ရဲအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

လက်တွန်းလှည်းဖြင့် ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ လူငယ်တစ်ဦးကို ရဲအယောင်ဆောင်ကာ ငွေလိမ်လည် ယူဆောင်မှုတစ်ခု ဒဂုံမြို့နယ် ရွှေတိဂုံ ဘုရားလမ်းပေါ် ပန်တျာလမ်းထောင့်တွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

စမ်းချောင်းမြို့နယ် ဝေဠုဝန် တောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ ကိုမိုးထက်အောင်က “ရွှေတိဂုံ ဘုရားလမ်းအတိုင်း ၎င်း၏လက်တွန်း လှည်းကို တွန်းလာစဉ် ၎င်း၏နောက်မှ စက်ဘီးစီးလာသူ အသက် ၃၀ နှစ် အရွယ်ခန့်ရှိ နက်ပြာရောင် ဘောင်းဘီရှည်နှင့် တီရှပ်အင်္ကျီတွဲ၍ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး လိုက်လာကြောင်း၊ ထိုအမျိုးသားက ရဲဝန်ထမ်းယောင် ဆောင်၍ တွန်းလှည်းကို ရပ်တန့်ခိုင်းပြီး “မင်းတွန်းလှည်းမှာ လိုင်စင်ရှိလား။ မင်းကို လက်ထိတ်ခတ်လို့ ရတယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ငွေလိမ်လည် ရယူခဲ့ခြင်း ဖြစ်ကြောင်း ကိုမိုးထက်အောင်၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းရဲတပ်ဖွဲ့ဝင်ဟုဆိုသူက စက်ဘီးခြင်းအတွင်းရှိ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ရဲတံဆိပ်ပါ ယူနီဖောင်းအင်္ကျီကို ထုတ်ပြခဲ့ပြီးနောက် ၆၉၀၀၀ ကျပ်ပါသည့် ပိုက်ဆံအိတ်ကို ယူဆောင်ကာ ရဲစခန်းသို့ လိုက်လာခဲ့ရန် ပြောဆိုခဲ့ပြီး စက်ဘီးဖြင့် ရွှေတိဂုံ ဘုရားလမ်းအတိုင်း ထွက်ခွာခဲ့ကြောင်း၊ ငွေတောင်းခံရသူက ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူကို ဒဂုံမြို့နယ်ရဲစခန်းသို့ သွားရောက် စုံစမ်းရာ ရဲအစစ်အမှန် မဟုတ်သည်ကို သိရှိရပြီးနောက် ဒဂုံရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူမှာ ဆံပင်တို၍ မျက်နှာသွယ်လျကာ အရပ်အမောင်း ငါးပေခုနစ်လက်မခန့် ရှိကြောင်း၊ အသားအရောင်လတ်ကာ ခန္ဓာကိုယ်သည် အသင့်အတင့် ရှိကြောင်း အမှုဖွင့် တိုင်ကြားသူ ကိုမိုးထက်အောင်၏ တိုင်ကြားချက်များအရ သိရှိရသည်။

“လမ်းပေါ်မှာ မသင်္ကာစရာ လူတွေ့ရင် ရဲတစ်ယောက်အနေနဲ့ မေးမြန်းစစ်ဆေးပိုင်ခွင့် ရှိပေမယ့် ရဲအစစ်အမှန် ဆိုရင်တော့ တရားခံကို တစ်ပါတည်း စခန်းခေါ်လာရမှာ” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

ပြည်သူလူထုအနေနှင့် ရဲတပ်ဖွဲ့ဝင် အစစ်အမှန် ခွဲခြားနိုင်ရန် အသေးစိတ် မသိရှိနိုင်ကြောင်း၊ ရဲယူနီဖောင်း ဝတ်ဆင်ထားရုံနှင့် မပြည့်စုံဘဲ သတ်မှတ်ဝတ်စုံနှင့်တကွ ဖိနပ်၊ ဦးထုပ်၊ ညာဘက်ရင်အုံတွင် နာမည်ရင်ထိုးနှင့် ဘယ်ဘက်ရင်အုံတွင် လုပ်သက် ဖော်ပြထားသည့် တံဆိပ်များ အပြည့်အစုံပါရန် လိုအပ်ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သိန်းဝင်းက The Voice သို့ ပြောကြားသည်။

ရဲတပ်ဖွဲ့ ဝင်များတွင် တစ်ခါတစ်ရံ အရေးပေါ်ကြုံသည့်အခါ၌ သတ်မှတ်ထားသောပစ္စည်း အပြည့်အစုံ မပါရှိတတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်္ကျီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လက်မောင်းတံဆိပ်၏ အလယ်တွင် ကြယ်ပွင့် အမှတ်အသား ပါရှိကြောင်း ၎င်းကရှင်းပြသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ