လက်ရွေးစင်အသင်းရဲ့တံခါးကိုခေါက်နိုင်ဖို့ ရန်ကုန်ယူနိုက်တက်မှာ တိုက်ပွဲဝင်ရမယ့် ပြည့်ဖြိုးဦး

ဆုအောင်|ဇန်န၀ါရီလ ၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၄ ခုနှစ်

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်စတင်ဖို့ တစ်လလောက်တောင် မလိုတော့တဲ့အချိန်ကို ရောက်လာခဲ့ပါပြီ။ ဒီနှစ် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတွေရဲ့ ပြင်ဆင်မှုတွေက စိတ်ဝင်စားဖို့ကောင်းသလို ကစား သမား အပြောင်းအလဲတွေလည်း များများစားစား ဖြစ်ခဲ့တာပါ။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ဒီရာသီ ပြုပြင်ပြောင်းလဲမှုအဖြစ် နည်းပြဟောင်း အဲရစ်ဝီလျံကို ပြန်လည် ခန့်အပ်ခဲ့သလို လက်ရွေးစင် ဂိုးသမားအောင်အောင်ဦး အနားယူစဉ်ကတည်းက အားနည်းမှုတွေ ကြုံ တွေ့ခဲ့ရသည့် ဂိုးသမားနေရာအတွက် ဧရာဝတီယူနိုက်တက်အသင်း၏ လူငယ်ဂိုးသမား ပြည့်ဖြိုးဦးကို ခေါ်ယူလိုက်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့အင်အားကြီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ရန်ကုန် ယူနိုက်တက်မှာ စတင်အသုံးတော်ခံတော့မယ့် ပြည့်ဖြိုးဦးနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါ တယ်။

ပြည့်ဖြိုးဦးဟာ မကွေးမြို့ဇာတိဖြစ်ပြီး ဘောလုံးသမားဘ၀အစကို တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲတွေကနေ ၂၀၀၁ ခုနှစ်မှာ စတင်ကစားခဲ့သူပါ။ အဲဒီကမှ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဂိုးသမားဖြစ်လာခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီအချိန်က ဆောက်လုပ်ရေးအသင်းမှာ မြန်မာ့လက်ရွေးစင် ဂိုးသမားကျော်ဇင်ထက်ရှိ နေတာကြောင့် နေရာမရခဲ့ဘဲ ဒုတိယဦးစားပေး အဆင့်နဲ့သာ ကျေနပ်ခဲ့ရသူပါ။ မြန်မာနေရှင်နယ်လိဂ် စတင်ချိန်မှာတော့ ဒယ်လ်တာယူနိုက်တက် (ယခု ဧရာဝတီယူနိုက်တက်) အသင်းမှာ ပါဝင်ခဲ့ပြီး လက်ရှိ မြန်မာပြည်ရဲ့ အကောင်းဆုံးဂိုးသမားဖြစ်လာမယ့် သီဟစည်သူရဲ့ နောက်ဒုတိယဦးစားပေး ဂိုးသမား အဖြစ်ပဲ ရှိခဲ့ပေမယ့် သီဟစည်သူထံက ဂိုးသမားပညာရပ်တွေ အနီးကပ်သင်ကြားခဲ့ပြီး သီဟစည်သူ လက်ဒဏ်ရာ ခွဲစိတ်ကုသခဲ့ရတဲ့ ဘောလုံးရာသီဝက်တစ်ခုလုံးမှာ ပွဲထွက်ခွင့်ရခဲ့ကာ တစ်ရာသီလုံး ရှုံးပွဲမရှိအောင် အစွမ်းပြကာကွယ်မှုတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၁ နှစ် သာရှိသေးတဲ့ ပြည့်ဖြိုးဦးကို အဲဒီအချိန်ကတည်းက ရန်ကုန်ယူနိုက်တက်ကခေါ်ယူဖို့ စိတ်ဝင်စားကမ်းလှမ်းခဲ့ပေမယ့် သီဟစည်သူမရှိတော့တဲ့ ဧရာဝတီယူနိုက်တက်အသင်းရဲ့ဂိုးပေါက်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ရန်ကုန်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဧရာဝတီယူနိုက်တက်အသင်းမှာပဲ ဆက်ရှိခဲ့ပါတယ်။

ပြည်ဖြိုးဦးအတွက် ရန်ကုန်ယူနိုက်တက်ကို ရောက်ရှိဖို့ အပြောင်းအလဲက အသင်းနည်းပြဟောင်း ဦး ဆန်းဝင်း ဧရာဝတီယူနိုက်တက်ကို ပြန်လည်ကိုင်တွယ်တာကနေစခဲ့ပြီး ပြည့်ဖြိုးဦး အပါအ၀င် ကစား သမားရှစ်ဦးကို အသင်းက ထွက်ခွင့်ပေးလိုက်တာပါပဲ။ ယခင်ကတည်းကခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ရန် ကုန်ယူနိုက်တက်ဟာ မိခင်အသင်းက ထွက်ခွင့်ပြုလိုက်တဲ့ နောက်ပိုင်းအချိန်ဆွဲမနေဘဲ နှစ်,နှစ်စာချုပ်နဲ့ ချက်ချင်းကို ခေါ်ယူခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်ကို ရောက်ရှိခဲ့ပြီး အသင်းနဲ့ ရာသီကြိုပြင်ဆင်မှုတွေ လုပ်နေတဲ့ ပြည့်ဖြိုးဦးက ပရို စတင်ချိန်ကတည်းက ကစားခဲ့အသင်းကနေ ထုတ်ပယ်ခံခဲ့ရလို့ အတိုင်းမသိ စိတ်ထိခိုက်ရပေမယ့် တစ် ဖက်ကလည်း မြန်မာပြည်ရဲ့ အကောင်းဆုံးအသင်းကို ကိုယ်စားပြုရတော့မှာဖြစ်လို့ ကျေနပ်တယ်လို့ သူရဲ့ခံစားချက်ကို ထုတ်ပြောခဲ့ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ရာသီက ဧရာဝတီယူနိုက်တက်အသင်းမှာ လက်တွဲခဲ့တဲ့ ဂိုးနည်းပြဦးဝင်းနိုင်လည်း ရန်ကုန်ယူနိုက်တက်အသင်းမှ ရောက်နေပြီဖြစ်လို့ သူ့ရဲ့ဆရာ ဟောင်းနဲ့ ပြန်လက်တွဲရမယ့် အပေါ်မှာလည်း ၀မ်းသာမိတယ်လို့ ပြည့်ဖြိုးဦးက ဆိုပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြည့်ဖြိုးဦးကို ခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းရဲ့လက်ရှိလူစာရင်းမှာ နိုင်ဇေယျာထွန်း အောင်ဝေဖြိုး၊ တေဇာအောင်တို့နဲ့ ဂိုးသမားလေးဦးအထိ ရှိနေပြီဖြစ်ပါတယ်။ အသင်း ကြီးတစ်သင်းရဲ့ အင်္ဂါရပ်နဲ့ညီအောင် နေရာတစ်ခုတည်းမှာ အပြိုင်အဆိုင် ကစားသမားတွေရှိဖို့ ဖွဲ့စည်း ထားတဲ့ အသင်းရဲ့ ဖွဲ့စည်းပုံကြောင့် နေရာတစ်နေရာရဖို့ ပြည့်ဖြိုးဦးအတွက် အပြင်းအထန် ကြိုးစားရဦး မှာပါ။

ပြည့်ဖြိုးဦးဟာ သူ့ရဲ့အနေအထိုင် အေးဆေးပုံကြောင့် အသင်းဟောင်း ဧရာဝတီယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသင်းသစ်ရန်ကုန်ယူနိုက်တက် ပရိသတ် တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေကိုလည်း လိုလားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧရာဝတီယူနိုက်တက် နဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်ရခဲ့စဉ်ကလို မှတ်တမ်းမျိုး လက်ရှိရန်ကုန်အသင်းလည်း ရယူဖို့ ဖြစ်လာနိုင် ကြောင်းနဲ့ ရန်ကုန်ယူနိုက်တက်ရဲ့ လက်ရှိကစားသမားစာရင်းက ရှုံးပွဲမရှိစံချိန်တင်အသင်း နောက်တစ် သင်းဖြစ်လာနိုင်စရာရှိကြောင်း သူကပြောပါတယ်။

သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အဖြစ် ယူ-၁၇၊ ယူ-၂၀ တို့နဲ့အတူ ပြည်ပပြိုင်ပွဲတွေ ထွက်ကစားခဲ့ ဖူးတဲ့ ပြည့်ဖြိုးဦးဟာ သူရဲ့မျှော်လင့်ချက်ဖြစ်တဲ့ လက်ရွေးစင်အသင်းကြီးရဲ့ တံခါးပေါက်ကို ခေါက်နိုင်ဖို့ အသင်းသစ် ရန်ကုန်ယူနိုက်တက်မှာ ပွဲထွက်ခွင့် မဖြစ်မနေရဖို့ကလည်း အရေးကြီးလှပါတယ်။

သုံးနှစ်ဆက် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှာ ပြည့်ဖြိုးဦး ပထမဆုံး ရင် ဆိုင်ရမှာက ပုံမှန်ပွဲထွက် ဂိုးသမားနေရာအတွက် ဖြစ်ပြီး၊ ဒုတိယအနေနဲ့ လက်ရှိချန်ပီယံဆိုတဲ့ အသင်း ရဲ့ဂုဏ်ပုဒ်ကို ကာကွယ်ပေးရမှာပါ။ အဲဒီကမှတစ်ဆင့် သူမျှော်လင့်နေတဲ့ လက်ရွေးစင်အသင်းရဲ့ တံခါး ပေါက်ကို ခေါက်နိုင်ဖို့ တစ်ဆင့်တက်ကြိုးစားရမှာပါ။ လက်ရှိမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြို ပြင်ဆင်မှုအဖြစ် ငွေဆောင်ကမ်းခြေမှာ လေ့ကျင့်ရေးဆင်းနေတဲ့ လူငယ်ဂိုးသမား ပြည့်ဖြိုးဦး တစ်ယောက် လက်ရှိ မြန်မာပြည် ချန်ပီယံအသင်းမှာ ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ