မိုးအဆက်မပြတ်ရွာသွန်းရာမှ တောင်ကျရေများတစ်ရှိန်ထိုးဆင်း တာချီလိတ်တစ်မြို့လုံး နေရာလွတ်မရှိအောင် ရေလွှမ်း

တာချီလိတ် စက်တင်ဘာ ၆

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ ဒလဟောကျ စီးဆင်းမှုကြောင့် တာချီလိတ်မြို့သမိုင်း တွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ မိုးအဆက် မပြတ် ရွာသွန်းခဲ့ရာမှ နံနက် ၈ နာရီ ကျော်ခန့်တွင် မယ်ဆိုင်ချောင်းနှင့် နမ့်ယွန်းချောင်းများမှ တောင်ကျရေ များ ဒလဟောကျဆင်းလာမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များနှင့် ဆင်ခြေဖုံးဒေသများအားလုံး ဆိုးရွား စွာ
ရေလွှမ်းမိုးခဲ့သည်။

'' မိုးက မနက်အစောပိုင်းမှာ တစိမ့်စိမ့်ရွာသွန်းနေရာကနေ နံနက် ၈ နာရီကျော်လောက်မှာတောင်ကျ ရေတွေ တစ်ရှိန်ထိုးစီးဆင်းလာတာ ကြောင့် ရုတ်တရက် လူနေအိမ် ခြေတွေ၊ ကားလမ်းတွေပေါ်ရေကျော် သွားပြီး လူနဲ့ယာဉ်တွေပါ ဖြတ်သန်း သွားလာလို့မရအောင် ရေစီးအရှိန် က ပြင်းထန်လှပါတယ်၊ ရေစီးအား ပြင်းလွန်းတာကြောင့် ဗိုလ်ချုပ် လမ်းမကြီးပေါ်က နမ့်ယွန်းချောင်းကူး တံတား လက်ရန်းတောင် ရေထဲမျော ပါသွားခဲ့ပါတယ်။

ခါတိုင်းလည်း သြဂုတ်-စက်တင်ဘာလတွေမှာ ရေ ကြီးလေ့ရှိပေမယ့် အနိမ့်ပိုင်းရပ် ကွက်တွေနဲ့ မိုင်းကိုးတို့ မိုင်းဖုန်းတို့ ဘက်မှာပဲ ကြီးလေ့ရှိတာပါ။ အခုက တော့ တစ်မြို့လုံးနေရာလွတ်မရှိ အောင်ကို ဖြစ်သွားတာပါ။ ကျွန်တော် တို့ တစ်သက်မှာတော့ အဆိုးရွားဆုံး ရေကြီးမှုပါပဲ'' ဟု ဝမ်ကောင်းရပ် ကွက်မှ စားသောက်ဆိုင်ပိုင်ရှင် ဦးဟန်ဝင်းက ပြောသည်။

'' နံနက် ၈ နာရီကျော်ကျော်မှာ နမ့်ယွန်းချောင်းနဲ့ မယ်ဆိုင်ချောင်း ရေမြင့်တက်လာမှုကြောင့် လူနေအိမ် ခြေတွေ၊ မော်တော်ယာဉ်တွေ ရေနစ် မြုပ်ခဲ့ပါတယ်။ ပုန်းထွန်ရပ်ကွက်နဲ့ ဝမ်ကောင်းကွက်သစ်ဘက်မှာ အဆိုး ဆုံးလို့ ပြောနိုင်ပါတယ်။

ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေကိုအချိန်နဲ့ တစ်ပြေး ညီဆောင်ရွက်ပေးခဲ့ပါတယ်။ သက် ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ် တွေကို ရေဘေးနဲ့ကင်းဝေးရာကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့တွေ ပူးပေါင်းပြီး အဆော တလျင် ဆောင်ရွက်ပေးခဲ့ပါတယ်။

ရေနဲ့ အစားအသောက်များကိုလည်း ဖြန့်ဖြူးပေးခဲ့ပါတယ်။ နံနက် ၁ဝ နာရီ ကျော်လောက်မှာ နမ့်ယွန်းချောင်းရေ စတင်ကျဆင်းလာခဲ့ပြီး မယ်ဆိုင် ချောင်းရေကတော့ ၁၁ နာရီကျော် လောက်မှ ကျဆင်းခဲ့ပါတယ်။ ဒါပေ မယ့် မွန်းလွဲပိုင်းမှာ မယ်ခေါင်ချောင်း ရေက တစ်ဖန်တက်လာပါတယ်။

ရေ တက်မှုနှုန်းက အနိမ့်ဆုံးလေးပေ ကနေ အချို့နေရာတွေမှာ ခြောက် ပေကျော်အထိ တက်ခဲ့ပါတယ်''ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ရှင်းလင်းပြော ပြသည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာသို့ တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင် ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည် သူများက ကယ်ဆယ်ရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဆောင် ရွက်ခဲ့ကြသည်။

ရေစီးအားပြင်းထန်ပြီး တောင်ကျရေများနှင့်အတူမျောပါလာသည့် သစ်လုံးများ၊ အမှိုက်သရိုက်များ ရိုက် ခတ်မှုဒဏ်ကြောင့် တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့တို့ကို ဆက်သွယ်ထား သည့် အမှတ်(၁)ချစ်ကြည်ရေး တံတားတိုင်များ ထိခိုက်ပျက်စီးနိုင် သည့်အခြေအနေကြောင့် ထိုင်းနိုင်ငံ ဘက်မှ တာဝန်ရှိသူများနှင့်ညှိနှိုင်း ကာ မျောပါလာသည့် သစ်လုံးများ၊ သစ်ပင်များနှင့် အမှိုက်သရိုက်များကို နံနက် ၁၁ နာရီခွဲခန့်မှ မွန်းလွဲ ၂နာရီ ခွဲခန့်အထိ ချစ်ကြည်ရေးတံတားပေါ်မှ လူနှင့် ယာဉ်သွားလာမှုကို ခေတ္တရပ် ဆိုင်းထားပြီး စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းဆောင်ရွက်ခဲ့ရ သည်။

တောင်ကျရေပြင်းထန်မှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စု တာ ချီလိတ်-မိုင်းဆတ်သွား လမ်းပေါ်မှ ပေ ၃ဝ ခန့်ရှိ တံတားတစ်စင်း၊ တာချီလိတ်မြို့ဝင် ဆိုင်းဘုတ်အနီးမှ ပေ ၂ဝ ခန့်ရှိ တံတားတစ်စင်းနှင့် အာဒီး-ပါခမ်းလမ်းပေါ်ရှိ ရေပြွန် တံတားတစ်စင်းတို့ ပျက်စီးသွားခဲ့ သည်။

ရေလွှမ်းမှုဖြစ်စဉ်ကြောင့် မော် တော်ယာဉ်ရှစ်စီးခန့်၊ မော်တော် ဆိုင်ကယ် ၂၅ စီးခန့်၊ သဲစုပ်စက် သုံးလုံးပျက်စီးပြီး ချောင်းကမ်းပါး အနီးရှိ လူနေအိမ်ခြေအချို့ရေထဲ မျောပါပျက်စီးခဲ့ကာ အိမ်ခြေ ၉ဝဝ ကျော် ရေနစ်မြုပ်ပြီးအိမ်ထောင်စု ၁ဝ၇၉ စု၊ လူဦးရေ ၄၁ဝ၉ဦးရေဘေး ဒဏ်သင့်ခဲ့ကာ ကနဦးခန့်မှန်းချက် အရ ငွေကျပ်သိန်းတစ်ထောင် ကျော်ခန့် ဆုံးရှုံးခဲ့ရသည်။

ရေဘေး သင့်သူများအား မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ဝမ် ကောင်းဓမ္မာရုံတို့အပါအဝင် ကယ် ဆယ်ရေးစခန်းကိုးခု ဖွင့်လှစ်ကာ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာများကိုပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

မောင်ယဉ်ကျေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ