ပြည်ပဆက်သွယ်ရေးကုမ္ပဏီ ၂ခုမှ ရက်ပေါင်း ၁၈၀ အတွင်း စတင်ရောင်းချမည့် ဝန်ဆောင်မှုများကို ပြည်သူအများ စိတ်ဝင်စားနေကြ

မိုဘိုင်းသုံးစွဲမှုနိမ့်ပါးနေသည့် မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုတို့ အနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု တရားဝင်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြည်သူများ အနေဖြင့် အဆိုပါ ကုမ္ပဏီ နှစ်ခုမှ ထုတ်လုပ်ရောင်းချမည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်ဝန်ဆောင်မှုများကိုသာ စောင့်မျှော်နေကြကြောင်း စုံစမ်းသိရှိရသည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုမှာ ကြည်လင်သောဖုန်းလိုင်း နှင့် ကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုများကို စိတ်ဝင်စားကြောင်း ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသူ ဒုတိယနှစ်ကျောင်းသား ကိုဇော်ဇော်ကပြောသည်။ "ကျွန်တော်ကတော့ လိုင်းသိပ်မကောင်းတဲ့ ဖုန်းတွေကို သိပ်စိတ်မဝင်စားဘူးဗျ။ ပိုက်ဆံပေးသုံးရတာပဲ။ ကောင်းတာပဲသုံးမှာပေါ့။ တယ်လီနောရော ၊အော်ရီဒူးက အဲဒါတွေကောင်းမယ်လို့ ပြောထားတာပဲ။သူတို့ကတော့ပြောတဲ့ အတိုင်း လုပ်မယ်ထင်တယ်။ အဲဒီတော့ သူတို့ ဝန်ဆောင်မှုကိုစောင့်ပြီးသုံးတော့မယ်" ဟု ဆိုသည်။

လမ်းမတော်မြို့နယ် ၊ဘုန်းကြီးလမ်းတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသူ ကိုဇော်မင်းက " အကိုတို့ က လက်လုပ်လက်စားတွေပဲကွာ။ ၁၅၀၀ တန်ဖုန်း တွေကို သိန်းချီပြီးမဝယ်နိုင်ဘူး။ ဂျာနယ်တွေထဲမှာ ဖတ်ရသလောက်တော့ နောက်ထပ် ၆လလောက်ဆိုရင် နိုင်ငံခြားကုမ္ပဏီ တွေက ဖုန်းရောင်းမယ်ပြောတယ်လေ။အဲဒါပဲစောင့်တော့မယ်" ဟု ပြောသည်။

ကုမ္ပဏီဝန်ထမ်းတစ်ဦးက "အစ်မက အခု ၂သိန်းတန်ဖုန်းကိုင်တယ်လေ။ ဒါပေမယ့် တယ်လီနောက ဖုန်းတွေထွက်လာရင်ဝယ်မှာပါ။ ဘာလို့လဲဆိုတော့ အခုဖုန်းက အင်တာနက်လိုင်း လုံးဝမကောင်းဘူး ။ တယ်လီနောက အင်တာနက်လိုင်း ကောင်းမွန်စေရမယ်လို့ ပြောထားတယ်လေ။ ပြီးတော့ကုန်ကျစရိတ်(ဘီလ်) လည်း သိပ်ပြီးကုန်မှာ မဟုတ်ဘူးလေ" ဟုပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ် မိုဘိုင်း ဆင်းမ်ကတ်များကို ပုံမှန်အတိုင်း ဆက်လက်ရောင်းချသွားမည်ဟု ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် လည်း ပြည်သူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချနေသည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထက် ပြည်ပကုမ္ပဏီ ၂ ခုမှ ရောင်းချမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စောင့်မျှော်နေကြခြင်းလည်းဖြစ်သည်။

လာမည့် ၆ လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များစတင်ရောင်းချမည့် အော်ရီဒူး မြန်မာ ကုမ္ပဏီမှာ ဆင်းမ်ကတ်တစ်ခုလျှင် ကျပ် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် အလွယ်တကူ ဝယ်ယူရနိုင်ရန် ရောင်းချသွားမည်ဖြစ်ပြီး တစ်မိနစ်လျှင် ၂၅ ကျပ်အောက် လျော့နည်းသည့် ဈေးနှုန်းမျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ၊လာမည့် ၈ လအတွင်း မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို စတင်ရောင်းချမည့် တယ်လီနောမြန်မာ ကုမ္ပဏီ မှလည်း ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ ကျပ် ၊ တစ်မိနစ်လျှင် ၂၅ကျပ်နှုန်းဖြင့် နည်းပါးသော ဈေးနှုန်းဖြင့်ကောက်ခံမည်ဖြစ်ကြောင်း ၊ ထို့ပြင်တယ်လီနော မှ အင်တာနက်တစ်ပါတည်း ဆင်းမ်ကတ် နှင့် ရိုးရိုးဆင်းမ်ကတ်ဟူ ၍ နှစ်မျိုးခွဲကာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

အေဝမ်း
TechSpace Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ