ပရီးမီးယားလိဂ် ချန်ပီယံလောင်း အသင်းများအကြောင်း မော်ရင်ဟိုသုံးသပ်

မော်ရင်ဟိုက မိမိ၏ ချယ်လ်ဆီးအသင်း အပါအဝင် လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နှင့် တော့တင်ဟမ် ဟော့စပါးတို့သည် ချန်ပီယံဆုအတွက် အားပြိုင်နိုင်ကြမည်ဟု ပြောဆို

ချယ်လ်ဆီးအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြေရှိသည့် အသင်း(၆)သင်း၏ အားသာချက်၊ အားနည်းချက်များကို မှတ်ချက်ပြု သုံးသပ်လိုက်သည်။ မော်ရင်ဟိုက မိမိ၏ ချယ်လ်ဆီးအသင်း အပါအဝင် လက်ရှိချန်ပီယံ မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နှင့် တော့တင်ဟမ် ဟော့စပါးတို့သည် ချန်ပီယံဆုအတွက် အားပြိုင်နိုင်ကြမည်ဟု ပြောဆိုခဲ့သည်။

ယူနိုက်တက် အနေဖြင့် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ရုန်းကန်နေရသော်လည်း ချန်ပီယံလောင်း စာရင်းမှ ဖယ်ရှား၍ မရနိုင်ဟု မော်ရင်ဟိုက ယုံကြည်ထားသည်။ "အသင်းအားလုံးထဲမှာတော့ လူစာရင်း အတောင့်ဆုံးက စီးတီးဖြစ်လိမ့်မယ်။ သူတို့ရဲ့ စုဖွဲ့မှုကတော့ မယုံနိုင်စရာပါ။ ယူနိုက်တက်ကတော့ ယူနိုက်တက်ပါပဲ။ သူတို့ရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းတွေကြောင့် ချန်ပီယံလောင်း စာရင်းက ဘယ်တော့မှ ဖယ်ထုတ်လို့မရတဲ့ အသင်းမျိုးပေါ့"ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။

၎င်းက "တော့တင်ဟမ် ဟော့စပါးကတော့ နွေရာသီမှာ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တယ်။ ခုဆိုရင် သူတို့ဟာ အင်အားတူညီတဲ့ အသင်း(၂)သင်းကို တစ်ပြိုင်တည်း ခင်းကျင်းလို့ ရနေပြီ။ အာဆင်နယ်ကတော့ တည်ငြိမ်မှု ပျက်မသွားတဲ့အပြင် မီဆွတ်အိုဇေးလ်လို ကစားသမားကောင်း တစ်ယောက်ကို ပေါင်းစပ်နိုင်ခဲ့တယ်။ ဒါက သူတို့အတွက် အပြောင်းအလဲတွေကို ဘာမဆို မျှော်လင့်နိုင်ခွင့် ရှိလာစေလိမ့်မယ်"ဟုလည်း ဆိုသည်။ မော်ရင်ဟိုက လီဗာပူးလ် တစ်သင်းမှာမူ ကျန်(၅)သင်းလောက် လူအင်အား မတောင့်တင်းဟု သုံးသပ်ခဲ့သည်။ "အရင်းအမြစ် အားအနည်းဆုံးက လီဗာပူးလ်ပဲ။ သူတို့လူစာရင်းက အရမ်းတောင့်တင်းတဲ့ အခြေအနေမှာ မရှိဘူး။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့ဟာ ဥရောပပွဲ ကစားစရာ မလိုတဲ့အသင်း ဖြစ်နေတယ်။ ဒီအတွက် လေ့ကျင့်ချိန် ပိုများသလို တခြားပြိုင်ဘက်တွေထက် အနားရတာက အားသာချက် တစ်ခု ဖြစ်နိုင်ပါတယ်"ဟု မော်ရင်ဟိုက ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ