ခြင်္သေ့များနှင့် ဘောလုံးကစားခြင်း

ခြင်္သေ့များနှင့် ဘောလုံးကစားခြင်း အသက်(၄၀)အရွယ်ရှိ ကီဗင်အနေဖြင့်မူ ခြင်္သေ့ကြီး များနှင့် ဆော့ကစားပြရခြင်း အတွက် မည်သို့မျှ ကြောက်လန့်စိတ် မရှိချေ


ကီဗင်ရစ်ချတ်ဆန်သည် အလွန်အချိုးအစား ကျနသော အနောက်တိုင်း ဝတ်ဆင်ကို ကျကျနန ဆင်မြန်းထားသည်။ ပြောင်လက်နေအောင် တိုက်ချွတ်ထားသည့် ရှူးဖိနပ်များကိုမူ ၎င်းက ချွတ်ပစ်လိုက်ပြီး ယင်းအစား အနက်ရောင် Nike ဘောလုံးကန်ဖိနပ်ကို စီးနင်းလိုက်သည်။ ဘောလုံးကို ခြေထောက်နှင့် တစ်ချက်နှစ်ချက် တော့ကြည့်လိုက်ပြီးနောက် ကီဗင်သည် ၎င်း၏ ဘောလုံးကစားဖက်များထံ ဦးတည် ထွက်ခွာလာခဲ့သည်။ ကီဗင်ကို စောင့်မျှော်နေသည့် ကစားဖော်များမှာ ဧရာမ ခြင်္သေ့ကြီး(၃)ကောင် ဖြစ်သည်။ တောင်အာဖရိကတွင် နေထိုင်သည့် ကီဗင်ကို ခြင်္သေ့များနှင့် တီးတိုးဖော်ဟု လူအများက အမည်သညာပြု ခေါ်ဝေါ်လေ့ ရှိကြသည်။

၎င်းသည် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး ခြင်္သေ့များနှင့် ယခင်ကတည်းက လက်ပွန်းတတီး နေထိုင်ပြီး ခြင်္သေ့များ၏ သဘောသဘာဝကို နားလည်ကျွမ်းဝင်သူ တစ်ဦးဖြစ်သည်။ ခြင်္သေ့(၃)ကောင်နှင့် ဘောလုံးကစားခြင်းသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ရန် ကြိုးစားနေသည့် ဒတ်ခ်ျဖက်ရှင် အမှတ်တံဆိပ် Van Gils၏ ကြော်ငြာအစီအစဉ် တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။ အသက်(၄၀)အရွယ်ရှိ ကီဗင်အနေဖြင့်မူ ခြင်္သေ့ကြီးများနှင့် ဆော့ကစားပြရခြင်းအတွက် မည်သို့မျှ ကြောက်လန့်စိတ် မရှိချေ။ ၎င်းသည် အဆိုပါ ခြင်္သေ့ကြီးများကို ငယ်စဉ်ကတည်းက အစာကျွေးမွေး စောင့်ရှောက်လာသလို ယင်းတို့နှင့် အတူတကွ ဖက်လှဲတကင်း ကျီစယ်နေကျ၊ အိပ်စက်နေကျဟု ဆိုသည်။

ခြင်္သေ့များကို စောင့်ရှောက်ခဲ့သည့် သက်တမ်း နှစ်ပေါင်း(၂၀)မျှ ကြာမြင့်ခဲ့ပြီးဖြစ်သည့် ကီဗင်က “ကျွန်တော့် အရွယ်ရောက်ပြီးဘဝ တစ်လျှောက်လုံးနီးပါး ခြင်္သေ့တွေနဲ့ ယဉ်ပါးနေခဲ့တာပဲလေ။ သူတို့ကိုခေါ်တယ်။ အစာကျွေးတယ်။ ပွေ့ဖက်နှစ်သိမ့်တယ်။ ပြီးတော့ သူတို့နဲ့အတူ အိပ်တယ်။ ကြောင်အကြီးစား မျိုးနွယ် တိရစ္ဆာန် အားလုံးကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ ခြင်္သေ့တွေကတော့ ကျွန်တော့်ဘဝမှာ ထူးခြားတဲ့ အဓိပ္ပါယ် တစ်ရပ်ပါပဲ။ ကျွန်တော်နဲ့ ခြင်္သေ့တွေကြားက ဆက်ဆံရေးဆိုတာ အချိန်ယူ တည်ဆောက်ပြီးမှ ခိုင်မာလာတာပါ”ဟု ရှင်းပြခဲ့သည်။ ကီဗင်နှင့်အတူ ဘောလုံးကစားသည့် ခြင်္သေ့ကြီးများမှာ အထီးတစ်ကောင်နှင့် အမနှစ်ကောင် ဖြစ်သည်။ ဘောလုံးကစားနည်းကို အတန်ငယ် အကျွမ်းမဝင်သဖြင့် စိတ်ရှုပ်သွားဟန်ရှိသော ခြင်္သေ့မကြီး တစ်ကောင်ကမူ ညစ်ကျယ်ကျယ် အပြုအမူအဖြစ် ဘောလုံးတစ်လုံးအား ကိုက်ဖောက်ပစ်လိုက်သေးသည်။

“ဘောလုံးလောကမှာ အကူအညီ လိုအပ်နေတဲ့ နယ်ပယ်တွေ အများကြီးပါပဲ။ တောရိုင်းတိရစ္ဆာန်တွေမှာလည်း တူတူပဲ ဖြစ်ပါတယ်။ ခြင်္သေ့ရိုင်းတွေဟာ အကူအညီ လိုအပ်နေပါတယ်။ ဒီနေရာလေးကတော့ သူတို့ကို သဘာဝအတိုင်း ကျက်စားနိုင်အောင် ဖန်တီးပေးထားတဲ့ စခန်းသာလေးပါပဲ။ ကမ္ဘာပေါ်မှာ သဘာဝအတိုင်း နေထိုင်ကျက်စားခွင့်ရတဲ့ တောရိုင်းခြင်္သေ့တွေက (၂၀)ရာခိုင်နှုန်းလောက်ပဲ ရှိနေပြီး ကျန်တဲ့ခြင်္သေ့တွေရဲ့ ပတ်ဝန်းကျင်က အနှောင့်အယှက် အမျိုးမျိုး ကြုံနေရာပါတယ်”ဟုလည်း ကီဗင်က ပြောကြားသွားသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ