Microgynon 30 ED ကိုယ်ဝန်တားဆေး


၁။ ကျွန်မက Microgynon ED ဆိုတဲ့ သန္ဓေတားဆေးသောက်ပါတယ်။ ပြဿနာက ကျွန်မက အားဆေးနောက်ဆုံး ၂ လုံးလောက် (သို့) ၁ လုံးလောက် ကျန်တဲ့အချိန်မှ ရာသီလာပါတယ်။ အဖြူပြန်သောက်ရင် ရာသီမလာဘူးဆိုလို့ ရာသီလာပြီးချိန်ထိ စောင့်ပြီးမှ ဆေးအဖြူ ပြန်သောက်ပါတယ်။ အဲတာမှန်ပါသလား။ အခု ၂ လ ရှိပြီ ရာသီ အလွန် နည်းပါတယ်။ ကျွန်မသားကို ဗိုက်ခွဲပြီးမွေးပါတယ်။ ၆ လ ရှိပါပြီ။ နို့မတိုက်တော့ပါ။ ကိုယ်ဝန်မရှိခင်တုန်းက အဲဒီဆေး သောက်တာ သွေးတိုးဖူးပါတယ်။

၂။ ကျမအသက်က ၃၁ နှစ်ပါ။ တားဆေးက microgynon ED ပါဆရာ။ ကာမစိတ်ကရာသီလာပြီးနောက်ပိုင်းမှမရှိတာပါ။ ခင်ပွန်းနဲ့ လက်ပွန်းတတီးနေပေမယ့်လည်း အင်္ဂါစိုစွပ်မှုမရှိဘူးဆရာ။ ဆေးကြောင့်ပဲဖြစ်တာလား။

မေးခွန်း (၂) တားဆေးကြောင့်ဖြစ်နိုင်ပါတယ်။ အမျိုးအစားပြောင်းသင့်ပါတယ်။ ပြန်ကောင်းလာပါမယ်။ Libido in Women အမျိုးသမီး စိတ်နည်းနေခြင်းကိုပို့လိုက်ပါတယ်။

Microgynon 30 ED ကိုယ်ဝန်တားဆေးမှာ Ethinylestradiol နဲ့ Levonorgestrel ခေါ်တဲ့ဟော်မုန်း ၂ မျိုးတွဲပါတယ်။ Oestrogen နဲ့ Progesterone ဟော်မုန်းတွေကို ဓါတ်ခွဲခန်းမှာထုတ်လုပ်ထားတာဖြစ်တယ်။ Monophasic pill အမျိုးအစား တားဆေးဖြစ်တယ်။ မျိုးဥမထွက်စေဘဲ၊ မျိုးဥထွက်ပြီးသယောင်ဖြစ်စေတယ်။ သားအိမ်အဝကအချွဲကိုလဲ စေးပျစ်စေတယ်။ သားအိမ်အတွင်းဆုံးနံရံကိုလဲ သန္ဓေဖြစ်လာအုံးတော့ မကပ်စေအောင်ဖြစ်စေတယ်။ ဆေးသောက်ထဲ့လတွေမှာ ရာသီဆင်းတာနည်းစေမယ်။ နာတာလဲသက်သာမယ်။ ရာသီလမှန်စေမယ်။

တရက် ၁ လုံး၊ ပေါင်း ၂၁ လုံးကိုသောက်ရမယ်။ ၇ ရက်နားမယ်။ ပြီးတာနဲ့ ရာသီဆင်းလာမယ်။ ၇ ရက် နားပြီးတာနဲ့ ဆေးကပ်အသစ်သောက်ရမယ်။ ဆေးသောက်ချိန်တူတာအကောင်းဆုံးဖြစ်တယ်။ တချို့ ညအိပ်ယာဝင် သောက်တယ်။ ကောင်းတာက နေ့ခင်းသောက်လို့ မေ့နေရင် နောက်ပိုင်းသောက်လို့ရတာမို့ ရက်မကူးဘူး။ အကောင်းဆုံးက ရာသီစလာတဲ့နေ့မှာ ပဌမဆေးလုံးသောက်ပါ။ အဲလိုသောက်ရင် တောက်လျှောက် ကိုယ်ဝန်မရစေဘဲ တခြားရက်မှာ သောက်သလို ကြားထဲမှာ (ကွန်ဒွမ်) သုံးတာမျိုး မလိုတော့ဘူး။ ၁-၂-၃ ရက် နောက်ကျလဲ အဲလို မှတ်ယူနိုင်ပါတယ်။ ရာသီလာရက် နည်းသူတွေမှာတော့ (ဥပမာ တလဆိုတာ ၂၃ ရက်ဖြစ်နေသူ) ပဌမရက်ထက် နောက်ကျသောက်ရတာဆိုရင် ဆေးသောက်ကာစ ၁-၂-၃-၁-၅ ရက်တွေမှာ (ကွန်ဒွမ်) သုံးသင့်တယ်။ ကိုယ်ဝန်ရှိမနေတာ သေချာလို့ ဆရာဝန်ကနေ ကြားရက်မှာလဲ အသောက်ခိုင်းနိုင်တယ်။ အဲလိုဆိုရင် ဆေးသောက်ကာစ ပဌမ ၇ ရက်အတွင်း (ကွန်ဒွမ်) သုံးရမယ်။ ကလေးမီးဖွါးပြီး၊ နို့မတိုက်သူဆိုရင် မွေးပြီး ၂၁ ရက်ကနေစသောက်ရမယ်။ ၂၄ ပါတ်ထက်မရင့်တဲ့ ကိုယ်ဝန်ပျက်သွားသူဆိုရင် ပျက်ပြီးတာနဲ့ ဆေးစသောက်ပါ။

တနေ့ဆေး ၁ လုံးသောက်နေရမှာကို ၁ ရက်မေ့သွားရင်၊ သတိရတာနဲ့ချက်ချင်းဆေး ၁ လုံးသောက်လိုက်ပါ။ ကျန်တာကို သောက်နေကြအချိန်မှာ ပုံမှန်ဆက်သောက်ပါ။ ၂ ရက်၊ ဒါမှမဟုတ် ၂ ရက်မက မေ့သွားရင်၊ အကာအကွယ်မပေးတော့ပါ။ ကျန်တဲ့ဆေးဆက်သောက်ပြီး၊ မေ့တဲ့ရက်ကနေ ၇ ရက်အတွင်း အတူမနေပါနဲ့၊ ဒါမှမဟုတ် ကွန်ဒွမ်သုံးပါ။ အဲလို မနေမိသူက အရေးပေါ်တားဆေး-တားနည်း တခုလိုမယ်။ တကယ်လို့ ဆေးသောက်ဘို့မေ့တာက ဆေးကပ် ကုန်ကာနီး (၇ ပြားထက်နည်း) နေတာဆိုရင် နားရက် ၇ ရက် နားမထားတော့ဘဲ ဆေးကပ်အသစ်တခု ဆက်သောက်ပါ။ ရာသီလာမဲ့ရက်က နောက်ကျတော့မယ်။ ဆေးကပ်ကုန်မှသာလာမယ်။ စိုးရိမ်စရာမရှိပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်မယ်ဆိုရင် နောက်ဆေး ၁ ပြားသောက်ရမယ်။ အန်နေတာက ၂ ၄ နာရီအထိ ကြာနေရင် ထိရောက်မှုမရှိနိုင်ပါ။ ဝမ်းလျှော ၂၄ နာရီအထိများနေရင်လဲ ထိရောက်မှုနည်းမယ်။ ဒီဆေးမျိုးစသောက်ဘူးသူတွေမှာ ရာသီမမှန်တာရှိနိုင်တယ်။ ဆရာဝန်ကိုတိုင်ပင်ပါ။ သွေးကြောထဲသွေးခဲမှာ သူများတွေထက်အဖြစ်ပိုနိုင်တယ်။ ဆေးလိပ်သောက်သူ၊ ကိုယ်အလေးချိန် များသူတွေမှာ ပိုသတိထားရမယ်။ ဆန်းစစ်မှုတွေအရ ဒီလို ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားဆေး သောက်သူတွေဟာ သူများတွေထက် ရင်သားကင်ဆာဖြစ်နှုန်းပိုတာတွေ့ရတယ်။ ၅ နှစ်ကြာသောက်သူတွေမှာလဲ သားအိမ်ဝ (ခေါင်း) ကင်ဆာ ဖြစ်နှုန်းပိုတာတွေ့ရတယ်။

မသုံးရမဲ့သူတွေ = ကိုယ်ဝန်ရှိနသေူ၊ ကလေးနို့တိုက်နေသူ၊ သွေးခဲရောဂါရှိဘူးသူ၊ (SLE) ရောဂါရှိသူ၊ သွေးထဲမှာ ယူရီယာ များနေသူ၊ နှလုံးသွေးကြောကျဉ်းသူ၊ နှလုံးအဆို့ရှင်ရောဂါရှိသူ၊ နှလုံးခန်မြမှန်သူ၊ သွေးတိုးရှိသူ၊ ဆီးချိုးများသူ၊ အသက် ၅ဝ ကျော်နေသူ၊ ရင်သား-မွေးဖွါးလမ်း ကင်ဆာရာဇဝင်ရှိသူ၊ မွေးလမ်းကနေ အကြောင်းရင်မသိသွေးဆင်းနေသူ၊ အသည်းမကောင်းသူ၊ သည်းခြေအိပ်ကျောက်ရှိသူ၊ အသက် ၃၅ နှစ်ကျော်ရင် သတိနဲ့သုံးရမယ်။

ဘေးထွက်-ဆိုးကျိုးများ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ ကိုယ်အလေးချိန်ပြောင်း (ကျ-တက်)၊ ကိုယ်ရောင်၊ မွေးလမ်းမှိုပိုးဝင်၊ စိတ်ကျ၊ လိင်စိတ်နည်းတာ တချို့မှာဖြစ်တယ်။

Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။ Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။ Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာ တူတယ်။ Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရိကားမှာ ရောင်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/pages/Dr-Tint-Swe/490031307758025

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ