူပေါင်း ၁ဝ၈ သန်းမှာ ဆီးချိုရှိခဲ့ရာကနေ ၂ဝ၁၄ ခုနှစ်မှာ လူပေါင်း ၄၂၂ သန်းမှာ ဆီးချိုရှိနေကြတယ်။ နှစ်စဉ်လူပေါင်း ၃ ဒသမ ၇ သန်းတို့ဟာ ဆီးချိုနဲ့ ဆက်စပ်ပြီး သေဆုံးနေရပါတယ် ။ လူနာ ၄၃ ရာခိုင်နှုန်း ၃ ဒသမ ၇ သန်း တို့ဟာ အသက် ၇ဝ မတိုင်မီ သေဆုံးနေကြတာ ဖြစ်တယ် ။ ဆီးချိုရှိနေသူတွေမှာ နှလုံးအတက်ရဖို့ သူများတွေထက် ၃ ဆပိုတယ် ။ ခြေထောက်ဖြတ်ရတာ ၊ လေဖြတ်တာ (ဆထုပ်ခ်ရတာ) ၊ ကျောက်ကပ်အလုပ် မလုပ်နိုင်တော့တာ ၊ မျက်စိကွယ်တာ ၊ ကိုယ်ဝန်မှာ မဖြစ်သင့်တာတွေ ဖြစ်တာကလည်း သူများတွေထက် အဆ ၂ဝ ပိုတယ် ။

လူနေမှုပုံစံ ကျန်းမာရေးနဲ့အညီ မနေတတ်လို့ ဖြစ်နေကြတာများတယ် ။ လူတွေပိုဝလာ ကြတာနဲ့ ဆီးချိုကလည်း အဆက်အစပ်ရှိသေးတယ် ။ ကမ္ဘာ့ လူကြီးလူဦးရေ ၈၅ ရာခိုင်နှုန်းမှာ ဆီးချိုရှိတယ် ။ ၂ဝ၁၂ ခုနှစ်တုန်းက လူပေါင်း ၁ ဒသမ ၅ သန်း သေဆုံးရတာ ဆီးချိုကြောင့်ဖြစ်တယ် ။ နောက်ထပ် ၂ ဒသမ ၂ သန်းမှာ သကြားဓာတ်ကရှိသင့်တာထက် များနေကြသေးတယ် ။

ကာကွယ်ဖို့ကတော့ အစားအသောက်ပုံစံပြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာဖြစ်ပါတယ် ။ ကိုယ်အလေးချိန် လျှော့ချရမယ် ။ အဆီဓာတ်နဲ့ သကြားဓာတ် နည်းနည်းသာစားသင့်တယ် ။ ဆီးချိုရှိနေသူဟာ နေ့တိုင်း (မနက် + နေ့လည် + ည) အစားအသောက်နဲ့ ဆီးချိုဆေး အထူးသတိ ထားရမယ် ။ ဆီးချိုပျောက်တယ်ဆိုတာ မရှိပါ (မရှိပါ) ။

ဆီးချိုအမျိုးအစား (၁) ဆိုတာ ရောဂါခံနိုင်ရည်စနစ်ချို့ ယွင်းလို့ဖြစ်ရတယ် ။ သွေးထဲက သကြားဓာတ်ကို ထိန်းပေးနေတဲ့ ဆဲလ်တွေ ပျက်စီးတယ် ။ သကြားဓာတ်ကိုထိန်းပေးမယ့် အင်စူလင်ဟော်မုန်းကို ထုတ် မပေးတော့တာမို့ ဆီးချိုဖြစ်စေတယ် ။ လူတွေအများဆုံးဖြစ်တဲ့ ဆီးချို အမျိုးအစား (၂) ကတော့ ဖြစ်ရတာ မတူပါ ။ လူနေမှုပုံစံကနေဆက်ဖြစ်တယ် ။ အမျိုးအစား (၂) ဖြစ်သူ ၉ဝ ရာခိုင်နှုန်း ရှိတယ် ။ အဲဒီအမျိုးအစား ဟာ လူဝတာနဲ့ အစားအသောက်နဲ့ ဆက်စပ်နေတယ် ။ အမျိုးအစား (၁) ဆိုတာ ငယ်စဉ်ကတည်း ကဖြစ်တယ် ။ နောက်တမျိုးက ကိုယ်ဝန်ဆောင်နေတုန်းမှာ ဖြစ်တယ် ။ ၂ဝ၁၄ လေ့လာမှုတခုအရ ကိုယ်ဝန်ဆောင် အားလုံးထဲမှာ ၉ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ကြတယ် ။

၁ဝ-၁ဝ-၂ဝ၁၄ နေ့ကသတင်းမှာ ဟားဗတ်တက္ကသိုလ် ဆရာဝန်တစုကနေ ဆီးချိုရောဂါ အမျိုးအစား (၁) ကိုကုသနိုင်ဖို့ရာ စတမ်ဆဲလ်တွေကို သုံးပြီး စမ်းသပ်နေပါတယ် ။ ဓာတ်ခွဲခန်းထဲမှာပဲ ဆဲလ်တွေ သိန်းသန်းများစွာကို ဖြစ်လာစေတယ် ။ ကြွက်တွေကို အရင်စမ်းနေပါတယ် ။ အစားအစာထဲမှာပါတဲ့ သကြားဓာတ်ကို ပုံမှန်သာရှိနေအောင်ထိန်းဖို့ သရက်ရွက်ထဲက ဘီတာဆဲလ် တွေကနေ လုပ်ပေး တာ ဖြစ်တယ် ။ တကယ်လို့ ကိုယ့်ရောဂါပြီးစနစ်ကနေ အဲဒီ ဘီတာဆဲလ် တွေကို ဖျက်လိုက်ရင် ဆီးချိုရောဂါ ရစေပါတော့တယ် ။ ဆရာဝန်တွေကနေ ပျက်စီးသွားတဲ့ ဘီတာဆဲလ် သန်း ၁၅ဝ လောက်ကို ဓာတ်ခွဲခန်းထဲမှာ သန္ဓေသား စတမ်ဆဲလ် ကနေ လုပ်ယူပြီး ဆီးချိုအမျိုးအစား (၁) ကိုကုသဖို့ ရည်ရွယ် ပါတယ် ။ ဆဲလ် တွေကနေ အင်စူလင် ထုတ်ပေးနိုင်ပြီဆိုရင် သကြားဓာတ်ကို ထိန်ပေးပါလိမ့်မယ် ။ လုပ်စရာအဆင့်တွေ အများကြီးတော့ကျန်ပါသေးတယ် ။ အောင်မြင်မှုတွေအရ ဆီးချိုအမျိုးအစား (၁) ကိုပျောက်စေဖို့ အားရစရာကောင်းတဲ့ ခြေလှမ်းလို့ ယူဆနိုင်ပါတယ် ။

၂၄-၄-၂ဝ၁၆ နေ့က ဆေးသုတေသနသတင်းမှာတော့ ဆီးချိုအမျိုးအစား (၁) ဘာလို့ဖြစ်သလဲ လေ့လာမှု လုပ်နေတာမှာ နောက်ဆုံးကျန်နေတဲ့ ပဟေဠိကို တွေ့ရှိလိုက်ပြီလို့ဆိုပါတယ် ။ ရောဂါပြီးစနစ်ကနေ ဆီးချိုအမျိုးအစား (၁) ကိုဖြစ်စေတဲ့ (အင်စူလင်) ဟော်မုန်းကို တိုက်ခိုက်လို့ ဆိုတာ ကို ဖော်ထုတ် လိုက်နိုင်ပါပြီ ။ လင်ကွန်းတက္ကသိုလ်ကနေ လုပ်တာဖြစ်ပါတယ် ။ တွေ့ရှိချက် ကနေဆက်ပြီး ဆီးချိုကာကွယ်ရေးနဲ့ ကုသရေးအတွက် လမ်းပွင့်လာစေပါတယ် ။

ဆီးချိုအမျိုးအစား (၁) မှာ ရောဂါပြီးစနစ်ကနေ (အင်စူလင်) ထုတ်ပေးနေတဲ့ (ဘီတာဆဲလ်) ကိုဖျက်ဆီးနေလို့ဖြစ်တယ် ။ (အင်စူလင်) ကနေ သွေးထဲကသကြားဓာတ်ကို ထိန်းပေးနေတယ် ။ ဆီးချိုအမျိုးအစား (၁) ရှိသူတွေမှာ (အင်တီဘော်ဒီ) တွေတွေ့ရတယ် ။ ရောဂါပြီးစနစ်ကနေ တိုက်ဖျက်နေတာ ပစ်မှတ် (၅) ခုရှိတယ် ။ Insulin အင်စူလင် ၊ Glutamate decarboxylase ဂလူတာမိတ် ဒီကာဘောကဆီလေ့စ် ၊ IA-2 အိုင်အေ-တူး ၊ Zinc transporter-8 ဇင့် ထရန်စပိုတာ-အိတ် နဲ့ tetraspanin-7 တက်ထထွာစပါနင်-ဆဲဗင်းတို့ဖြစ်တယ် ။ အဲတာကို အခုမှတွေ့တယ် ။ နောက် (၅) နှစ်လောက်ဆိုရင် ဆီးချိုအမျိုးအစား (၁) အတွက် ကုသနည်းပေါ်လာစရာရှိတယ် ။

အမေရိကားမှာ ဆီးချိုဖြစ်နှုန်း အလွန်မြင့်မားပါတယ် ။ တိုးတက်ချမ်းသာတဲ့တိုင်းပြည်ဖြစ်တော့ နည်းပညာဖြစ်ဖြစ် ၊ ဆေးသိပ္ပံဖြစ်ဖြစ်မှာ အသစ်ပေါ်တာမှန်သမျှ လက်ဦးမှုရ ယူနိုင်စွမ်းရှိပါတယ် ။ သုတေသနတွေအတွက် ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ် ။ ဆီးချိုပျောက်ဆေးသာ အမှန်ရှိရင် (ကန်တော့ပါ) ပန်းသေပန်းညှိုး ပျောက်ဆေးပေါ်ခဲ့တာထက် မြတ်အစွန်းပိုရမှာ သေချာပါတယ် ။ (ဗိုင်ယာဂရာ) နာမည်ကို မှတ်ပုံတင်ထားတဲ့ Pfizer ကုမ္ပဏီဟာ ၂ဝဝ၃ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိ နှစ်စဉ် ဒေါ်လာ ၁၆၈၇ သန်းကနေ ၂ဝ၅၁ သန်းအထိ ရပါတယ် ။

ဆီးချိုပျောက်ဆေးပေါ်ရင် ဆေးပညာနိုဗယ်ဆုတောင် ကြားဖြတ်ပေးလောက်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ