မယ်စကြ၀ဠာပြိုင်ပွဲ မြန်မာကိုယ်စားပြုယှဉ်ပြိုင်ခွင့် မိုးစက်ဝိုင်ရရှိ

မယ်စကြဝဠာပြိုင်ပွဲသို့ နှစ်ပေါင်း(၅၀)ကျော်အတွင်း မြန်မာကိုယ်စားပြု ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်သော ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အရွယ် မိုးစက်ဝိုင်ကို Miss Universe Myanamr ဆွတ်ခူးပြီး တွေ့ရစဉ်။ ယခုပြိုင်ပွဲမှာ ဆယ်စုနှစ် ငါးခုကျော်ကြာတွင် ပရိသတ်ရှေ့မှောက် စင်မြင့်ထက်၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်သည့် ပထမဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day Daily

Miss Universe Myanmar 2013 ဆုကို ပရိသတ်အများစု ကြိုတင်ထင်ကြေးပေးထားသည့်အတိုင်း အသက်(၂၅) နှစ်အရွယ် ပြိုင်ပွဲဝင် ခါးနံပါတ် (၁၆) မိုးစက်ဝိုင်က ဆွတ်ခူးသွားသည်။

နှစ်ပေါင်း ငါးဆယ်ကျော် ကြာပြီးနောက် မယ်စကြ၀ဠာပြိုင်ပွဲ (Miss Universe) သို့ မြန်မာအနေဖြင့် ပြန်လည်ဝင်ပြိုင်ခွင့်ရခဲ့ပြီး ပထမဆုံးကျင်းပသည့်ပြိုင်ပွဲဖြစ်ကာ ပရိသတ်ရှေ့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံဖြင့် ပထမဆုံးယှဉ်ပြိုင်သည့် ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည့် ပြိုင်ပွဲ ဖြစ်သည်။

ဆုရရှိသွားသော မိုးစက်ဝိုင်သည် Miss Universe Myanmar 2013 အဖြစ် ရွေးချယ်ခံခဲ့ရသောကြောင့် နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မိုးစက်ဝိုင်သည် အမေရိကန်နိုင်ငံ California Lutheran တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာဘွဲ့ ရရှိထားသူဖြစ်ပြီး အမေရိကန်နိုင်ငံ ကုမ္ပဏီတစ်ခုတွင် တစ်နှစ်တာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Miss Universe Myanmar ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက် ညက အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ဆန်ခါတင် ၂၀ ဦးအနက်မှ ဆုရရှိသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုမှ ရမှတ် ၇၀ ရာခိုင်နှုန်း ယူခဲ့ပြီး နောက်ဆုံးပြိုင်ပွဲမှ ရမှတ် ၃၀ ရာခိုင်နှုန်းကို ရယူခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူများထံမှ သိရသည်။

Miss Universe Myanmar သည် ကမ္ဘာ့အဆင့် မယ်စကြ၀ဠာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်ကို ရွေးချယ်သည့်ပွဲဖြစ်သော်လည်း နောက်ဆုံးဆန်ခါတင်ငါးဦးအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာတွင် မြန်မာလိုမေးကာ မြန်မာလိုပင် ပြန်လည်ဖြေကြားစေခဲ့သည်ကို တွေ့ရသည်။ မေးခွန်းများ မေးမြန်းမှုကို ဖြေဆိုရာတွင်လည်း ဖြေကြားမှုအချို့ကို ပရိသတ်များက အားမလိုအားမရဖြစ်ခဲ့သည်။

မိုးစက်ဝိုင်သည် Miss Universe Myanmar ဆု ရရှိခဲ့သောကြောင့် ဆုငွေကျပ်သိန်းတစ်ရာ၊ ဟွန်ဒါဖစ်ကားတစ်စီးနှင့် ကျပ်သိန်းနှစ်ဆယ်တန် စိန်သရဖူတို့ ရရှိခဲ့သည်။ ဒုတိယဆုကို အသက် ၁၉ နှစ်အရွယ် ဆေးကျောင်းသူဖြစ်သည့် ခါးနံပါတ်(၄) အေးချမ်းမိုးနှင့် တတိယဆုကို အသက် ၂၃ နှစ်အရွယ် အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့နှင့် ဗြိတိန်နိုင်ငံ Bolton တက္ကသိုလ်မှ MBAဘွဲ့ ရရှိထားသော ခါးနံပါတ် (၁၅) မြတ်နှင်းဖြူတို့ကရရှိခဲ့ပြီး အခြားဆုများလည်း အသီးသီး ချီးမြှင့်ခဲ့သည်။
မိုးစက်ဝိုင်သည် ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်နှင့် M188 တို့မှ ပရိသတ်များပေးသည့် Voting အများဆုံးရရှိခဲ့သောကြောင့် Miss Famous ဆုနှင့် Miss Healthy Skin ဆုများလည်း ရရှိခဲ့သည်။

aအာက်တိုဘာ ၃ ရက် ညတွင် ပြုလုပ်ခဲ့သော Miss Universe Myanmar 2013 ၏ နောက်ဆုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုခဲ့သော ပရိသတ်အများစုကလည်း မိုးစက်ဝိုင် ဆုရရှိခဲ့သည့်အပေါ် နိုင်ငံတကာတွင် သွားရောက်ယှဉ်ပြိုင်မည့်သူတစ်ဦးအနေဖြင့် အရည်အချင်းပြည့်စုံသူဖြစ်သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံသည် Miss Universe ပြိုင်ပွဲသို့ ၁၉၅၉၊ ၁၉၆၀နှင့်၁၉၆၁ ခုနှစ်တို့တွင် မြန်မာနိုင်ငံကိုယ်စားပြုမယ်များ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ခဲ့သော ဒေါ်မြင့်မြင့်မေက Miss Universe ပြိုင်ပွဲတွင် Miss Congeniality ဆု ရရှိခဲ့သည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ