အသံတိတ်လူသတ်သမား Atrial Fibrillation ကို တွေ့ပြီဆိုရင်ဖြင့်

Atrial Fibrillation ဖြစ်တယ်ဆိုတာ သေမိန့်ရတာတော့ မဟုတ်ပါဘူး။ အနာသိရင် ဆေးရှိရမယ် ဆိုသလိုပဲ ရောဂါတစ်ခုတွေ့ရင် သင့်တော်တဲ့ ဆေးနဲ့ ကုလို့ရပါတယ်။ သေချာကုရင် လူ့သက်တမ်းစေ့ မနေနိုင်စရာ အကြောင်းမရှိပါဘူး။ ဆေးတွေသောက်နေရပေမဲ့ လူမမာကြီးတစ်ယောက်လို အိပ်ယာပေါ်မှာပဲနေ၊ အိမ်တွင်းပုန်းနေစရာ မလိုပါဘူး။ သွားသွားလာလာ နေလို့ရပါတယ်။ အလုပ်လုပ်ပြီး လေ့ကျင့်ခဏ်း ပုံမှန်လုပ်နေသူတွေ၊ အလုပ်ပုံမှန်လုပ်နေသူတွေ တကမ္ဘာလုံး မှာ အများကြီးရှိပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ Atrial Fibrillation ရသူတွေအားလုံးပေါင်းရင် ရန်ကုန်မြို့  ၂ မြို့ စာလောက်ကို ရှိပါတယ်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြဖို့ပြီး သင့်တော်တဲ့ ဆေးကုသမှုရဖို့ပဲ အရေးကြီးတာပါ။

ရောဂါတိုင်းမှာ အရေးကြီးတာကတော့ ဘာ့ကြောင့်ဖြစ်တာလည်း ဆိုတဲ့ အကြောင်းရင်းကို ရှာဖို့လိုပါတယ်။ ပြသနာကတော့ Atrial Fibrillation ဖြစ်တဲ့ လူနာအများစုမှာ ရောဂါဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှာလို့မတွေ့ပါဘူး။ လူအများစုမှာတော့ သွေးတိုးရောဂါနဲ့ တွဲနေတတ်တာကို တွေ့ရတယ်။ ဒီရောဂါက အသက်ကြီးလာရင် ပိုဖြစ်တတ်တယ်။ အသက် ၈၀ ကျော်တွေမှာဆိုရင် ၁၀ ယောက်မှာတစ်ယောက် Atrial Fibrillation ကိုတွေ့ရတတ်ပါတယ်။

လုငယ်တွေမှာတော့ အရက်ကြောင့် ဖြစ်တဲ့ Atrial Fibrillation ဖြစ်တာတွေ မနည်းလှပါဘူး။ အထူးသဖြင့် Binge Drinking လို့ခေါ်တဲ့ တစ်ခါတစ်လေ မှောက်နေအောင်သောက်တဲ့ လူငယ်တွေ Atrial Fibrillation နဲ့ ဆေးရုံကို ရောက်လာတတ်တယ်။ အရက်ဂျိုးတွေမှာလည်း Atrial Fibrillation က တော်တော်တွေ့ရလေ့ရှိတယ်။

Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း), Cardiomyopathy (နှလုံးကြွက်သားရောဂါ), Mitral Stenosis (လေးဘက်နာကြောင့် ဖြစ်လေ့ရှိတဲ့ Mitral Valve နှလုံးအဆို့ရှင်ကျဉ်းတဲ့ရောဂါ) စတဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ Coronary Artery Disease (နှလုံးသွေးကြောကျဉ်းရောဂါ)၊ Heart Failure (နှလုံးအားပျော့အားနည်းရောဂါ)၊ Diabetes Mellitus (ဆီးချိုသွေးချို) ရောဂါတွေနဲ့လည်း တွဲပြီး တွေ့ရတတ်ပါတယ်။
Atrial Fibrillation ဖြစ်ရခြင်းအကြောင်းရင်းကို သိရရင်တော့ အဲဒီအကြောင်းရင်းတွေကို ကုသရမှာပေါ့။ ဥပမာ-အရက် လွန်လွန်ကျွံကျွံသောက်တာ ရှောင်ရမယ်၊ သွေးတိုးကိုသေချာထိန်းရမယ်၊ Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း) ကိုကုရမယ်။ နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း သေချာကုရပါမယ်။

Atrial Fibrillation ကုသရာမှာ အဓိက ရည်ရွယ်ချက် ၃ ချက်ကတော့ နှလုံးပုံမှန်ပြန်ခုန်အောင်လုပ်ခြင်း (Restoration of Sinus Rhythm)၊ နှလုံးခုန်နှုန်း မမြန်အောင် ထိန်းထားဖို့ (Heart Rate Control) နဲ့ လေဖြတ်တာကို ကာကွယ်ဖို့ (Prevention of Stroke) ပါပဲ။

သင့်တော်တဲ့ လူနာတွေကို နှလုံးပုံမှန်ပြန်ဖြစ်အောင် လုပ်လို့ရနိုင်ပါတယ်။ ထိုးဆေး၊ စားဆေးတွေပေးပြီး လုပ်တာရှိတယ်၊ နှလုံးနှိုးစက် (Defibrillator) နဲ့ လုပ်ရတဲ့ လူနာတွေရှိတယ်။ အထူးကုဆရာဝန်က သင့်တော်တဲ့ ကုထုံးနဲ့ ကုမှာပါ။

နှလုံးခုန်နှုန်း မမြန်အောင်တော့ Beta blockers, Digoxin လို ဆေးမျိုးတွေနဲ့ ထိန်းလေ့ရှိပါတယ်။ Atrial Fibrillation မှာ နားနေချိန်သွေးခုန်နှုန်းကို တစ်မိနစ် ၁၀၀ အောက်ထိန်းလေ့ရှိပေမဲ့ ၁၁၀ လောက်အထိကတော့ လက်ခံလေ့ရှိပါတယ်။

လေမဖြတ်အောင်တော့ Aspirin, Clopidogrel, Warfarin, Dabigatran စတဲ့ သွေးကျဲဆေးတွေနဲ့ ကာကွယ်ရပါတယ်။ Warfarin သောက်ရတဲ့လူနာတွေကတော့ သွေးမကြာခဏဖောက်ရပြီး INR (International Normalised Ratio ) ဆိုတဲ့ သွေးကျဲနှုန်းကို ထိန်းရပါတယ်။ နောက်ပေါ်တဲ့ Dabigatran လိုဆေးမျိုးကတော့ အဲဒီလို သွေးမကြာခဏဖောက်စရာ မလိုပါဘူး။ ဒါပေမဲ့ Dabigatran လို ဆေးအသစ်တွေက ဈေးတော်တော်ကြီးပါတယ်။

နှလုံးအထူးကုဆရာဝန်တွေအနေနဲ့ Atrial Fibrillation လူနာတွေမှာ လေဖြတ်ဖို့ ဖြစ်နိုင်ခြေ အနည်းအများကို CHAD/CHA2-DS2-VASc2 ဆိုတဲ့အမှတ်ပေးစံနစ်ကို သုံးလေ့ရှိတယ်။ (http://en.wikipedia.org/wiki/CHADS2_score) CHAD/CHA2-DS2-VASc2 ဟာ တွဲတွေ့တဲ့ရောဂါတွေ၊ လူနာရဲ့အသက်၊ ယောက်ျားလား၊ မိန်းမလား ဆိုတာတွေ ပေါ်မူတည်ပြီးတော့ အမှတ်ပေးစံနစ်ရဲ့  အတိုကောက်ပါ။ အမှတ်များရင် လေဖြတ်ရောဂါဖြစ်နိုင်ခြေက များပါတယ်။

Mitral Stenosis (လေးဘက်နာကြောင့် ဖြစ်လေ့ရှိတဲ့ Mitral Valve နှလုံးအဆို့ရှင်ကျဉ်းတဲ့ရောဂါ) ကြောင့် Atrial Fibrillation ရရင်တော့ Warfarin သို့မဟုတ် Dabigatran လို သွေးကျဲဆေးတွေ ပေးကိုပေးရပါတယ်။
တခြားအကြောင်းကြောင့် ဖြစ်တဲ့ Atrial Fibrillation လူနာတွေမှာတော့ ဘယ်သွေးကျဲဆေးသောက်မှာလည်း ဆိုတာကို ဆရာဝန်တွေက လေဖြတ်ဖို့ ဖြစ်နိုင်ခြေ အနည်းအများကို အမှတ်ပေးပြီး ဆုံးဖြတ်လေ့ရှိတယ်။ အမှတ်နည်းသူတွေက Aspirin သို့မဟုတ် Clopidogrel လောက်နဲ့ရပေမဲ့ အမှတ်များသူတွေက Warfarin သို့မဟုတ် Dabigatran လို ဆေးတွေလိုတယ်။

ခွဲစိပ်ပြီးကုသတာ၊ နှလုံးခုန်စက် ( Pacemaker) ထည့်ပြီးကုရတာတွေ ရှိပေမဲ့ ရှားပါတယ်။ နှလုံးခုန်စက် ( Pacemaker) ကိုတော့ Tachybrady Syndrome လို့ခေါ်တဲ့ နှလုံးနှုန်းနှေးလိုက်မြန်လိုက် ရောဂါမှာ နှလုံးအရမ်းနှေးတာကို ကာကွယ်ဖို့ တပ်ရလေ့ ရှိပါတယ်။ နှလုံးသွေးကြောလွှဲ ခွဲစိပ်မှု(CABG (Coronary Artery Bypass Graft )) လုပ်ဖို့လိုတဲ့ လူနာတွေမှာတော့ Maze Operation လို့ခေါ်တဲ့ နှလုံးဘယ်အပေါ်ဘက်အခန်း (Left Atrium) ကို ဖြတ်ထုတ်တဲ့ ခွဲစိပ်မှုကို တချို့ဆေးရုံတွေမှာ လုပ်ကြတာတွေလည်းရှိတယ်။

အရေးအကြီးဆုံးကတော့ Atrial Fibrillation ဖြစ်တယ်ထင်ရင် နီးစပ်ရာ ဆရာဝန်ကတစ်ဆင့် သက်ဆိုင်ရာအထူးကုနဲ့ ပြသဖို့ပါပဲ။ သေသေချာချာ ကုသရင်ဖြင့် ထင်သလောက် အရမ်းကြောက်စရာကောင်းလှတဲ့ ရောဂါတော့ မဟုတ်ပါဘူး။

မြန်မာပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေ။

Myanmar Heart Foundation ကို Like လုပ်ပေးခြင်းဖြင့်သော်၎င်း၊ Share လုပ်ခြင်းဖြင့်သော်၎င်း လူအများကို ကျန်းမာရေးဗဟုသုတ ဝေငှပေးနိုင်ပါတယ်။

မြန်မာနှလုံးဖောင်ဒေးရှင်း

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ