ရုရှားက တော်လှန်သော Punk မိန်းကလေးများ၏ Pussy Riot

ဓာတ်ဆီဆိုင် တစ်ဆိုင်၏ ခေါင်မိုးပေါ်တွင် ဖြစ်သည်။ ရောင်စုံ မျက်နှာဖုံး ခေါင်းစွပ်များ စွပ်ထားသည့် မိန်းကလေး အုပ်စုတစ်စုက ဂီတတူရိယာများကို တပ်ဆင်လိုက်သည်။

အီလက်ထရို ဘေ့စ်သံများ စည်းချက်မြန်မြန် အသံထွက်လာပြီး ပေါက်ကွဲစွာ အာခေါင်ခြစ်အော် လိုက်သည့် ပန့်ခ်ဂီတသံက ဝုန်းဒိုင်းပေါက်ကွဲ ထွက်လာသည်။

စာသားများက ရုရှား၏ ရေနံ သယံဇာတဖြင့် အမြတ်ရနေသော လုပ်ငန်းရှင်ကြီးများကို ပြစ်တင် ပြောဆိုထားကြသည်။ ပန့်ခ်ဂီတ၏ ဆူညံ ပေါက်ကွဲမှုနှင့်အတူ အနီးအနား လူအုပ်က မထင်မှတ်သည့် ဂီတဖျော်ဖြေ တင်ဆက်မှုကို လာရောက် ကြည့်ရှုကြသည်။ သီဆို တီးခတ်သူ အဖွဲ့ဝင်များအားလုံး မိန်းကလေးများ ဖြစ်ကြသည်။

သူတို့က ရုရှားအာဏာရ အစိုးရကို ဂီတဖြင့် ဝေဖန် တိုက်ခိုက်ကြသည့် Pussy Riot ပန့်ခ်အဖွဲ့။ Riot ဆိုသည့် နာမည်နှင့် လိုက်အောင်ပင် စာသားတွေ ဖျော်ဖြေမှု ပုံစံတွေက အဓိကရုဏ်း တစ်ခုအလား ပေါက်ပေါက်ကွဲကွဲ။

Pussy Riot သည် ရုရှားနိုင်ငံ မြို့တော် မော်စကို အခြေစိုက် ပန့်ခ်ရော့ခ် အမျိုးသမီး ဂီတအဖွဲ့ ဖြစ်သည်။ အမျိုးသမီးများ အခွင့်အရေးကို ကျယ်ကျယ်လောင်လောင် ပြောဆိုကြသည်။ အစိုးရကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြသည်။

၂၀၁၁ ခုနှစ် သြဂုတ်လက တည်ထောင်ထားခြင်း ဖြစ်သည်။ အဖွဲ့ဝင်တွေကတော့ အပြောင်းအလဲတွေ ရှိခဲ့တာမို့ စုစုပေါင်း ၁၁ ယောက် ရှိသည်။ အသက် ၂၀ မှသည် ၃၃ နှစ်အထိ ပါသည်။

သူတို့ မည်သူမည်ဝါ ဆိုသည်ကို ယခင်က လုံးဝထုတ်ဖော်မပြော။ ရောင်စုံခေါင်းစွပ် မျက်နှာဖုံးများနှင့် အနုပညာ နာမည်များကိုသာ သုံး၍ အင်တာဗျူးများကို လက်ခံ ဖြေကြားကြသည်။

သူတို့၏ တင်ဆက်ပုံမျိုးက သာမန်စတိတ်ရှိုး တင်ဆက်ပုံများထက် ထူးခြားသည်။ ရုတ်တရက် မထင်မှတ်သော နေရာများတွင် ပေါ်ထွက် လာပြီး ဖျော်ဖြေကြကာ ထိုတင်ဆက်မှုများကို ဗီဒီယို မှတ်တမ်း တင်ထားပြီး ဂီတဗီဒီယို MTV များအဖြစ် ထွက်ပေါ်လာသည်။ အင်တာနက် အသုံးပြုသူများ အကြားလည်း နာမည်ရလာသည်။

သူတို့ စာသားတွေက အစိုးရ ပေါ်လစီများကို ဝေဖန်သည်။ အမျိုးသမီး အခွင့်အရေးကိစ္စ၊ ကျားမကိစ္စ၊ လိင်တူ ကိစ္စတွေကို ဆော်သြသည်။ ခေါင်းဆောင် ဗလာတီမာပူတင်ကို အာဏာရှင်အဖြစ် သရုပ်ဖော်သည်။

၂၀၁၂ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖြစ်သည်။ မော်စကို အော့သိုဒေါ့ ဘုရားရှိခိုး ကျောင်းကြီးတွင် Pussy Riot ငါးဦး စုဝေးပြီး ဖျော်ဖြေမှုတစ်ရပ် ပြုလုပ်ကြသည်။ ဘုရားကျောင်း လုံခြုံရေးများက လာပြီး တားဆီးကြသည်။ ညနေရောက်တော့ သူတို့ MTV ထွက်လာသည်။

Punk Prayer- Mother of God ပူတင်ကို မောင်းထုတ်ကြဆိုသည့် နာမည်ဖြင့် သီချင်းဖြစ်သည်။ ရုရှား အော်သိုဒေါ့ ခရစ်ယာန် ကျောင်းတော်က ပူတင်အစိုးရကို ထောက်ခံနေခြင်းအား ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ မတ်လ ၃ ရက်နေ့တွင် အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် နာဒက်ဇ်ဒါ တိုလိုကိုနီကိုဗာနှင့် မာရီယာ အယ်ယိုခီနာတို့ အဖမ်းခံရသည်။ ဆူပူလှုံ့ဆော် ညစ်နွမ်းစေမှု ဖြစ်သည်။ တတိယ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယီကက်ထရီနာ ဆာမက်စီဗစ်ခ်ျက မတ်လ ၁၆ ရက်နေ့တွင် အဖမ်းခံရသည်။ အာမခံမရဘဲ အချုပ်ခံထားရပြီးနောက် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသည်။

ကျန်အဖွဲ့ဝင် နှစ်ဦးကတော့ အဖမ်းခံရမည် စိုးသဖြင့် ရုရှားမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့တွင်တော့ ဆာမက်စီဗစ်ခ်ျ၏ အယူခံကို လက်ခံလိုက်ပြီး ခံဝန်ချုပ်ဖြင့် ပြန်လွှတ် ပေးလိုက်သည်။

သူ့ကို အမိန့်ချထားမှုကိုတော့ ရွှေ့ဆိုင်း ပေးထားသည်။ ကျန်နှစ်ဦးကတော့ ထောင်သို့ ပို့ခံရကာ အကျဉ်းထောင်ချင်းလည်း မတူကြပေ။

အဖွဲ့ဝင်များ အဖမ်းခံရခြင်းသည် ပူတင်နှင့် အော့သိုဒေါ့ ဘုရားကျောင်းတို့က လုပ်ဆောင်ခြင်း ဖြစ်သည်ဟု Pussy Riot က ဝေဖန်ထားသည်။

တရားရုံးက အဆိုပါ အနုပညာရှင်များအပေါ် စီရင်ချက်သည် နိုင်ငံရေးအရ အရောင်များ လွှမ်းလျက်ရှိ ပြီး ဥပဒေအရရော ကရုဏာ ညှာတာမှုနှင့်ပါ သွေဖည်နေသည်ဟု ရုရှား လူ့အခွင့်အရေး လှုပ်ရှားသူ ယူမီလာ အလက်ဇ်ဇီယီယာက ဝေဖန်ပြောဆိုခဲ့သည်။

ရုရှား အတိုက်အခံ အလက်ဇီနာဗယ်နီကတော့ Pussy Riot သည် ပြည်သူ့အတွက် အသေးအဖွဲ ပြစ်မှုလေးများကို ကျူးလွန်ကြသော အရူးမလေးများဟု သရုပ်ဖော် ပြောဆိုကြသည်။

ဥရောပသမဂ္ဂ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနများက ရုရှား တရားရုံးက ထိုအနုပညာရှင်များကို ထောင်ဒဏ် ချမှတ်လိုက်ခြင်းမှာ မသင့်လျော်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
သမ္မတအိုဘားမား ကိုယ်တိုင်က အဆိုပါ ပြစ်ဒဏ် ချမှုကြောင့် စိတ်ပျက်မိတယ်လို့ ဝေဖန်ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်၏ ဥရောပ ခရီးစဉ်များတွင်လည်း အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက Pussy Riot အမှုအခင်းအတွက် ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။

ရုရှား ပြည်တွင်းတွင်တော့ အမြင်အမျိုးမျိုး ကွဲလျက်ရှိသည်။ အများစုက Pussy Riot သည် ဘာသာရေးကို မထေမဲ့မြင် လုပ်ခဲ့ကြသည်ဟု မြင်ကြပြီး ဆူပူအောင် လှုံ့ဆော်သူများဟု ယူဆသူများလည်း ရှိကာ ပူတင်ကို မလိုလားသည့် တက်ကြွ လှုပ်ရှားသူများဟု မြင်သူများလည်း ရှိကြသည်။

အဖွဲ့ဝင်များ အချင်းချင်းတွင်လည်း အဖွဲ့ အမှတ်တံဆိပ်ဆိုင်ရာ ပြဿနာများ ကိုယ်စားပြုမှုဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု နီးစပ်သူများက ပြောကြားကြသည်။

ရုရှားနိုင်ငံကဲ့သို့ ကွန်မြူနစ် ထိန်းချုပ်မှုအောက်တွင် နှစ်ပေါင်း များစွာ နေခဲ့ရပြီး ကိုယ်ပိုင် ဖန်တီးမှု လွတ်လပ်စွာ ပြုလုပ်ခွင့် ဆိတ်သုဉ်းခဲ့သည့် နေရာတွင် Pussy Riot ၏ လှုပ်ရှားမှုက အငြင်းပွားဖွယ်ရာ ဖြစ်နေသေးသည်။

နိုင်ငံတကာ အနုပညာရှင်များ အထူးသဖြင့် Punk အနုပညာရှင် များကတော့ Pussy Riot ကို အပြတ်အသတ် ထောက်ခံကြသည်။

တာဝန်ခံမှု အပြည့်ဖြင့် လွတ်လပ်စွာ အနုပညာ ဖန်တီးခြင်း၊ လွတ်လပ်စွာ ဝေဖန်ခြင်းတို့သည် ဒီမိုကရေစီ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ယင်းလုပ်ရပ်များသည် အာဏာနှင့် ထိန်းချုပ်မှုတို့ကို လိုလားသူတို့နှင့် အမြဲတမ်း ဆန့်ကျင် သွေဖည်နေမည် ဖြစ်သည်။

(သန့်ဇင်စိုး) The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ