ငါးမျှားချိတ်တွင် ချိတ်တွယ်ပြီး ငါးမန်းအုပ်ကြား ရေကူးပြခဲ့သည့် အာဂအမျိုးသမီး

လူကို အန္တရာယ် ပေးနိုင်သည့် ငါးမန်းများကြားတွင် အကာအကွယ်မဲ့ ကူးခတ်ရင်း ငါးမျှားချိတ်တွင် တွယ်ဆက်နေထိုင်ပြရမည့် ကိစ္စသည် ပျော်စရာ စိတ်ကူးမျိုးတော့ ဖြစ်လာမည် မဟုတ်ချေ။ သို့သော်လည်း ငါးမန်းများကို ကာကွယ်ထိန်းသိမ်းနိုင်ရေး လှုပ်ရှားမှုအဖြစ် ရဲရင့်သည့် အမျိုးသမီး တစ်ဦးက မိမိကိုယ်ကိုယ် ငါးမန်းများကြား ငါးစာအနေဖြင့် သရုပ်ပြကာ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ဘီကနီ ရေကူးဝတ်စုံလေးမှလွဲ၍ မည်သည့် အကာအကွယ် ကိရိယာမျှ မပါဘဲနှင့် လက်စ်လီ ရိုချတ်သည် တောင်အာဖရိက ကမ်းလွန်ပင်လယ်ပြင်ရှိ ကျားငါးမန်း အုပ်စုအတွင်း ကူးခတ်ကာ ငါးမျှားချိတ်တွင် သူမကိုယ်ကိုယ် ချိတ်တွယ်ပြခဲ့ခြင်း ဖြစ်သည်။

တောင်အာဖရိကနှင့် ဩစတြေးလျ အနောက်ပိုင်းတို့တွင် ချိတ်များ ကြိုးတန်းချပြီး ငါးမန်းများကို သတ်ဖြတ်သည့် ဆောင်ရွက်ချက်ကို ဆန့်ကျင်သည့် အနေဖြင့် သူမက ယင်းကဲ့သို့ စွန့်စားခဲ့ခြင်း ဖြစ်သည်။ Shark Warriorဟု တင်စားခေါ်ဝေါ်ခြင်း ခံရသည့် လက်စ်လီက အဆိုပါ အန္တရာယ်များလှသည့် အလုပ်သည် သူမအတွက် အခမ်းနားဆုံး အခိုက်အတန့် တစ်ခုဟု ညွှန်းဆိုခဲ့သည်။ လက်စ်လီသည် ယခင်ကလည်း အခြားငါးမန်းမျိုးစိတ်များကြား ရေကူးပြခဲ့ဖူးသည်။ သူမသည် မေးရိုးများ သန်မာပြီး ကိုက်အား

ကောင်းလှသဖြင့် နာမည်ကြီးသော လီမွန်ငါးမန်းအုပ်များ၊ (၁၀)ပေထိ အကောင်ကြီးမားနိုင်သည့် ကာရေဘီယန် သန္တာကျောက်တန်း ငါးမန်းများကြားတွင်လည်း အလားတူ ဓာတ်ပုံများ ရိုက်ခဲ့ဖူးကြောင်း သိရသည်။ Get Hooked on Conservation, Ban Drumlines ဆိုသည့် ငါးမန်းနှိမ်နင်းမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခုအတွက် ရည်ရွယ်ပြီး အဆိုပါ ဓာတ်ပုံများကို လက်စ်လီက ရိုက်ကူးပြခဲ့ခြင်း ဖြစ်သည်။ ဩစတြေးလျတွင် မကြာသေးခင်က ကြိုးတန်း၌ ချိတ်နေသည့် ငါးမန်းတစ်ကောင်ကို သတ်မှတ်ဇုန်အတွင်း မဝင်ရောက်နိုင်ရေးအတွက် ပစ်သတ်ခဲ့ဖူးသည်။ ငါးမန်းများနှင့် ရေကူးသည့် အလုပ်ကို (၁၅)နှစ်ကြာမျှ လုပ်ဆောင်ခဲ့သည့် လက်စ်လီက အဆိုပါ လုပ်ရပ်မျိုးသည် ဆိုးရွားလွန်ကျွံလှကြောင်း ဝေဖန်ခဲ့သည်။

“ငါးမန်းတွေကို ရွေးသတ်နေတာက တောင်အာဖရိကမှာဆို မဆန်းတော့ဘူး။ ကြိုးတန်းချပြီး ငါးမန်းဖမ်းတာမျိုး၊ ပိုက်ကွန်တွေကို အသုံးပြုတာမျိုးတွေ ဆိုတာက ဆယ်စုနှစ်တွေ အများကြီး ကြာခဲ့ပြီ။ ပင်လယ် သမုဒ္ဒရာဟာ ငါးမန်းတွေရဲ့ သဘာဝအတိုင်း ပျော်မွေ့ရာ နေရာတွေပါ။ ကျွန်မတို့ဟာ သူတို့ရဲ့ သဘာဝတရားကို ဝင်စွက်ဖက်ခွင့် မရှိပါဘူး။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ငါးမန်းတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်။ ခုတစ်ခါ ကြိုးတန်းချပြီး ငါးမန်းတွေကို ပစ်သတ်နေတယ် ဆိုတာက အရမ်းကို လွန်လွန်းနေပါပြီ”ဟု လက်စ်လီက ထောက်ပြခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ကြိုးတန်းချ ဖမ်းဆီးမှုများကြောင့် အဆိုပါ ဒေသများတွင် ငါးမန်းကောင်ရေ ပျမ်းမျှ(၆၀၀)မျှအပြင် လင်းပိုင်နှင့် ဝေလငါးများပါ ရောနှောသေဆုံးလေ့ရှိကြောင်း သိရှိရသည်။

Planet Myanmar Network.

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ