ဆန်ခါတင် ခုနစ်ကားနဲ့ အကယ်ဒမီပွဲကြီး ဘယ်သူတွေ ပျော်ကြရမှာလဲ

မနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲတွင် ဆုလက်ခံအပြီး ၀မ်းသာပျော်ရွှင်နေတဲ့ မယ်လိုဒီကို တွေ့ရစဉ်။ လွင်ကိုတိတ်/မြန်မာတိုင်း(မ်)
ဒီဇင်ဘာ ၂၉ ရက် သုဝဏ္ဏအားကစားရုံမှာ အကယ်ဒမီပွဲကြီး ကျင်းပမယ်ဆိုတာ သေချာသွားပြီဆိုတော့ တစ်ချိန်လုံး သွေးအေးနေတယ်လို့ ထင်ရတဲ့ ရုပ်ရှင်ပရိသတ်တွေလည်း နည်းနည်းတော့
လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ။

ကာယကံရှင်တွေဖြစ်တဲ့ အနုပညာရှင်တွေလည်း သူ့ထက်ငါ အလှဆုံး ပွဲတက်ဖို့ ပြင်ဆင်နေကြရင်း
က တစ်ပေးခံရ သူကတော့ ရင်ခုန်နှုန်းတွေ ပိုလို့မြန်ဆန်နေလောက်ကြပါပြီ။

၂၀၁၂ ခုနှစ်တွင်းမှာ ရုံတင်ခဲ့တာ စုစုပေါင်း ၁၇ ကားဖြစ်ပြီး ထုံးစံအတိုင်း ဟာသကားတွေက
တစ်ဝက်မက ပါဝင်တာပါ။

ဒါပေမဲ့ ထူးခြားမှုတစ်ခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ရုံတင်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြန့်ကြာ
နေခဲ့ရတဲ့ 'ကယန်းအလှ' နဲ့ 'မော်ကင်းဥဒါန်း' ဇာတ်ကားနှစ်ကားဟာ ဒီနှစ် စာရင်းထဲမှာ ပါဝင်နိုင်
တာပဲ ဖြစ်ပါတယ်။

ပိုပြီးတော့ ထူးခြားတာကတော့ အဲဒီကားတွေဟာ နိုင်ငံတွင်းက တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်
ပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး နောက်ဆုံးဆန်ခါတင်ဇာတ်ကား ခုနစ်ကားစာရင်းထဲမှာလည်း
ပါဝင်နေ ပြန်တာပဲဖြစ်ပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်ဟာ သူကိုယ်တိုင်ထုတ်လုပ်ထားတဲ့ သူ့ရဲ့ 'ကယန်းအလှ'ဇာတ်ကား
ထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေ တစ်ဦးတစ်ယောက်ကိုမှ ထည့်သွင်းအသုံးမပြုဘဲ ကယန်း
တိုင်းရင်းသားတွေနဲ့သာ အဓိကရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ကြေးပတ်သူများကို ရှမ်းဘာသာစကားအရ ပဒေါင် လို့ခေါ်တဲ့ ကယန်းတိုင်းရင်းသားတွေဟာ
အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဆီ ရောက်ရှိကုန်တာကြောင့် မြန်မာနိုင်ငံတွင်းမှာ လူမျိုးတုံး
လုနီးပါး ဖြစ်နေတဲ့အကြောင်းကို ရိုက်ကူးတင်ပြထားတာမို့ ဇာတ်လမ်းဟာ အနှစ်သာရရှိသလို
စက်မှုပိုင်းဆိုင်ရာ ဇာတ်ကားအရည်အသွေးဟာလည်း တခြား မြန်မာဇာတ်ကားတွေထက် အဆ
ပေါင်းများစွာ သာလွန်နေပါတယ်။

'မော်ကင်းဥဒါန်း' ကိုတော့ လပ်ကီး ဆဲဗင်းကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝေမှိုင်းညိုက
ကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဆလုံတိုင်းရင်းသားတွေရဲ့ ဘ၀နဲ့ လူနေမှုစရိုက်တွေကို ပုံဖော်ထားတာကြာင့် ရိုက်ကွင်းကိုလည်း
တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုရှိ ကျွန်းတွေမှာ အခြေပြုပြီးဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အဓိကသရုပ်ဆောင်တွေအဖြစ် ညွန့်ဝင်း၊ ကျော်ဟိန်း၊ လူမင်း၊ နိုင်းနိုင်း၊ သူထူးစံ၊ ဗျိုက်နဲ့ နန္ဒာလှိုင်
တို့ ပါဝင်ထားကြပြီး ဒေသခံတွေနဲ့ တစ်သားတည်း ဖြစ်နေတဲ့ သရုပ်ဆောင်ဟန်နဲ့ ၀တ်စား
ဆင်ယင်မှုတွေကြောင့် သာမန် ချစ်ကွဲညားဇာတ်ကားတွေထက် ထူးခြားတဲ့ ဇာတ်ကားတစ်ကားပဲ
ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ရုံတင်ပြသနိုင်ဖို့ ရှစ်နှစ်ကျော်၊ ကိုးနှစ်နီးပါးလောက် ကြန့်ကြာခဲ့ရကာ နောက်ဆုံး
အစိုးရသစ်လက်ထက်မှာ ရုံတင်နိုင်ခဲ့ပြီး အကယ်ဒမီဆန်ခါတင် ဇာတ်ကား စာရင်းထဲမှာ ပါဝင်နေ
ပေမယ့်လည်း ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝေမှိုင်းညို၊ တွဲဖက်ဒါရိုက်တာအဖြစ်နဲ့ တည်းဖြတ်ပိုင်းကို
တာဝန်ယူခဲ့သူ တာတီး၊ နောက် သရုပ်ဆောင် ဗျိုက် တို့မှာ ဘ၀တစ်ပါးကို ကူးပြောင်းသွားခဲ့ပြီ
ဖြစ်ပါတယ်။

ကျော်ဟိန်းကလည်း လူဝတ်ကြောင်ကို စွန့်သွားခဲ့ပြီဖြစ်သလို နန္ဒာလှိုင် ကလည်း အနုပညာ
အလုပ်တွေ မလုပ်တော့တာကြာခဲ့ပါပြီ။

ဒီဇာတ်ကားထဲက တစ်စုံတစ်ယောက်သာ ထူးချွန်ဆု ဆွတ်ခူးခဲ့မယ်ဆိုရင်တော့ အဖွဲ့သားတွေ
အားလုံး ၀မ်းနည်းဝမ်းသာဖြစ်ကြရမှာ သေချာပါတယ်။

ဆန်ခါတင်စာရင်းဝင်တဲ့ နောက်ထပ် ဇာတ်ကားနှစ်ကားကတော့ မိဘမေတ္တာကို ဖော်ကျူးရိုက်ကူး
ထားတဲ့ ဇာတ်ကားတွေဖြစ်တဲ့ 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ'နဲ့ 'မွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားတွေ
ဖြစ်ပြီး အဲဒီကားတွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ မင်းသမီး န၀ရတ်ကလည်း
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုရှင်ဖြစ်နိုင်သူအဖြစ် တစ်ပြေးနေပါတယ်။

အဲဒီနှစ်ကားစလုံးရဲ့ ထုတ်လုပ်သူကလည်း န၀ရတ်ပဲဖြစ်ပြီး ဒါရိုက်တာတွေကတော့ နေပိုင်နဲ့
ရွှေပြည်ကတုံး ပဲဖြစ်ပါတယ်။

'မွေခံထိုက်သူဖြစ်ပါစေ'မှာ န၀ရတ် ဟာ သူဌေးသမီးဘ၀နဲ့ သားပျောက်ကိုလိုက်ရှာတဲ့
သူတောင်းစားဘ၀ကို ပုံစံ နှစ်မျိုးနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပြီး တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ'
ဇာတ်ကားထဲမှာတော့ ရုပ်ဆင်တူပြီး စရိုက်မတူတဲ့ အမြွှာညီအစ်မအဖြစ် နှစ်ကိုယ်ခွဲ သရုပ်ဆောင်
ထားတာ ဖြစ်ပါတယ်။

နောက်တစ်ကားကတော့ ရိုက်ကူးစဉ်ကာလမှာ ထုတ်လုပ်သူနဲ့ ဒါရိုက်တာတို့အကြား ပဋိပက္ခတွေ
ဖြစ်ပွားခဲ့တဲ့ကြားက သရုပ်ဆောင်သစ် ဖွေးဖွေးကို ရွေးချယ်ပြီး ဖခင်အပေါ် နာကြည်းမုန်းတီးနေတဲ့
ဇာတ်ကောင်စရိုက်မျိုး ပေါ်လွင်အောင် လမ်းကြောင်းပေးနိုင်ခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းရဲ့ 'လက်ပံ'
ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားရုံတင်ချိန်မှာ "ဖွေးဖွေး သရုပ်ဆောင်တတ်တယ်"လို့ လူပြောများခဲ့တာကြောင့် ခုချိန်မှာ
ဖွေးဖွေးလည်း ရင်ခုန်နေ လောက်ပါပြီ။

ဆန်ခါတင်စာရင်းထဲမှာ တစ်ကားတည်းသာပါတဲ့ ဟာသဇာတ်ကားကတော့ 'ဥ' ဖြစ်ပြီး
အဲဒီဇာတ်ကားမှာ မွှေစိန်အရူးမအဖြစ် သရုပ်ဆောင်ထားတဲ့ ချောရတနာကလည်း ဇာတ်ပို့ဆု
အတွက် လူပြောများနေပြန်ပါတယ်။

ဒီကားက တေးရေး၊ တေးဆို အရိုးရဲ့ သီချင်းကို ဇာတ်လမ်းဖန်တီးပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)
က ရိုက်ကူးထားတာဖြစ်ပါတယ်။

ဟာသကားဆိုပေမယ့် လောဘတစ်ခုကြောင့် အရာများစွာပျက်စီးရပုံကို သင်ခန်းစာပေးထားတဲ့
ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ချမ်းသာ (ရွှေမန်းသဘင်)ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာကျော်ဇ ရိုက်ကူးထားတဲ့ 'အမုန်းမီးတောက်'
ဇာတ်ကားကတော့ အမုန်း၊ အာဃာတ၊ မာန်မာန တို့ အားပြိုင်မှုကနေ ရရှိတဲ့မကောင်းတဲ့ ရလဒ်ကို
မီးမောင်းထိုးပြထားတဲ့ ဒရာမာဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ခန့်စည်သူ၊ ဟိန်းဝေယံ၊ စိုးမြတ်သူဇာ၊ မေသန်းနု၊ စိုးပြည့်သဇင် စတဲ့နာမည် ကျော်သရုပ်ဆောင်
တွေ ပါဝင်ထားကြသလို အဲဒီကားနဲ့ ခန့်စည်သူ ဆုရနိုင်တယ်လို့ ပြောကြပေမယ့် သိပ်ကျယ်ကျယ်
လောင်လောင်ကြီးလည်း မဟုတ်ပြန်ပါဘူး။

ပြောရရင် ဒီနှစ်ဟာ တခြား နှစ်တွေနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး အသံတိတ်တဲ့ နှစ်လို့ပဲ သုံးသပ်
ရလိမ့်မယ်ထင်ပါတယ်။

တစ်စတစ်စနဲ့ ပွဲရက်နီးလာပေမယ့် တစ်ပေးခံရသူတွေ နာမည်ဟာလည်း သိပ်ပြီးတော့ ထွက်မလာ
ခဲ့တာကတော့ လူတွေ မြန်မာဇာတ်ကားတွေ အကြည့်နည်းလာတာကြောင့်များလားလို့လည်း
တွေးမိပါတယ်။

မနှစ်က ၂၀၁၁ ခုနှစ်အတွက် ထူးချွန် ဆုရွေးချယ်ရာမှာ အဆင့်သုံးဆင့်သတ်မှတ်ပြီး ရွေးချယ်ခဲ့
ပေမယ့် ၂၀၁၂ ခုနှစ်အတွက်ကိုတော့ အဆင့်နှစ်ဆင့်မှာပဲ အပြီးသတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒုတိယဆင့် အကဲဖြတ်အဖွဲ့ထဲပါဝင်တဲ့ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ ချစ်ဦးညိုကတော့ မြန်မာ့
ရုပ်ရှင်ဟာ အကျပိုင်းရောက်နေတဲ့အတွက် ဇာတ်ကားတွေကို ဆုအတွက် သုံးသပ်ရာမှာ သိပ်ပြီး
အားမရလှပါဘူးလို့ ဆိုပါတယ်။

"မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ အရည်အသွေးတွေက ပြောရရင်တော့ သိပ်ပြီးအားရစရာမရှိပါဘူး။
ဇာတ်ညွှန်းပဲဖြစ်ဖြစ်၊ ဇာတ်ကားပဲဖြစ်ဖြစ်၊ ဇာတ်ကောင်ကိုပဲဖြစ်ဖြစ် သုံးသပ်ရွေးချယ်ရာမှာ
သတ်မှတ်ထားတဲ့ စံနှုန်းတွေကို မမီရင်တော့ အဲဒီဆုအမျိုးအစားအတွက် မပေးရုံပါပဲ။
ဆုအရေအတွက် ပြည့်အောင်တော့ စဉ်းစားနေမှာ မဟုတ်ပါဘူး"လို့ ဆရာချစ်ဦးညိုက မချင့်မရဲ
ဆိုပါတယ်။

ဒီနှစ်မှာ ရှားရှားပါးပါးအသံထွက်နေတာကတော့ 'လက်ပံ' ဇာတ်ကားနဲ့ ဖွေးဖွေး၊ နောက်
'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' နဲ့ 'မွေခံထိုက်သူဖြစ်ပါစေ' ဇာတ်ကားနှစ်ကားလုံးမှာ အပြိုင်ကြဲထားတဲ့
န၀ရတ်တို့ဖြစ်ကြပြီး သူတို့ နှစ်ဦးထဲက တစ်ဦးပဲ အကောင်းဆုံး ဇာတ်ဆောင်ဆုရှင်အဖြစ်
ရွှေစင်ရုပ် ပိုက်နိုင်မလား၊ မျှော်လင့်မထားတဲ့ တခြားသူတစ်ဦးပဲ ဖြစ်သွားမလား၊ မဟုတ်ရင်လည်း
ဘယ်သူ့ကိုမှ မပေးလိုက်တဲ့ ပယ်ဆုဖြစ်သွားမလား ဆိုတာကတော့ ပွဲနေ့ကျမှ သိရှိရမှာပဲဖြစ်ပါ
တယ်။

"ဒီနှစ်မှာ ကျွန်တော်က ဇာတ်ညွှန်းနဲ့ ဇာတ်ကားရဲ့ အနုပညာအရည်အသွေးပိုင်းကို ကြည့်ရပါတယ်။
သရုပ်ဆောင်တွေရဲ့ အနုပညာ အားထုတ်မှုကို အားမရပါဘူး။ ဇာတ်ကောင်တွေရဲ့ အမူအရာတွေက
အပိုတွေ ဖြစ်နေတယ်။ သဘာဝမကျဘူး။ နင်းကန်ပြူးပြဲပြီး လုပ်ပြနေတာတွေ တွေ့ရတယ်"
လို့လည်း ဆရာချစ်ဦးညိုက ပြောပါတယ်။

နောက်ဆုံးဆင့် အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒါရိုက်တာ မောင်နှင်းမိုး ကတော့ ကိုယ်တိုင်လည်း
ဥက္ကဋ္ဌတာဝန်ယူပြီး ကြည့်ပေးရပေမယ့် ဘယ်ကားကနေ ရသွားနိုင်သလဲဆိုတာကိုတော့ ခုချိန်ထိ
ခန့်မှန်းလို့ မရသေးပါဘူးလို့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။

"အကယ်ဒမီရွေးချယ်ရာမှာ အဖွဲ့ ၀င်တွေက အများကြီးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်
အကြိုက်ချင်း မတူကြပါဘူး။ နောက်ဆုံးဆင့်မှာ အကြိုက်မတူတဲ့ အဖွဲ့ဝင်တွေထံက တက်လာတဲ့
အမှတ်တွေ စုပေါင်းပြီး အမှတ်အများဆုံးရတဲ့သူကို ပေးရတာဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက်နဲ့
ကျန်တဲ့ အဖွဲ့တွေက ဘယ်လိုပေးထားမှန်းမသိ တဲ့အခါ ပြောဖို့ခက်ပါတယ်။ အခုချိန်မှာ ဘယ်သူ
ရမယ်၊ ဘယ်နှဆုလဲဆိုတာ ခန့်မှန်းရခက်ပါတယ်"လို့လည်း ပြောပါတယ်။

ဆန်ခါတင် ခုနစ်ကားထဲမှာမှ ဇာတ်ကား မကောင်းလို့ ဒါရိုက်တာကို ပေးစရာမရှိရင်တောင်မှ အဲဒီ
ထဲက ဇာတ်ပို့၊ ဇာတ်ရံက အကယ်ဒမီဆုအတွက် ထိုက်တန်အောင် ကောင်းလွန်းနေတာမျိုး
တွေ့ရတာကြောင့် ဇာတ်ကားအားလုံးကို အခေါက်ခေါက်အခါခါ ကြည့်ရတယ်လို့လည်း
မောင်နှင်းမိုးက ပြောပါတယ်။

"ဒီနှစ်မှာ အားရစရာကောင်းတဲ့ ဇာတ်ကား ပါပါတယ်။ တစ်ကားတည်းကပဲ အားလုံး ရချင်ရသွား
နိုင်သလို ဆုတစ်ဆုတည်းပဲလည်း ရချင်ရ သွားနိုင်တယ်။ အဲဒီခုနှကားကို အနည်းဆုံး မကြည့်ဘူး
ဆိုရင်တောင် တစ်ကားကို လေးကြိမ်၊ ငါးကြိမ်လောက် ကြည့်တယ်"လို့လည်း သူကပြောပါတယ်။

ဒုတိယအဆင့်ရဲ့ အကဲဖြတ်ဒိုင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်လေးသိမ့်ကတော့ ဆန်ခါတင်စာရင်းထဲက
တချို့ဇာတ် ကားတွေဟာ နိုင်ငံတကာက ဆုတွေ ရထားပြီးပေမယ့် အဲဒီအတွက်ကြောင့် ဆုပေးဖို့
ထူးခြားပြီး အခွင့်အရေးပေးမှာ မဟုတ်ပါဘူးလို့ဆိုပါတယ်။

"နိုင်ငံခြားမှာ ဆုရတိုင်း၊ သွားပြတိုင်းလည်း ပိုပြီးအခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ
သွားမပြပေမယ့်လည်း တကယ်ကောင်းတဲ့ ဇာတ်ကားတွေကလည်း ရှိနေသေးတော့ အကုန်လုံးကို
သူတို့ရဲ့ အနုပညာကြိုးပမ်းအားထုတ်မှုနဲ့ အရည်အသွေးတို့အပေါ်မှာပဲ အကဲဖြတ်ပါတယ်" လို့
ပြောပါတယ်။

ဒီနှစ် ဆန်ခါတင် ဇာတ်ကားအများစုဟာ ပြည်ပနိုင်ငံတွေမှာ နည်းပညာနဲ့ ကားကူး၊ ကားဆက်တွေ
ပြုလုပ်ထားတဲ့ ဇာတ်ကားတွေ ပါဝင်ပေမယ့် အကဲဖြတ်တဲ့အခါမှာ အနုပညာအရည်အသွေးကိုပဲ
ဦးစားပေးပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါသေးတယ်။

"အကယ်ဒမီဆုဆိုတာက ထူးချွန်တဲ့ အနုပညာအရည်အသွေးကို အဓိကကြည့်ပြီး ပေးတဲ့ဆုပေါ့
နော်။ အခုနှစ်မှာက နိုင်ငံတကာက နည်းပညာပိုင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ကားတွေ ပါတယ်
ဆိုပေမယ့် အဲဒါက ရုပ်သံကြည်လင်တယ် ဆိုတာလောက်ပဲပေါ့။ ကျန်တဲ့ အနုပညာပိုင်းတွေ
ကျတော့ အနုပညာ အရည်အသွေးကိုပဲ ကြည့်ပြီး ဆုံးဖြတ်ရတာပါ"လို့ ဒေါ်ခင်လေးသိမ့် က
ပြောပါတယ်။

ဇွန်ပန်းပွင့်နှင့် လွင်မာထွန်း  - မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ