ဇွဲကပင်အသင်းပိုင်ရှင် ကွင်းလယ်ဒိုင်လူကြီးကို ပါးရိုက်

ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေး(ရှပ်အင်္ကျီအ၀ါလက်တို)က ပါးရိုက်လိုက်သောကြောင့် ပါးကိုပွတ်နေသော ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းအား တွေ့ရစဉ် ဓာတ်ပုံ - ကိုအောင်
ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ပွဲစဉ်အပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းကို ပါးရိုက်ခဲ့သည်။

အဆိုပါ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေး၏ အဖြစ်အပျက်နှင့်ပတ်သက်၍ ဘောလုံးအဖွဲ့ ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တင်ပြထားကြောင်း ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောသည်။

““ဘောလုံးပွဲက ပြီးသွားလို့ အားလုံးလက်ဆွဲနှုတ်ဆက်ပြီးတဲ့အချိန် ကွင်းထဲက ဒိုင်တွေပြန်ထွက်လာချိန်မှာ ဦးလှဌေးက အပေါ်က ဆင်းလာပြီး ကွင်းစပ်နားအရောက်မှာ ဒိုင်လူကြီးဦးလှမင်းကို ပါးရိုက်လိုက်တာပါ။ ဦးလှမင်းကလည်း နှုတ်ဆက်မယ်ထင်လို့ လက်ကမ်းလိုက်သေးတယ်။ ဒါပေမဲ့ ပါးအရိုက်ခံလိုက်ရတယ်”” ဟု အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် ဒိုင်ကော်မတီတာဝန်ရှိသူကပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် အဆိုပါပွဲစဉ်တွင် ဇွဲကပင်အသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ရတနာပုံအသင်းက ပင်နယ်တီ ပြစ်ဒဏ်ဘောများမှတစ်ဆင့် ချေပဂိုးနှင့် အနိုင်ဂိုးများသွင်းယူကာ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  ဦးလှဌေးသည် ပင်နယ်တီဂိုးနှစ်ဂိုးပေးရ၍ ရှုံးနိမ့်ခဲ့ခြင်းကို မကျေနပ်ကာ ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

““ဦးလှဌေးက ခါတိုင်းလိုပဲ ပွဲအပြီးမှာ ဆင်းပြီးနှုတ်ဆက်တာ သတိထားမိပါတယ်။ အဲဒီပွဲစဉ်အပြီးမှာတော့ ပြေးလမ်းပေါ်အရောက်မှာ ဒိုင်လူကြီး ဦးလှမင်း ပါးကို ရိုက်လိုက်တာပါ””ဟု အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် အားကစားဓာတ်ပုံသတင်းထောက်ကပြောသည်။

ဘောလုံးအဖွဲ့ချုပ်  စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ““ဒီပွဲကို သွားမကြည့်လိုက်တဲ့အတွက် ဖြစ်စဉ်ကို မသိလိုက်ပါဘူး။ သတင်းတွေတော့ ကြားပါတယ်။ အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ အစအဆုံး သေချာအသေးစိတ်ကြည့်ရှုပြီး အပြစ်ကျူးလွန်တဲ့သူကို မျက်နှာမလိုက်ဘဲ အရေးယူမှာ ဖြစ်ပါတယ်””ဟု ပြောသည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးအား 7 Day Daily က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။          

မြန်မာနေရှင်နယ်လိဂ် စတင်သော ၂၀၀၈ ခုနှစ်မှ ယခုအချိန်ထိ အသင်းပိုင်ရှင်က ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက်မှု မရှိခဲ့ဖူးဘဲ ယခုဖြစ်စဉ်မှာ ပထမဆုံးဖြစ်သည်။

Author: ဗိုလ်ဗိုလ်ဝင်း / ချစ်ဝိုင်း
7day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ